မြန်မာနိုင်ငံတွင် တိုက်ပွဲများ အရှိန်မြင့်လာခြင်း အရေးပေါ်သတင်းအချက်အလက် အမှတ်စဉ် (၄)
အဓိကအချက်အလက်များ
- အောက်တိုဘာလနှောင်းပိုင်းမှစ၍ ရှမ်းပြည်နယ် မြောက် ပိုင်းတွင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ (EAOs) နှင့် မြန်မာ့တပ်မတော် (MAF) တို့အကြား ဖြစ်ပွားခဲ့သည့် တိုက်ပွဲသစ်များသည် ယခုအခါတွင် မြန်မာနိုင်ငံ အနောက် မြောက်ပိုင်း၊ အရှေ့တောင်ပိုင်းနှင့် ရခိုင်ပြည်နယ်အထိ ကျယ်ပြန့်လာခဲ့ပြီး၊ မြို့ပြဧရိယာ အများအပြားတို့သည်ပင် ပြင်းထန်သောတိုက်ပွဲများနှင့် လေကြောင်းတိုက်ခိုက်မှုဒဏ်ကြောင့် ထိခိုက်လျက်ရှိသည်။
- နိုဝင်ဘာလ ၁၄ ရက်နေ့အထိ အခြေအနေအရ၊ တိုက်ပွဲ ဖြစ်ပွားနေသည့် ပြည်နယ်နှင့် တိုင်းဒေသကြီးများတွင် လူဦးရေ ၂၀၀၀၀၀ ကျော် နေရပ်စွန့်ခွာ ထွက်ပြေးနေကြ ရပြီး၊ ရှမ်းပြည်နယ် မြောက်ပိုင်းတွင် လူအများအပြား သည် တရုတ်ပြည်သူ့သမ္မတနိုင်ငံ နယ်နိမိတ်ဆီသို့ ဦးတည် ရွေ့လျားနေကြသည်။
- MAF နှင့် ရက္ခိုင့်တပ်တော် (AA) တို့အကြားရှိ ၂၀၂၂ ခုနှစ် နိုဝင်ဘာလမှစတင်ခဲ့သည့် အပစ်အခတ်ရပ်စဲရေး အလွတ် သဘော သဘောတူညီချက်ကိုလည်း ဆက်လက်မထိန်း သိမ်းနိုင်တော့ဘဲ၊ နိုဝင်ဘာလ ၁၃ ရက်နေ့မှစ၍ ရသေ့တောင်မြို့နယ်တွင် တိုက်ပွဲများ ပြန်လည်ဖြစ်ပွား လာခဲ့သည်။
- ကယားပြည်နယ်ရှိ လွိုင်ကော်မြို့ပေါ်တွင် တိုက်ပွဲများ ဖြစ်ပွားနေရာ၊ လေကြောင်းမှဗုံးကြဲတိုက်ခိုက်မှုများလည်း ရှိနေပြီး၊ အရပ်သားများကို သေကြေပျက်စီးစေပါသည်။
- လိုအပ်ချက်များရှိနေသည့် ပြည်သူများထံသို့ အသက်ကယ်ဆယ်ရေးဝန်ဆောင်မှုများ ပေးအပ်ကူညီနေသည့် ကယ်ဆယ်ရေး လုပ်သားများနှင့် အရပ်သားပြည်သူများ၏ အသက်အန္တရာယ်ကာကွယ်စောင့်ရှောက်ရေးနှင့်ကောင်းမွန်စွာနေထိုင်နိုင်ရေးအတွက် တိုက်ပွဲများကို ရပ်တန့်ရန်နှင့် အကူအညီပေးရာတွင် ပါဝင်သူအားလုံးသို့ အတားအဆီးကင်းသော လူသားချင်းစာနာမှုဆိုင်ရာ ဝင်ရောက်ကူညီခွင့်များ ပေးအပ်ရန်အရေးကြီးပါသည်။
- တိုက်ပွဲဖြစ်ပွားနေသည့် မြို့နယ်များရှိ အဓိကသယ်ယူပို့ဆောင်ရေးလမ်းကြောင်းများကို MAF နှင့် EAOs နှစ်ဖက်လုံးက ပိတ်ဆို့ထား ကြသည့်အတွက် ပြည်သူများက ပိုမိုဘေးကင်းလုံခြုံရာနေရာများသို့ သွားလာရေးကိုလည်းကောင်း၊ လူသားချင်းစာနာမှု အကူအညီများ သွားရောက်ပေးအပ်ရေးကိုလည်းကောင်း အကန့်အသတ်ဖြစ်စေပါသည်။
- ပြည်နယ်အချို့ရှိ မြို့နယ်များတွင် စစ်အုပ်ချုပ်ရေးဥပဒေ ထုတ်ပြန်ထားသည်။
- လားရှိုးမြို့နယ်ပြင်ပတွင် ဆက်သွယ်ရေးဝန်ဆောင်မှုများ ဆက်လက်ပြတ်တောက်နေဆဲဖြစ်ပြီး၊ တိုက်ပွဲများဖြစ်ပွားနေသည့် အနောက်မြောက်ပိုင်းနှင့် အရှေ့တောင်ပိုင်းဒေသတို့ရှိ မြို့နယ်များတွင် ဆက်သွယ်ရေးဝန်ဆောင်မှုများကို အကန့်အသတ်ဖြင့်သာ ရရှိနေကြောင်း အစီရင်ခံထားပါသည်။ လားရှိုးလေဆိပ်နှင့် လွိုင်ကော်လေဆိပ်တို့ကို ပိတ်ထားဆဲဖြစ်သည်။
- လုံခြုံရေးစိတ်မချရခြင်းနှင့် သွားလာရေး၊ ဆက်သွယ်ရေးအခက်အခဲများရှိနေသည့်ကြားမှပင် ရှမ်းပြည်နယ်မြောက်ပိုင်းတွင် ဘေးဒဏ်သင့် ပြည်သူများသို့ မရှိမဖြစ်လိုအပ်သော လူသားချင်းစာနာမှုအကူအညီများကို တတ်နိုင်သမျှ ဆက်လက်ပေးအပ်နေသည်။ မြန်မာနိုင်ငံ အနောက်မြောက်ပိုင်း၊ အရှေ့တောင်ပိုင်းနှင့် ရခိုင်ပြည်နယ်ရှိ လူသားချင်းစာနာမှုဆိုင်ရာ မိတ်ဖက်အဖွဲ့များသည် သင့်လျော်သည့် တုံ့ပြန်ရေးလုပ်ငန်းများကို ဆောင်ရွက်နိုင်ရေးအတွက် လိုအပ်ချက်အသစ်များကို လေ့လာဆန်းစစ်နေကြသည်။ ပစ္စည်းများကို ကြိုတင်နေရာချထားခြင်းအပါအဝင် ကြိုတင်ပြင်ဆင်ရေးလုပ်ငန်းအမျိုးမျိုးတို့ကိုလည်း ဆောင်ရွက်နေကြသည်။
- ရှမ်းပြည်နယ်မြောက်ပိုင်းတွင် ပေါ်ထွက်လာနေသော လိုအပ်ချက်များကို တုံ့ပြန်ဆောင်ရွက်နေသူများအား ကူညီပေးရန်အတွက် ဒေသတွင်းရှိ ပါဝင်ဆောင်ရွက်သူများသို့ မြန်မာနိုင်ငံလူသားချင်းစာနာမှုရန်ပုံငွေမှ အမေရိကန်ဒေါ်လာတစ်သန်းကို ထုတ်ပေးလျက်ရှိ သည့်တိုင်၊ ယခုအခါ မြန်မာနိုင်ငံ အနောက်မြောက်ပိုင်း၊ အရှေ့တောင်ပိုင်းနှင့် ရခိုင်ပြည်နယ်တို့တွင်လည်း လိုအပ်ချက်များ မြင့်တက်လာပြီး၊ ချက်ချင်း တုံ့ပြန်ဆောင်ရွက်ရန် လိုအပ်လျက်ရှိပါသည်။ ၂၀၂၃ ခုနှစ် လူသားချင်းစာနာမှုဆိုင်ရာတုံ့ပြန်ရေး အစီအစဉ်အတွက်ပင် ရန်ပုံငွေလိုအပ်ချက်၏ ၂၈ ရာခိုင်နှုန်းကိုသာ ရရှိထားပြီး ရန်ပုံငွေထောက်ပံ့မှု အလွန်နည်းပါးသည့် ဤအခြေအနေတွင် အလှူရှင်များထံမှ ထပ်တိုးကူညီမှုများကို အဆောတလျင်လိုအပ်လျက်ရှိပါသည်။
အခြေအနေသုံးသပ်ချက်
အောက်တိုဘာလနှောင်းပိုင်းမှစ၍ မြန်မာ့တပ်မတော် (MAF) နှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ (EAOs) အကြားတွင် ဖြစ်ပွားခဲ့သည့် လက်နက်ကြီး ပစ်ခတ်မှုနှင့် လေကြောင်းတိုက်ခိုက်မှုများပါဝင်သော ပြင်းထန်သည့် ရင်ဆိုင်တိုက်ပွဲများသည် ကာလရှည်ကြာနေပြီဖြစ်ပြီး၊ ရှမ်းပြည်နယ်မြောက်ပိုင်းရှိ မြို့နယ်များစွာတို့တွင် တိုက်ပွဲများ ပြန့်နှံ့ဖြစ်ပွားနေပါသည်။ အသစ်တစ်ဖန်ဖြစ်ပွားသော ဤရင်ဆိုင်တိုက်ပွဲသည် ယခုအခါ မြန်မာနိုင်ငံ အနောက်မြောက်ပိုင်း၊ အရှေ့တောင်ပိုင်းနှင့် ရခိုင်ပြည်နယ်အထိ ကျယ်ပြန့်လာခဲ့သည်။ ကနဦးသတင်းပေးပို့ချက်များအရ ၂၀၂၃ ခုနှစ် အောက်တိုဘာလ ၂၆ ရက်နေ့မှစ၍ ရှမ်းပြည်နယ်မြောက်ပိုင်း၊ ရှမ်းပြည်နယ်တောင်ပိုင်း၊ ကယားပြည်နယ်၊ ရခိုင်ပြည်နယ်နှင့် ချင်းပြည်နယ်တို့တွင် အမျိုးသမီးများနှင့် ကလေးသူငယ်များအပါအဝင် အရပ်သား ၇၅ ဦးအသက်ဆုံးရှုံးခဲ့ပြီး၊ ၉၄ ဦးထိခိုက်ဒဏ်ရာရရှိထားသည်။ ထို့အပြင် ဤဒေသများတွင် တိုက်ပွဲများစတင်ဖြစ်ပွားချိန်မှစ၍ လူဦးရေ ၂၀၀၀၀၀ ကျော် နေရပ်စွန့်ခွာထွက်ပြေးခဲ့ရသည်။
ရှမ်းပြည်နယ်မြောက်ပိုင်းတစ်နေရာတည်းတွင်ပင် အနည်းဆုံး မြို့နယ် ၁၀ မြို့နယ်၌ တိုက်ပွဲများ ပြင်းထန်နေဆဲဖြစ်ရာ၊ အရပ်သား ၄၃ ဦး သေဆုံးပြီး၊ ၇၁ ဦးဒဏ်ရာရရှိခဲ့သဖြင့် အရပ်သားသေဆုံးမှုများ မြင့်တက်လာခဲ့သည်။ တိုက်ပွဲများစတင်ချိန်မှ နိုဝင်ဘာလ ၁၄ ရက်အထိ ကာလ အတွင်း မြို့နယ် ၁၂ မြို့နယ်တွင် နိုင်ငံတွင်းနေရပ်စွန့်ခွာရသူ (IDPs) အရေအတွက် ၆၀၀၀၀ ဦးအထိ မြင့်တက်လာခဲ့ပြီး၊ ဘာသာရေးနေရာများ၊ အိမ်ရှင်ရပ်ရွာများအပါအဝင် နေရာ ၁၀၀ ခန့်နှင့် တရုတ်-မြန်မာနယ်စပ်တစ်လျှောက်ရှိ တောတောင်များ၊ လယ်ကွင်းများထဲတွင် ခိုလှုံနေကြရ သည်။ IDPs များသည် ဘာသာရေးနေရာများတွင် ခိုလှုံရန် ကြိုးစားနေကြပြီး၊ တစ်ချိန်တည်းတွင် ဘာသာရေးနေရာများ၌ IDPs များကို လက်မခံရန်နှင့် နေရပ်ပြန်ရေးတိုက်တွန်းရန် ဖိအားပေးမှုများလည်း ရှိနေပါသည်။ ရှမ်းပြည်နယ်မြောက်ပိုင်းမှ ပြည်သူများသည် တရုတ် ပြည်သူ့သမ္မတနိုင်ငံသို့ နယ်စပ်ဖြတ်ကျော်ဝင်ရောက်သွားကြောင်း အစီရင်ခံချက်များ ရရှိထားပြီး၊ အရေအတွက် အတိအကျကို စိစစ်အတည်ပြု နေဆဲဖြစ်သည်။
ရှမ်းပြည်နယ်မြောက်ပိုင်းတွင် တိုက်ပွဲများဖြစ်ပွားနေစဉ်အတွင်း နိုဝင်ဘာလ ၁၂ ရက်နေ့တွင် သီပေါမြို့နယ်၊ မန္တလေး-လားရှိုးလမ်းမကြီးပေါ်ရှိ တံတားတစ်စင်းကို EAOs များက ဖောက်ခွဲဖျက်ဆီးခဲ့ကြောင်း အစီရင်ခံထားသည်။ အဓိကလမ်းမကြီးများကို နှစ်ဖက်လုံးက စစ်ဆေးရေးဂိတ်များဖြင့် ပိတ်ဆို့ထားဆဲဖြစ်ပြီး၊ လားရှိုးလေဆိပ်ကိုလည်း ပိတ်ထားကာ၊ လားရှိုးမြို့နယ်ပြင်ပတွင် မိုဘိုင်းဖုန်း ဆက်သွယ်ရေးဝန်ဆောင်မှုများ ပြတ်တောက်နေခြင်း၊ အကန့်အသတ်ဖြင့်သာ ရရှိခြင်းတို့ကို ကြုံတွေ့နေရသည်။ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ (SAC) က လားရှိုး၊ သိန္နီ၊ ကွတ်ခိုင်၊ နမ့်ခမ်း၊ မူဆယ်၊ လောက်ကိုင်၊ ကွမ်းလုံနှင့် ကုန်းကြမ်းမြို့နယ်တို့ပါဝင်သည့် မြို့နယ်များစွာတို့ကို စစ်အုပ်ချုပ်ရေးဥပဒေထုတ်ပြန်လိုက်ခြင်းကြောင့် အရပ်သားပြည်သူများ ရင်ဆိုင်နေရသည့် အခက်အခဲများကို ပိုဆိုးသွားစေပါသည်။ တိုက်ပွဲများဆက်လက်ဖြစ်ပွားနေခြင်း၊ လုံခြုံမှုမရှိခြင်း၊ သွားလာရေးကန့်သတ်ချက်များရှိနေခြင်းတို့ကြောင့် အရပ်သားပြည်သူများ၏ ဘေးလွတ်ရာနေရာရှာဖွေနိုင်စွမ်းနှင့် မရှိမဖြစ်လိုအပ်သော ဝန်ဆောင်မှုများအား ရယူနိုင်စွမ်းတို့ကို ထိခိုက်စေပါသည်။ တစ်ချိန်တည်းတွင် လူသားချင်းစာနာမှုဆိုင်ရာ မိတ်ဖက်အဖွဲ့များသည်လည်း နေရပ်စွန့်ခွာခဲ့ရသည့် ပဋိပက္ခဒဏ်သင့်ပြည်သူများထံသို့ ဖြန့်ကြက်ရောက်ရှိအောင် ကြိုးစားရာတွင် ကြီးမားသော အတားအဆီးများကို ရင်ဆိုင်ကြုံတွေ့နေရသည်။ ဤအခက်အခဲများရှိနေသော်လည်း၊ မိတ်ဖက်အဖွဲ့များအနေဖြင့် မိမိတို့ကိုယ်တိုင်၏ ဘေးကင်းလုံခြုံရေးကို စွန့်စားမှုပြုလုပ်ကာ၊ လိုအပ်နေသူများထံသို့ ငွေကြေး၊ စားနပ်ရိက္ခာနှင့် မရှိမဖြစ်လိုအပ်သော ကယ်ဆယ်ရေး ပစ္စည်းများကို ပေးပို့နိုင်ရန် ကြိုးစားဆောင်ရွက်နေကြသည်။
မြန်မာနိုင်ငံ အရှေ့တောင်ပိုင်းဒေသရှိ လွိုင်ကော်၊ ဒီးမော့ဆို၊ ဖရူဆိုနှင့် ရှမ်း-ကယားနယ်စပ်တို့တွင် တိုက်ပွဲများ အရှိန်မြင့်တက်လာခဲ့သည်။ ဒေသခံမိတ်ဖက်အဖွဲ့များ၏ အဆိုအရ၊ လက်ရှိတိုက်ပွဲများ၏ တိုက်ရိုက်အကျိုးဆက်ကြောင့် ရှမ်းပြည်နယ်တောင်ပိုင်းရှိ ဖယ်ခုံမြို့နယ်နှင့် ကယားပြည်နယ် လွိုင်ကော်မြို့နယ်တို့မှ အလွန်များပြားသော ပြည်သူများ (လူဦးရေ ၃၅၀၀၀ ခန့်)သည် လတ်တလောနေရပ်စွန့်ခွာ ထွက်ပြေးခဲ့ရကြောင်း သိရှိရသည်။ ဤကိန်းဂဏန်းကို အတည်ပြုရန်ကြိုးစားနေဆဲဖြစ်သည်။ အဆိုပါပြည်သူများအနက် လွိုင်ကော်မြို့ အရှေ့ပိုင်းရှိ IDPs ၁၀၀၀ ဦးခန့်သည် အမိုးအကာ၊ စားနပ်ရိက္ခာနှင့် ကျန်းမာရေးစောင့်ရှောက်မှုအကူအညီများကို အရေးတကြီး လိုအပ်နေပါသည်။ ဤတိုက်ပွဲများကြောင့် နိုဝင်ဘာလ ၁၁ ရက်နေ့မှ ၁၄ ရက်နေ့အထိ ကာလအတွင်းတွင် ဖယ်ခုံမြို့နယ် မိုးဗြဲမြို့နှင့် လွိုင်ကော်မြို့နယ်တို့မှ အရပ်သား ၂၈ ဦးထက်မနည်း သေဆုံးခဲ့ရပြီး၊ ထိခိုက်ဒဏ်ရာရရှိသူ ၁၀ ဦး ရှိခဲ့ကြောင်း အစီရင်ခံထားပါသည်။ လွိုင်ကော်လေဆိပ်ကို နိုဝင်ဘာလကုန်အထိ ပိတ်ထားမည်ဖြစ်ကြောင်း နိုဝင်ဘာလ ၁၃ ရက်နေ့တွင် ကြေညာခဲ့သည်။ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ (SAC) သည် လွိုင်ကော်မြို့ပေါ်ဧရိယာတွင် နိုဝင်ဘာလ ၁၁ ရက်နေ့မှစ၍ သက်ရောက်မည့် စစ်အုပ်ချုပ်ရေးဥပဒေထုတ်ပြန်ထားပြီး တပ်စခန်းများကို အင်အား ဖြည့်တင်းနေသည်။ စစ်ရေးတင်းမာမှုများ မြင့်တက်လာခြင်းကြောင့် မိုးဗြဲမြို့မှ ဒေသခံလက်နက်ကိုင်တပ်ဖွဲ့များက မြို့ပေါ်တွင် တိုက်ပွဲများဖြစ်ပွားလာနိုင်သည့်အတွက် အရပ်သားပြည်သူများအနေဖြင့် ဘေးကင်းနိုင်မည့် နေရာများသို့ ရွှေ့ပြောင်းထားရန် တိုက်တွန်းထား သည့် ကြေငြာချက်တစ်စောင်ကို နိုဝင်ဘာလ ၁၂ ရက်နေ့က ထုတ်ပြန်ခဲ့သည်။ တိုက်ပွဲများဆက်လက်ဖြစ်ပွားနေခြင်း၊ MAF က လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်နေခြင်း၊ MAF စစ်ဆေးရေးဂိတ်များတွင် စစ်ဆေးမှုများပိုမိုတင်းကျပ်နေခြင်းတို့ကြောင့် ကယားပြည်နယ်တွင် လူသားချင်းစာနာမှု အကူအညီများ ဝင်ရောက်ပေးအပ်နိုင်ရန်အတွက် အလွန်ကြီးမားသောအခက်အခဲများ ရှိနေဆဲဖြစ်သည်။ မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်တွင် နိုဝင်ဘာလ ၁၀ ရက်နေ့မှစ၍ တိုက်ပွဲများ အရှိန်မြင့်လာခဲ့ပြီး၊ ယင်းတိုက်ပွဲများ၏ အကျိုးဆက်အဖြစ် ပြည်သူ ၅၀၀၀ ဦးခန့် နေရပ်စွန့်ခွာ ထွက်ပြေးနေရသည်။ ထို့အပြင် ကျိုက်မရော-ချောင်းနှစ်ခွနှင့် မုဒုံ-ချောင်းနှစ်ခွအကြားရှိ အဓိကလမ်းမကြီးကိုလည်း ပိတ်ဆို့ထားသည်။
မြန်မာနိုင်ငံ အနောက်မြောက်ပိုင်းဒေသတွင် အောက်တိုဘာလ နှောင်းပိုင်းမှစ၍ ကောလင်း၊ တမူး၊ ပင်လည်ဘူးနှင့် ထီးချိုင့်တို့အပါအဝင် မြို့နယ် ၁၈ မြို့နယ်တွင် တိုက်ပွဲများဖြစ်ပွားခဲ့သည်။ ကနဦးမြေပြင်သတင်းပေးပို့ချက်များအရ စစ်ကိုင်းတိုင်းဒေသကြီးတွင် ပြည်သူ ၉၀၀၀၀ နီးပါးခန့် နေရပ်စွန့်ခွာထွက်ပြေးနေရသည်။ တိုက်ပွဲဖြစ်ပွားနေသည့် မြို့များတွင် ဆက်သွယ်ရေးများ ပြတ်တောက်နေပြီး၊ လမ်းများကိုလည်း ပိတ်ဆို့ထား သည်။ မကွေးတိုင်းဒေသကြီးရှိ ပခုက္ကူမြို့မှ စစ်ကိုင်းဒေသကြီးနှင့် ချင်းပြည်နယ်သို့ သွားလာမှုများကို နိုဝင်ဘာလ ၁၁ ရက်နေ့မှစ၍ ပိတ်ထားသည်။ လာမည့်ရက်များအတွင်း မကွေးတိုင်းဒေသကြီးနှင့် ချင်းပြည်နယ်တို့တွင် တိုက်ပွဲများပြင်းထန်စွာဖြစ်ပွားနိုင်သည်ဟု မျှော်မှန်းထားသည့်အတွက်၊ ဒေသခံမိတ်ဖက်အဖွဲ့များကို စစ်ကိုင်းတိုင်းဒေသကြီးမှ ရွှေဘိုမြို့နယ်နှင့် မကွေးတိုင်းဒေသကြီးမှ ဆောနှင့်
ပခုက္ကူမြို့နယ်တို့ အပါအဝင် မြို့နယ်အချို့မှ ထွက်ခွာကြရန် သတိပေးထားပြီးဖြစ်သည်။ နိုဝင်ဘာလ ၁၅ ရက်နေ့က ပခုက္ကူမြို့ပြင်ပတွင် ပေါက်ကွဲမှုများရှိခဲ့ကြောင်း အစီရင်ခံထားသည်။ ချင်းပြည်နယ်၊ ဖလမ်းမြို့နယ်တွင် နိုဝင်ဘာလ ၁၁ ရက်နေ့မှစ၍ တိုက်ပွဲများဖြစ်ပွားနေရာ အရပ်သား ၃ ဦးထိခိုက်ဒဏ်ရာ ရရှိပြီး၊ အိုးအိမ်ပစ္စည်းပျက်စီးမှုများရှိခဲ့သည်။ ချင်းပြည်နယ်တွင် ဖလမ်းမြို့နယ်မှ IDPs ၅၀၀၀ ခန့်သည် အိန္ဒိယ-မြန်မာနယ်စပ်ဒေသသို့ နေရပ်စွန့်ခွာထွက်ပြေးခဲ့ကြောင်း မိတ်ဖက်အဖွဲ့များက အစီရင်ခံထားသည်။ အဆိုပါ IDPs များအနက် ၃၀၀၀ ဦးခန့်သည် အိန္ဒိယနိုင်ငံတွင် ဒုက္ခသည်အဖြစ် ခိုလှုံရန် နယ်စပ်ဖြတ်ကျော်ဝင်ရောက်သွားပြီး၊ ကျန် IDPs များမှာ ဖလမ်းမြို့နယ်အတွင်းရှိ တောတောင်များ ထဲတွင် ခိုလှုံနေကြရသည်။ တိုက်ပွဲများဆက်လက်ဖြစ်ပွားနေခြင်းနှင့် လမ်းပိတ်ဆို့ထားမှုများကြောင့် ချင်းပြည်နယ်နှင့် စစ်ကိုင်းတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီးတို့ကို ဆက်သွယ်ထားသော လမ်းများတွင် သွားလာ၍ မရသေးကြောင်းကိုလည်း ဒေသခံမိတ်ဖက်အဖွဲ့များက အစီရင်ခံ ထားသည်။ လူသားချင်းစာနာမှုဆိုင်ရာ မိတ်ဖက်အဖွဲ့များသည် ဤစိုးရိမ်ဖွယ်ဖြစ်ရပ်များကို အနီးကပ်စောင့်ကြည့်နေကြပါသည်။
ရခိုင်ပြည်နယ်နှင့် ချင်းပြည်နယ်တောင်ပိုင်းတို့တွင် MAF နှင့် ရက္ခိုင့်တပ်တော် (AA) တို့အကြား ရရှိထားသည့် အလွတ်သဘော အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်သည် တစ်နှစ်နီးပါးတည်တံ့ခဲ့ပြီးနောက် နိုဝင်ဘာလ ၁၃ ရက်နေ့တွင် တိုက်ပွားများ ပြန်လည်ဖြစ်ပွားခဲ့ရာ ရသေ့တောင်၊ ဘူးသီးတောင်၊ မောင်တော၊ မင်းပြားနှင့် ပလက်ဝမြို့နယ်များ၌ တိုက်ပွဲများနှင့် အပြန်အလှန်ပစ်ခတ်မှုများ ရှိခဲ့ကြောင်း အစီရင်ခံထားပါသည်။ ကျောက်တော်၊ မောင်တော၊ မင်းပြားနှင့် မြောက်ဦးမြို့နယ်များတွင် လက်နက်ကြီး၊ လက်နက်ငယ်ပစ်ခတ်မှုများကြောင့် အနည်းဆုံးအားဖြင့် အရပ်သား ၄ ဦးသေဆုံးခဲ့ပြီး၊ ၉ နှစ်အရွယ်မိန်းကလေးငယ်တစ်ဦးအပါအဝင် ပြည်သူ ၁၀ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်။ မြေပြင် ကနဦးသတင်းများအရ နိုဝင်ဘာလ ၁၃ ရက်နေ့မှစ၍ ရခိုင်ပြည်နယ်တွင် ရသေ့တောင်မြို့နယ်မှ ပြည်သူ ၂၈၀၀ ဦးနှင့် ကျောက်တော်မြို့နယ်မှ ပြည်သူ ၄၀၀၀ ဦးတို့ ပါဝင်သည့် လူဦးရေ ၇၀၀၀ နီးပါးသည် မိမိတို့နေအိမ်များကို ပစ်၍ ဘေးလွတ်ရာသို့ ထွက်ပြေးကြရကြောင်း ဖော်ပြနေပါသည်။ နေရပ်စွန့်ခွာထွက်ပြေးရသူ IDPs အရေအတွက် အတိအကျကို စိစစ်နေဆဲဖြစ်သည်။ ဤအကျပ်အတည်းနှင့်ဆက်စပ်၍ ရခိုင်ပြည်နယ်မှ လက်ရှိအာဏာပိုင်များက ကုန်းလမ်း၊ ရေလမ်းအားလုံးကို ပိတ်ဆို့ထားခြင်းကြောင့် ရခိုင်ပြည်နယ်သို့ သွားလာရေးနှင့် သယ်ယူပို့ဆောင်ရေးတို့ကို ဆိုးရွားစွာ ကန့်သတ်ခံနေရပါသည်။ ရန်ကုန်-စစ်တွေလမ်းပိုင်းကိုလည်း ပိတ်ဆို့ထားဆဲဖြစ်သည်။ စစ်တွေမြို့တွင် SAC နှင့် MAF တို့က လုံခြုံရေးတင်းကျပ်ထားပြီး၊ တပ်ဖွဲ့ဝင်များနှင့် သံချပ်ကာကားများဖြင့် ဖြန့်ကြက်နေရာယူထားခြင်း၊ စစ်ဆေးရေးဂိတ်များ ထပ်တိုးခြင်း၊ ည ၉ နာရီမှ နံနက် ၆ နာရီအထိ ညမထွက်ရအမိန့်ထုတ်ပြန်ခြင်းတို့ကို စတင်ဆောင်ရွက်နေသည်။ လာမည့်ရက်များအတွင်း ဖုန်းဆက်သွယ်မှုနှင့် အင်တာနက်ဝန်ဆောင်မှုများ ပြတ်တောက်နိုင်မည်ဟု မျှော်မှန်းထားပါသည်။