ရှမ်းပြည်နယ် မြောက်ပိုင်းနှင့် မြန်မာနိုင်ငံ အနောက်မြောက်ပိုင်းဒေသတွင် တိုက်ပွဲများ အရှိန်မြင့်လာခြင်း-အရေးပေါ်သတင်းအချက်အလက် အမှတ်စဉ် (၃)
အဓိကအချက်အလက်များ
- ၂၀၂၃ ခုနှစ် အောက်တိုဘာလ ၂၆ ရက်နေ့၌ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများ (EAOs) နှင့် အခြားအဖွဲ့များ၏ ပူးပေါင်းတပ်ဖွဲ့များက တပ်အခြေစိုက်စခန်းများနှင့် ရဲစခန်းများကို စတင်တိုက်ခိုက်ခဲ့ချိန်မှစ၍ ရှမ်းပြည်နယ်မြောက်ပိုင်းရှိ မြို့နယ်အများအပြားတွင် လက်နက်ကြီးနှင့် လေကြောင်း တိုက်ခိုက်မှုများအပါအဝင် ပြင်းထန်သော တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေပြီး၊ အရပ်သားသေဆုံးမှုနှင့် နေရပ်စွန့်ခွာရမှုများ ဖြစ်ပေါ်စေခဲ့သည်။
- နိုဝင်ဘာလ (၉) ရက်နေ့အထိ အခြေအနေများအရ၊ ရှမ်းပြည်နယ် မြောက်ပိုင်း၌ လူဦးရေ ၅၀၀၀၀ နီးပါးသည် နေရပ်စွန့်ခွာ ထွက်ပြေးခဲ့ရပြီး၊ ဘာသာရေးနေရာများတွင် ဆွေမျိုးများနှင့်အတူ ခိုလှုံ နေကြရသည်။ အများအပြားသည် တရုတ်ပြည်သူ့သမ္မတနိုင်ငံ နယ်စပ်သို့ သွားရောက်နေကြပြီး၊ နယ်စပ်ကို ဖြတ်ကျော်ရန် ကြိုးစားလျက်ရှိကြသည်။
- လားရှိုးမြို့နယ်သို့ သွားရောက်နိုင်သည့် အဓိကလမ်းမကြီးများကို မြန်မာ့တပ်မတော် (MAF) နှင့် EAOs နှစ်ဖက်လုံးက ပိတ်ဆို့ထားဆဲဖြစ်ပြီး၊ ရှမ်းပြည်နယ်မြောက်ပိုင်းသို့ သွားနိုင်သည့် လမ်းကြောင်းများကို ကန့်သတ်ထားဆဲဖြစ်သည်။
- လားရှိုးမြို့နယ်ပြင်ပတွင် ဖုန်းနှင့်အင်တာနက်ဝန်ဆောင်မှုများ ပြတ်တောက်နေပြီး၊ လားရှိုးလေဆိပ်ကိုလည်း ပိတ်ထားခြင်းကြောင့် ပြည်သူများ၏သွားလာမှု၊ အကူအညီလိုအပ်သည့် ပြည်သူများနှင့် ဆက်သွယ်ရေး၊ လူသားချင်းစာနာမှုအကူအညီများ ပေးအပ်ရေးတို့ကို နှောင့်နှေးစေပါသည်။
- နိုဝင်ဘာလအစောပိုင်း၌ မြန်မာနိုင်ငံ၏ အနောက်မြောက်ပိုင်းဒေသ၌လည်း တိုက်ပွဲများ အရှိန်မြင့်လာခဲ့သည်။ အနောက်မြောက်ပိုင်း ဒေသတွင် ဖြစ်ပွားနေသော တိုက်ပွဲများကြောင့် ပြည်သူ ၄၀၀၀၀ ခန့်သည် လတ်တလောနေရပ်စွန့်ခွာခဲ့ကြရသည်။
- ရှမ်းပြည်နယ်မြောက်ပိုင်းတွင် ဘာသာရေးအဖွဲ့အစည်းများ၊ ရပ်ရွာအခြေခံပြုအဖွဲ့အစည်းများ (CBOs) နှင့် အရပ်ဖက်လူမှုအဖွဲ့ အစည်းများ (CSOs) က လူသားချင်းစာနာမှုဆိုင်ရာ မိတ်ဖက်အဖွဲ့အစည်းများနှင့်ပူးပေါင်း၍ မရှိမဖြစ်လိုအပ်သော အခြေခံလူသားချင်း စာနာမှုအကူအညီများကို ဆက်လက်ပေးနေသည်။
- ရှမ်းပြည်နယ်မြောက်ပိုင်းရှိ လိုအပ်ချက်များကို တုံ့ပြန်ဆောင်ရွက်နေသူများအား ကူညီပေးရန်အတွက် မြန်မာနိုင်ငံ လူသားချင်းစာနာမှု ရန်ပုံငွေမှ အမေရိကန် ဒေါ်လာ တစ်သန်းကို ထုတ်ပေးမည်ဖြစ်သည်။ သို့ရာတွင် ဤအကူအညီသည် မြင့်မားလာနေသော လိုအပ်ချက်များကို ဖြည့်ဆည်းပေးနိုင်ရန် လုံလောက်ခြင်းမရှိပါ။
- လိုအပ်ချက်ရှိနေသည့် ပြည်သူများထံသို့ အသက်ကယ်ဆယ်ရေးဝန်ဆောင်မှုများကို အချိန်မီပေးအပ်နိုင်ရေးအတွက် တိုက်ပွဲများ ရပ်တန့်ရန်နှင့် ပါဝင်ဆောင်ရွက်သူအားလုံးအတွက် အတားအဆီးကင်းသော ဝင်ရောက်ကူညီခွင့်များ ရရှိရန် အရေးကြီးပါသည်။
အခြေအနေသုံးသပ်ချက်
ရှမ်းပြည်နယ် မြောက်ပိုင်းရှိ မြို့နယ်အများအပြားတွင် အောက်တိုဘာလ ၂၆ ရက်နေ့မှစ၍ တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့များ၊ ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့များနှင့် မြန်မာ့တပ်မတော်တို့အကြား ပြင်းထန်သော တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေပြီး၊ အရပ်သား သေဆုံးမှုများနှင့် နေရပ်စွန့်ခွာထွက်ပြေးရမှုများ ထပ်မံမြင့်တက်လာခဲ့သည်။ မြန်မာ့အမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်မတော် (MNDAA)၊ တအောန်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် (TNLA) နှင့် ရက္ခိုင့်တပ်တော် (AA) တို့ဖြင့်ဖွဲ့စည်းထားသည့် “ညီနောင်သုံးဖော် မဟာမိတ်အဖွဲ့”ဟု ခေါ်ဆိုသော EAOs ပူးပေါင်းအဖွဲ့က MAF အခြေစိုက်စခန်းများနှင့် ရဲစခန်းများကို စတင်တိုက်ခိုက်ခဲ့ပြီးနောက်ပိုင်းတွင် တိုက်ပွဲများ အရှိန်မြင့်တက်လာခဲ့သည်။ ယင်းတိုက်ပွဲများကြောင့် မြို့နယ် ၆ မြို့နယ်တွင် အရပ်သား ၁၉ ဦးသေဆုံးခဲ့ပြီး၊ ၃၉ ဦးဒဏ်ရာရရှိကာ၊ အရပ်သားနေအိမ်အနည်းဆုံး ၂၀၀ လုံးခန့် ထိခိုက်ပျက်စီးခဲ့ကြောင်း အစီရင်ခံထားသည်။ တိုက်ပွဲစတင်ချိန်မှစ၍ ရက်သတ္တနှစ်ပတ် ကြာမြင့်သည့်အချိန်တွင် ရှမ်းပြည်နယ်မြောက်ပိုင်းရှိ မြို့နယ် ၁၀ မြို့နယ်မှ ပြည်သူ ၅၀၀၀၀ နီးပါးသည် နေရပ်စွန့်ခွာထွက်ပြေးခဲ့ရပြီး၊ လက်ရှိတွင် ဘာသာရေးနေရာ ၁၀၀ ခန့်တွင် သို့မဟုတ် ဆွေမျိုးများထံတွင် ခိုလှုံနေကြရသည်။ သတင်းမီဒီယာများတွင် ဖော်ပြချက်များအရ လက်ရှိ တိုက်ပွဲများကြောင့် ရာပေါင်းများစွာသော ပြည်သူများသည် တရုတ်ပြည်သူ့သမ္မတနိုင်ငံသို့ နယ်စပ်ဖြတ်ကျော်ဝင်ရောက်သွားခဲ့ကြောင်းနှင့် နောက်ထပ်လူများစွာတို့ကလည်း နယ်စပ်ကို ဖြတ်ကျော်ရန် ကြိုးစားနေကြကြောင်း သိရှိရသည်၊ သို့သော် အရေအတွက်အတိအကျကို အတည်ပြုနိုင်ခြင်းမရှိပါ။
လားရှိုးမြို့သို့ ဦးတည်သည့် အဓိကလမ်းမကြီးများကိုလည်း EAOs သို့မဟုတ် MAF တို့က ပိတ်ဆို့ထားခြင်း၊ ပိတ်ထားခြင်းများရှိနေသောကြောင့် မရှိမဖြစ်လိုအပ်သော လူသုံးကုန်ပစ္စည်းများ ပြတ်တောက်နေပြီး၊ ဈေးနှုန်းမြင့်မားခြင်းများ ဖြစ်ပေါ်နေပါသည်။ လားရှိုး-မူဆယ် အဝေးပြေး လမ်းမကြီးအပါအဝင် အဓိကသယ်ယူပို့ဆောင်ရေးလမ်းကြောင်းများကို ဖြတ်တောက်ခံထားရသဖြင့် ကျန်းမာရေးစောင့်ရှောက်မှု ရယူရန် အခက်အခဲဖြစ်စေပြီး၊ လူသေဆုံးမှုအချို့လည်း ရှိခဲ့ကြောင်း အစီရင်ခံထားပါသည်။ လားရှိုးမြို့နယ်ပြင်ပတွင် ဖုန်းနှင့်အင်တာနက်ဝန်ဆောင်မှုများ ပြတ်တောက်နေပြီး၊ လားရှိုးမြို့ရှိ အဓိကလေဆိပ်ကိုလည်း ပိတ်ထားခြင်းကြောင့် ပြည်သူများ၏ သွားလာရွေ့လျားမှု၊ လိုအပ်ချက်ရှိနေသော ပြည်သူများနှင့် ဆက်သွယ်ရေး၊ လူသားချင်းစာနာမှုအကူအညီများ ပေးအပ်ရေးတို့ကို နှောင့်နှေးစေပါသည်။ နိုဝင်ဘာလ ၆ ရက်နေ့တွင် လားရှိုးမြို့ရှိ ပုဂ္ဂလိကပိုင် CB ဘဏ်တွင် EAO အဖွဲ့တစ်ဖွဲ့က ထောင်ထားသည်ဟု ယူဆရသော ဗုံးတစ်လုံးပေါက်ကွဲခဲ့သည်။ ဤဖြစ်ရပ်ကြောင့် ဘဏ်များ၏ လုပ်ငန်းလည်ပတ်မှုကို ဆိုးရွားစွာ ပြတ်တောက်စေခဲ့ပြီး၊ ဘဏ်များအားလုံးသည် တစ်နေ့လျှင် သုံးနာရီသာ ဖွင့်လှစ်နိုင်တော့သည်။ အကျိုးဆက်အဖြစ် ဒေသတွင်း ငွေသားရရှိနိုင်မှု သိသာစွာ လျော့နည်းသွားခဲ့သည်။ မိုဘိုင်းငွေကြေးဝန်ဆောင်မှုတစ်ခုဖြစ်သည့် “KBZ PAY” သည် လက်ရှိတွင် ဝန်ဆောင်မှုများကို အကန့်အသတ်ဖြင့် ပေးအပ်နေပြီး၊ တစ်ခုတည်းသာ ရရှိနိုင်သော မိုဘိုင်းဘဏ်စနစ် ဖြစ်နေသည်။ ထို့ကြောင့် အခြေခံကုန်ပစ္စည်းများ၏ ဈေးနှုန်းများ မြင့်တက်နေသည်။ သယ်ယူပို့ဆောင်ရေးနှင့် ငွေကြေးလည်ပတ်မှုအခက်အခဲများ၏ ရလဒ်အဖြစ် အခြေခံကုန်ပစ္စည်းများဈေးနှုန်းများ မြင့်တက်လာခြင်းကြောင့် လူသားချင်းစာနာမှုမိတ်ဖက်အဖွဲ့အစည်းများက ထောက်ပံ့နေသည့် ငွေကြေး အခြေခံသည့်အကူအညီဖြင့် ပစ္စည်းဝယ်ယူနိုင်စွမ်းကို ထပ်မံထိခိုက်စေပါလိမ့်မည်။
ထို့အပြင် မြန်မာနိုင်ငံ အနောက်မြောက်ပိုင်းဒေသရှိ မြို့နယ်များစွာတို့တွင်လည်း နိုဝင်ဘာလဆန်းပိုင်းမှစ၍ တိုက်ပွဲများ အရှိန်မြင့်လာကြောင်း အစီရင်ခံထားသည်။ နိုဝင်ဘာလ ၃ ရက်နေ့တွင် ကချင်လွတ်မြောက်ရေးတပ်မတော် (KIA)၊ ရက္ခိုင့်တပ်တော် (AA)၊ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများဒီမိုကရက်တစ်တပ်ဦး (ABSDF) နှင့် ဒေသခံ PDFs များပါဝင်သည့် ပူးပေါင်းတပ်ဖွဲ့များက စစ်ကိုင်းဒေသကြီးရှိ ဟုမ္မလင်း၊ ကလေး၊ ကလေးဝ၊ ကောလင်း၊ ဝန်းသိုနှင့် တမူးမြို့နယ်များနှင့် မကွေးတိုင်းဒေသကြီးရှိ ဂန့်ဂေါမြို့နယ်တို့မှ MAF စခန်းများနှင့် လုံခြုံရေး စခန်းများကို တပြိုင်နက်တိုက်ခိုက်ခဲ့ကြသည်။ နိုဝင်ဘာလအစောပိုင်းတွင် ကောလင်းမြို့၌ လေကြောင်းနှင့် လက်နက်ကြီးတိုက်ခိုက်မှုများ ပါဝင်သည့် ပြင်းထန်သော တိုက်ပွဲများဖြစ်ပွားခဲ့ပြီး၊ နိုဝင်ဘာလ ၆ ရက်နေ့တွင် ပူးပေါင်းတပ်ဖွဲ့များက ကောလင်းမြို့ကို သိမ်းပိုက်နိုင်ခဲ့ကြောင်း သတင်းရရှိပါသည်။ ဒေသတွင်း မီဒီယာများ၏ ဖော်ပြချက်အရ နိုဝင်ဘာလ ပထမပတ်အတွင်းဖြစ်ပွားသည့် ပြင်းထန်သော တိုက်ပွဲများကြောင့် ကောလင်းမြို့ပေါ်မှ လူဦးရေ ၅၀၀၀၀ ခန့်သည် ပိုမိုဘေးကင်းလုံခြုံသော နေရာများသို့ အိုးအိမ်ပစ်၍ ထွက်ပြေးခဲ့ရကြောင်း သိရှိရသည်။ နိုဝင်ဘာလ ၉ ရက်နေ့အခြေအနေအရ လူဦးရေ ၁၀၀၀၀ ခန့်သည် နေအိမ်များသို့ ပြန်သွားပြီး၊ ကျန်လူဦးရေ ၄၀၀၀၀ ခန့်သည် နေရပ်စွန့်ခွာနေရဆဲ ဖြစ်သည်။ လူသားချင်းစာနာမှုဆိုင်ရာ မိတ်ဖက်အဖွဲ့အစည်းများအနေဖြင့် လုံခြုံရေးအခြေအနေကို အနီးကပ်စောင့်ကြည့်နေပြီး၊ သင့်တော်သော လူသားချင်းစာနာမှုအကူအညီများ ပေးအပ်နိုင်ရေးအတွက် လတ်တလောနေရပ်စွန့်ခွာရသူ အရေအတွက်အတိအကျ၊ ခိုလှုံနေသည့်နေရာများနှင့် လိုအပ်ချက်များကို အတည်ပြုနိုင်ရန် ကြိုးစားနေပါသည်။