မိန့်ခွန်း
ကမ္ဘာ့စိတ်ကျန်းမာရေးနေ့အတွက် ကုလသမဂ္ဂအတွင်းရေးမှူးချုပ်၏ သတင်းစကား
၂၀၂၃ ခုနှစ် အောက်တိုဘာလ ၁၀ ရက်။
(အလွတ်သဘော ဘာသာပြန်ဆိုချက်)
စိတ်ကျန်းမာရေးဟာ လူသားတွေအတွက် အင်မတန် အရေးပါပြီး ကျွန်တော်တို့တွေကို စိတ်ချမ်းသာပြည့်စုံစွာ နေထိုင်စေနိုင်သလို ကျွန်တော်တို့ရဲ့ လူမှုအသိုက်အဝန်းတွေကိုလည်း အပြည့်အဝ ပံ့ပိုးပေးနိုင်ပါတယ်။
ဒါပေမဲ့ ကမ္ဘာတလွှားက လူ ၈ ဦးမှာ ၁ ဦးဟာ စိတ်ကျန်းမာရေးအခြေအနေတစ်ခုခုနဲ့ ရှင်သန်နေရပြီး အမျိုးသမီးတွေနဲ့ လူငယ်တွေဟာ မမျှမတ ထိခိုက်ခံစားနေရပါတယ်။ ထိခိုက်ခံစားရသူ ၄ ဦးမှာ ၃ ဦးဟာ လုံလောက်တဲ့ ကုသမှု မရတာ ဒါမှမဟုတ် ကုသမှု လုံးဝ မရနေပါဘူး။ နောက်ပြီး လူအများအပြားဟာ နှိမ့်ချအပြစ်တင်တာနဲ့ ခွဲခြားဆက်ဆံတာတွေနဲ့ပါ ရင်ဆိုင်နေရပါတယ်။
စိတ်ကျန်းမာရေးဟာ အထူးအခွင့်အရေးတစ်ရပ် မဟုတ်ဘဲ အခြေခံ လူ့အခွင့်အရေးတစ်ရပ်သာဖြစ်ပြီး လူတိုင်းနဲ့သက်ဆိုင်တဲ့ ကျန်းမာရေးစောင့်ရှောက်မှုအကာအကွယ်ရဲ့ အစိတ်အပိုင်းဖြစ်ရပါမယ်။ အစိုးရတွေအနေနဲ့ လူတွေရဲ့ ပြန်လည်ထူထောင်ရေးကို အားပေးဖို့နဲ့ သူတို့ရဲ့ အခွင့်အရေးတွေ တည်တံ့စေတဲ့ စောင့်ရှောက်မှု ပေးရပါမယ်။ ဒီနေရာမှာ လူထုအခြေပြု ပံ့ပိုးကူညီမှုတွေ ခိုင်မာအားကောင်းလာစေတာနဲ့ စိတ်ပိုင်းဆိုင်ရာ အကူအညီတွေကို ပိုမိုကျယ်ပြန့်တဲ့ ကျန်းမာရေးနဲ့ လူမှုရေးစောင့်ရှောက်မှုတွေမှာ ပေါင်းစပ်ဆောင်ရွက်တာတွေလည်း ပါဝင်ပါတယ်။
မတရားပြုမှုတွေကို ရင်ဆိုင်ဖြေရှင်းဖို့လိုသလို လူတွေ အကူအညီ မရယူနိုင်အောင် တားမြစ်ထားတဲ့ အတားအဆီးတွေကိုလည်း ဖယ်ရှားပစ်ရပါမယ်။ ဒါ့အပြင် ဆင်းရဲမွဲတေမှု၊ မညီမျှမှု၊ အကြမ်းဖက်မှု၊ ခွဲခြားဆက်ဆံမှုစတဲ့ အရင်းခံ အကြောင်းတရားတွေကို ကိုင်တွယ်ဖြေရှင်းပြီး၊ ပိုမို စာနာရိုင်းပင်းတတ်ပြီး ကြံ့ကြံ့ခံနိုင်တဲ့ လူ့အဖွဲ့အစည်းတွေကို တည်ဆောက်ရပါမယ်။
ဒီကနေ့ကျရောက်တဲ့ ကမ္ဘာ့စိတ်ကျန်းမာရေးနေ့ကနေ နေ့စဥ်နေ့တိုင်း လူတိုင်း ရှင်သန်နိုင်တဲ့ ပိုမို ကောင်းမွန်တဲ့ ကမ္ဘာတစ်ခုကို အတူတကွ တည်ဆောက်ပြီး၊ စိတ်ကျန်းမာရေးဟာ လူတိုင်းနဲ့သက်ဆိုင်တဲ့ လူ့အခွင့်အရေးတစ်ရပ်အဖြစ် ထပ်မံ အတည်ပြု ထောက်ခံအားပေးကြရအောင်ပါ။
လုပ်ငန်းရပ်များဖြင့်ပံ့ပိုးပေးနေသော ပန်းတိုင်များ
ဤလုပ်ငန်းတွင်အဓိကပါဝင်နေသည့် ကုလသမဂ္ဂရုံးများ