သတင်းထုတ်ပြန်ချက်

လွတ်လပ်စွာသင်းပင်းဖွဲ့စည်းခြင်းနှင့် အဓမ္မအလုပ်ခိုင်းစေမှုဆိုင်ရာပြဌာန်းချက်များအား ကျယ်ပြောစွာ ချိုးဖောက်ထားသည်များကို အပြည်ပြည်ဆိုင်ရာအလုပ်သမားရေးရာအဖွဲ့ (ILO) ၏ မြန်မာနိုင်ငံဆိုင်ရာ စုံစမ်းစစ်ဆေးရေးကော်မရှင်က တွေ့ရှိသည်။

၂၀၂၃ ခုနှစ် အောက်တိုဘာလ ၀၄ ရက်။

စုံစမ်းစစ်ဆေးရေးကော်မရှင်သည် မြန်မာစစ်ဖက်အာဏာပိုင်များက အလုပ်သမားသမဂ္ဂအဖွဲ့ဝင်တို့အား ပုံစံမျိုးစုံနှင့်အကြမ်းဖက်မှုများ၊ ညှင်းပန်းနှိပ်စက်ခြင်းများနှင့် အခြားလူမဆန်စွာပြုမူနေခြင်းများကို ချက်ချင်းရပ်တန့်ရန်လည်းကောင်း၊ ထို့ပြင် ပုံစံမျိုးစုံဖြင့် အဓမ္မလုပ်အား သို့မဟုတ် မလုပ်မနေရအလုပ်ခိုင်းစေမှုများကို အဆုံးသတ်ရန်လည်းကောင်း တိုက်တွန်းသည်။

ဂျီနီဗာမြို့ (ILO သတင်း) - အပြည်ပြည်ဆိုင်ရာအလုပ်သမားရေးရာအဖွဲ့၏ မြန်မာနိုင်ငံဆိုင်ရာစုံစမ်း စစ်ဆေးရေးကော်မရှင်က ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ကတည်းမှစ၍ စစ်ဖက်အာဏာပိုင်များ၏ အပြုအမူများသည် အခြေခံပြည်သူ့အခွင့်အရေးများ၊ အလုပ်သမားသမဂ္ဂ၏အခွင့်အရေးများ ကျင့်သုံးမှု အပေါ်ကန့်သတ်ချက်များ ကျယ်ကျယ်ပြန့်ပြန့်ဖြစ်စေပြီး၊ သမဂ္ဂဝင်တို့အား သမဂ္ဂ၏လှုပ်ရှားမှုများ၌ ပါဝင်နိုင်စွမ်းမရှိတော့အောင် ဖြစ်စေသည်ဟု ကောက်ချက်ချသည်။

     

ထိုကဲ့သို့သောအပြုအမူများသည် လွတ်လပ်စွာသင်းပင်းဖွဲ့စည်းခြင်းနှင့် စုဝေးခွင့်ဆိုင်ရာပြဌာန်းချက် ၁၉၄၈ (အမှတ် ၈၇)  အရ၊ မြန်မာနိုင်ငံကလိုက်နာရန် ရှိသည့်တာဝန်များကို ချိုးဖောက်ခြင်းဖြစ်သည်။



ထိုကော်မရှင်က  လက်နက်ကိုင်ပဋိပက္ခအခြေအနေတွင် စစ်တပ်က ပုံစံမျိုးစုံသော အဓမ္မအလုပ်ခိုင်းစေမှုများကို အသုံးပြုလျက်ရှိသောကြောင့် မြန်မာနိုင်ငံသည် အဓမ္မအလုပ်ခိုင်းစေမှုဆိုင်ရာ ပြဌာန်းချက် ၁၉၃၀ (အမှတ် ၂၉)  အရ၊ ၎င်းလိုက်နာရန်ရှိသည့်တာဝန်များကို မလိုက်နာဟု တွေ့ ရှိသေးသည်။  အဓမ္မလုပ်အား (သို့မဟုတ်) မလုပ်မနေရခိုင်းစေမှုများ မဖြစ်ပွားအောင်တားဆီးသည့် လုံလောက်သောအပြစ်ပေး အရေးမှုများ မရှိဟုလည်း ‌ပြောဆိုထားပါသည်။



ကော်မရှင်၏အစီရင်ခံစာ  ၌ မြန်မာစစ်ဖက်အာဏာပိုင်တို့အား ထိုပြဌာန်းချက်နှစ်ခုကို စံတင်လောက်အောင် ချိုးဖောက်နေမှုအား ရပ်တန့်ရန်၊ နောက်ထပ်နှိပ်စက်ညှဉ်းပန်းမှုများကိုတားဆီးရန် “ချက်ချင်းအရေးယူ ဆောင်ရွက်” ဖို့ တိုက်တွန်းထားသည်။



၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ မြန်မာစစ်တပ်အာဏာပိုင်များက အာဏာလွဲပြောင်းရယူပြီး  ဒီမိုကရေစီ ထောက်ခံသည့် ဆန္ဒထုတ်ဖော်ပွဲများအား နှိမ်နင်းဖိနှိပ်မှုများပြုလုပ်ပြီးနောက်  အိုင်အယ်လ်အိုအုပ်ချုပ်မှုအဖွဲ့  မှ ထိုကော်မရှင်ကို ၂၀၂၂  ခုနှစ် မတ်လ၌ ဖွဲ့စည်းခဲ့သည်။



သမဂ္ဂခေါင်းဆောင်များအား အကြမ်းဖက်မှု၊ အခြေခံပြည်သူ့အခွင့်အရေးများကို ပြင်းထန်စွာနှင့် ထပ်ဖန်တလဲလဲချိုးဖောက်မှု၊ အဓမ္မအလုပ်ခိုင်းစေမှုများ ပြန်လည်ဖြစ်ပွားခြင်းများအပေါ် အစီရင်ခံစာများအား အကဲဖြတ်ချင့်တွက်ရန် ဤကော်မရှင်ကို တာဝန်အပ်နှင်းခဲ့သည်။



စုံစမ်းစစ်ဆေးသည့် လွတ်လပ်သောကျွမ်းကျင်ပညာရှင် သုံးဦးသည် မျက်မြင်ထင်ရှားဖြစ်သည့် အဖွဲ့ အမျိုးမျိုးတို့ထံမှ ရေးသားတင်ပြချက်များကို စုဆောင်းသည်။ နိုင်ငံရေး၊ လူ့အခွင့်အရေး၊ လူသားချင်းစာနာ ထောက်ထားမှုအရေး၊ စီးပွားရေး ဘေးကျပ်နံကျပ်ဖြစ်မှု စသည့် အမှုအရေးပေါင်းများစွာ၏ ရိုက်ခတ်မှုကို ခံရသူများ၏ တိုက်ရိုက်ဆက်သွယ်လာမှုများ၊ ထို့ပြင် ဤအရေးကိစ္စများကို ကျွမ်းကျင်စွာတတ်သိနား လည်သည့် ပညာရှင်များတို့၏ တင်ပြမှုများကို လက်ဝယ်ရရှိထားသည်။ ဤကော်မရှင်သည် မြန်မာနိုင်ငံတွင်းသို့ ဝင်ရောက်ခွင့်မရှိသော်လည်း၊ ဤမျက်မြင်သက်သေများအားဖြင့် ဖြစ်နေသည့်အခြေအနေအပေါ်  သတင်းအချက်အလက်များ ကျယ်ကျယ်ပြန့်ပြန့် ရရှိနိုင်ခဲ့သည်။



အိုင်အယ်လ်အိုဖွဲ့စည်းအုပ်ချုပ်ပုံ အပိုဒ် ၂၈ အရ၊ ဤစုံစမ်းစစ်ဆေးရေးကော်မရှင်၏ အစီရင်ခံစာသည် အထက်ပါကိစ္စများနှင့်စပ်လျဉ်းသည့် ၎င်း၏တွေ့ရှိချက်များ၊ မှတ်ချက်များနှင့် အကြံပြုတိုက်တွန်းချက်များကို စီစဉ် တင်ပြထားသည်။



အကြံပြုချက်များက စစ်ဖက်အာဏာပိုင်တို့အား အလုပ်သမားသမဂ္ဂခေါင်းဆောင်များနှင့် အဖွဲ့ဝင်တို့ကို ပုံစံမျိုးစုံဖြင့် အကြမ်းဖက်နှိပ်စက်နေမှုများ၊ လူမဆန်ဆက်ဆံမှုများကို ချက်ချင်းရပ်တန့်ရန် လည်းကောင်း၊ မိမိတို့၏ အခြေခံပြည်သူ့အခွင့်အရေးများနှင့် တရားဝင်အလုပ်သမားသမဂ္ဂလှုပ်ရှားမှုများကို ကျင့်သုံးခြင်းနှင့်ဆက်နွယ်ပြီး ဖမ်းဆီးထိန်းသိမ်းခံရသည့် အလုပ်သမားသမဂ္ဂအဖွဲ့ဝင်များအပေါ် တင်ထားသည့် စွဲချက်များကို ရုပ်သိမ်းပေးရန်လည်းကောင်း၊ အာဏာသိမ်းစကတည်းက ရပ်တံ့သွားသည့် အခြေခံပြည်သူ့အခွင့်အရေးများအား ကာကွယ်စောင့်ရှောက်မှုကို အပြည့်အဝ ပြန်လည်ထိန်းသိမ်းပေးရန်လည်းကောင်း တိုက်တွန်းသည်။ အကြံပြုတိုက်တွန်းချက်များက စစ်တပ်နှင့် ၎င်းနှင့်ဆက်စပ်အင်အားစုများက ပုံစံမျိုးစုံဖြင့် အဓမ္မအလုပ်ခိုင်းစေနေမှုများ သို့မဟုတ် မလုပ်မနေရ အလုပ်ခိုင်းစေနေမှုများ၊ ထို့ပြင် စစ်တပ်တွင်းသို့ အဓမ္မလူစုဆောင်းနေမှုများကိုပါ ရပ်တန့်ရန်လည်း စစ်ဖက်အာဏာပိုင်များကို တိုက်တွန်းထားပါသည်။

   

မြန်မာနိုင်ငံသည် ဒီမိုကရေစီနည်းကျ အဖွဲ့အစည်းများ၊ လုပ်ငန်းစဉ်များဖြင့် အုပ်ချုပ်သည့် အခြေအနေသို့ ပြန်လည်ရောက်ရှိသွားသည်နှင့် အကောင်အထည်ဖော်ရမည့် နောက်ထပ်အဆိုပြုတိုက်တွန်းချက်များကို ဤအစီရင်ခံစာ၌စီစဉ်တင်ပြထားပါသည်။ ယင်းသည် သက်ဆိုင်ရာအဖွဲ့အားလုံးအား ဒီမိုကရေစီနည်းဖြင့် အပြည့်အဝအုပ်ချုပ်ရေးသို့  ငြိမ်းချမ်းစွာကူးပြောင်းမှုကို အောင်မြင်ရရှိဖို့  ကြိုးပမ်းကြပါရန်ပန်ကြားသည်။

 

ဤစုံစမ်းစစ်ဆေးရေးကော်မရှင်၏ အစီရင်ခံစာကို ဂျီနီဗာမြို့ရှိ မြန်မာအမြဲတမ်းကိုယ်စားလှယ်အဖွဲ့ရုံးသို့ ပေးပို့ထားပြီးဖြစ်သည်။ မြန်မာနိုင်ငံသည် ဤတိုက်တွန်းချက်များကို ၎င်းလက်ခံ မခံ ကြေညာရန်လည်းကောင်း၊ ထိုသို့မဟုတ်မူ၊ ဤကိစ္စကို အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ)သို့ လွှဲပြောင်းပေးဖို့ အဆိုပြုရန်လည်းကောင်း အချိန်ကာလသုံးလ ရရှိပါသည်။

 

အိုင်အယ်လ်အို၏ အတည်ပြုပြဌာန်းထားသော နိုင်ငံတကာအလုပ်သမားရေးရာစံနှုန်းများကို လိုက်နာမှုမရှိသည့် ကြီးလေးသော စွပ်စွဲချက်များကို စုံစမ်းစစ်ဆေးရန်အတွက်၊ အနှစ် ၁၀၀ကျော်ကြာ သမိုင်းတွင် ဤစုံစမ်းစစ်ဆေးရေးကော်မရှင်သည် ၁၄ ကြိမ်မြောက်ကော်မရှင်အဖြစ် ဖွဲ့စည်းခဲ့သည်။ ထိုသို့သော ကော်မရှင်များသည်  အိုင်အယ်လ်အို ကြီးကြပ်မှုယန္တရားများ၏ အမြင့်ဆုံးအဆင့်ကို ကိုယ်စားပြုသည်။  



(မှတ်ချက် - ဆီလျော်အောင်ဘာသာပြန်ဆိုထားပါသည်။)

ဤလုပ်ငန်းတွင်အဓိကပါဝင်နေသည့် ကုလသမဂ္ဂရုံးများ

ILO
အပြည်ပြည်ဆိုင်ရာ အလုပ်သမားရေးရာအဖွဲ့

လုပ်ငန်းရပ်များဖြင့်ပံ့ပိုးပေးနေသော ပန်းတိုင်များ