သတင်းထုတ်ပြန်ချက်

ရန်ကုန်တိုင်းဒေသကြီးအစိုးရ၏ COVID-19 တုံ့ပြန်မှုလုပ်ငန်းများအတွက် အီတလီနိုင်ငံက အထူးအထောက်အပံ့များပေးအပ်

၂၀၂၁ ခုနှစ် ဇန်နဝါရီလ ၂၁ ရက်။

ရန်ကုန်၊ မြန်မာ   ရန်ကုန်တိုင်းဒေသကြီးအတွင်း COVID-19 တုံ့ပြန်မှုလုပ်ငန်းများအတွက် အီတလီဖွံ့ဖြိုးတိုးတက်မှုနှင့် ပူးပေါင်းဆောင်ရွက်ရေးရုံး (AICS) က ယူရိုငွေ (၁) သန်း ပေးအပ် လှူဒါန်းခြင်း မှတ်တမ်းတင်အခမ်းအနားကို ယနေ့ တောင်ဒဂုံမြို့နယ်ရှိ အောင်မြင့်မိုရ် COVID-19 ကုသရေးစင်တာတွင် ရန်ကုန်တိုင်းဒေသကြီးအစိုးရ၊ မြန်မာနိုင်ငံဆိုင်ရာအီတလီသံရုံးနှင့် ကုလသမဂ္ဂ ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် (WFP) တို့ ပူးပေါင်းကျင်းပခဲ့ပါသည်။

အီတလီ၏ ထောက်ပံ့လှူဒါန်းမှုဖြင့် WFP သည် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ခုတင်ဆန့်ဝင်မှု အများဆုံး COVID-19 ကုသရေးစင်တာဖြစ်သည့် အောင်မြင့်မိုရ် COVID-19 ကုသရေးစင်တာတွင် ကျန်းမာရေး စောင့်ရှောက်မှုနှင့် အသွားအလာကန့်သတ်မှုခံယူနေသူ လူဦးရေ ၁၆,၀၀၀ ကျော်အတွက် အာဟာရ ပြည့်ဝသော အစားအစာများကို နေ့စဥ်ပံ့ပိုးပေးနိုင်ခဲ့ပြီး ဖြစ်သည်။

မြန်မာနိုင်ငံဆိုင်ရာ အီတလီသံအမတ်ကြီး H.E. Alessandra Schiavo က “COVID-19 သည် ကမ္ဘာနှင့်ချီပြီး ဖြစ်ပွားနေသော လူသားချင်းစာနာထောက်ထားခြင်းဆိုင်ရာ အဖြစ်ဆိုးကြီးတစ်ခု ဖြစ်သည့်အတွက် ဟန်ချက်ညီညီ ကြံ့ခိုင်စွာ  ကိုင်တွယ်ဖြေရှင်း ဆောင်ရွက်မှုများ လိုအပ်ပါသည်။ အီတလီနိုင်ငံသည် မြန်မာအစိုးရ၊ မြန်မာပြည်သူများနှင့်အတူ နီးကပ်စွာရှိနေမည်ဖြစ်သလို နိုင်ငံတကာနှင့် ချိတ်ဆက်ပြီး ကမ္ဘာလုံးဆိုင်ရာ ကပ်ဆိုးကြီးကိုကျော်လွှားရန် လိုအပ်သည့် အများပြည်သူ၊ အဖွဲ့အစည်းများကို ကူညီထောက်ပံ့ခြင်း၊ ကာကွယ်ဆေးသုတေသနအတွက် ငွေကြေးရန်ပုံငွေ ထောက်ပံ့ခြင်းတို့အပြင် အီတလီနိုင်ငံ၊ ရောမမြို့၌ လာမည့် ၂၀၂၁ ခုနှစ်၊ မေလ ၂၁ ရက်နေ့တွင်ကျင်းပမည့် ကမ္ဘာ့ကျန်းမာရေး ထိပ်သီးအစည်းအဝေးပွဲ ကျင်းပနိုင်ရန်စီစဉ်ခြင်းဖြင့် အနာဂတ်ကျန်းမာရေး စိန်ခေါ်မှုများအတွက် ကောင်းစွာအသင့်ရှိနေစေရန် ဆောင်ရွက်သွားမည် ဖြစ်ပါသည်။ ယနေ့အခမ်းအနားတွင် ရန်ကုန်တိုင်းဒေသကြီးအစိုးရနှင့် ကမ္ဘာ့စားနပ်ရိက္ခာအစီအစဥ် (WFP) ထံသို့ COVID-19 ဆိုင်ရာ လုပ်ငန်းစဉ်များအတွက် ထောက်ပံ့ကူညီခြင်းသည် အီတလီနိုင်ငံ၏ ရည်မှန်းချက် အစိတ်အပိုင်းတစ်ခုဖြစ်ပြီး မြန်မာနိုင်ငံ၏ ရေရှည်တည်တံ့ခိုင်မြဲပြီး ဟန်ချက်ညီသော ဖွံ့ဖြိုးတိုးတက်မှုကို ကူညီ ထောက်ပံ့သွားမည်ဆိုသည့် အီတလီနိုင်ငံ၏ တစ်စိုက်မတ်မတ် ဆောင်ရွက်လျက်ရှိသော ကတိကဝတ်များထဲမှ တစ်ခုဖြစ်ပါသည်။” ဟု ပြောကြားသည်။

ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း က “ကျွန်တော်တို့ ပြည်သူတွေအပေါ်မှာ စာနာထောက်ထားမှုနဲ့ ကူညီပံ့ပိုးမယ့်သူတွေရှိတယ်ဆိုတာဟာ ဒီလိုစင်တာတွေမှာ ကုသမှု ခံယူနေတဲ့သူတွေအတွက် စိတ်ဓါတ်ခွန်အားဖြစ်စေပါတယ်” ဟု ပြောကြားသည်။

စားနပ်ရိက္ခာအထောက်အပံ့ကို အစားအစာပြင်ဆင်မှုဆိုင်ရာနှင့် အစားအစာလုံခြုံမှုဆိုင်ရာ WFP ၏ စံချိန်စံညွှန်းများအတိုင်း ဆောင်ရွက်ပေးအပ်ခြင်းဖြစ်ပါသည်။

“ကျွန်တော်တို့ရဲ့ စားနပ်ရိက္ခာအထောက်အပံ့ဟာ မြန်မာနိုင်ငံတော်အစိုးရရဲ့ COVID-19 ဒုတိယလှိုင်း တုံ့ပြန်ရေးကြိုးပမ်းမှုတွေထဲက အကူအညီအလိုအပ်ဆုံးကဏ္ဍမှာ ဝိုင်းဝန်းဖြည့်ဆည်း ပံ့ပိုးပေးတာ ဖြစ်ပါတယ်။ ရန်ကုန်တိုင်းဒေသကြီးအစိုးရရဲ့ ပူးပေါင်းကူညီဆောင်ရွက်မှုနဲ့ အီတလီရဲ့ စေတနာ ထက်သန်တဲ့ လှူဒါန်းမှုကျေးဇူးကြောင့်လို့ ဆိုရမှာပါ။” ဟု WFP ၏ မြန်မာနိုင်ငံဆိုင်ရာ ဒုတိယဌာနေကိုယ်စားလှယ် Mr. Marcus Prior က ဆိုသည်။

WFP ၏ ထမင်းဟင်းလျာများကို ဘေးကင်းလုံခြုံမှုစံချိန်စံညွှန်းများအား အတိအကျလိုက်နာကာ ချက်ပြုတ်ပြင်ဆင်သလို၊ COVID-19 ရောဂါကူးစက်ခံနေရသူများအပါအဝင် လူနာများ၏ နေ့စဉ်အာဟာရလိုအပ်ချက်များကို လုံလောက်စွာဖြည့်ဆည်းပေးနိုင်ရန်အတွက်လည်း စီစဥ်ဆောင်ရွက်ပါသည်။

ယမန်နှစ် သြဂုတ်လလယ်ပိုင်းမှစတင်ကာ ရန်ကုန်တိုင်း‌‌‌ဒေသကြီးသည် မြန်မာနိုင်ငံအတွင်း  COVID-19 ရောဂါပျံ့ပွားမှု အများဆုံးထိခိုက်တွေ့ကြုံရသည့်  ဒေသတစ်ခုဖြစ်လာခဲ့သည်။

မြန်မာနိုင်ငံတော်အစိုးရ၏ ကပ်ရောဂါထိန်းချုပ်ရေးလုပ်ငန်းစဉ်များတွင် ပါဝင်ထောက်ပံ့ကူညီခြင်းသည် ကျန်းမာရေးအကျပ်အတည်းများ စတင်ခဲ့ချိန်ကတည်းက အီတလီဖွံ့ဖြိုးတိုးတက်မှုနှင့် ပူးပေါင်းဆောင်ရွက်ရေးရုံး (AICS) ၏ ဦးစားပေးအချက်များအနက် တစ်ခုအပါအဝင်ဖြစ်ပါသည်။

“AICS ၏ ပါဝင်ထောက်ပံ့ခြင်းသည် ထိခိုက်လွယ်သော လူ့အဖွဲ့အစည်းများအပေါ် ကပ်ရောဂါ၏ တိုက်ရိုက်အကျိုးဆက်များ လျော့ပါးစေလိုသောကြောင့်ဖြစ်ပါသည်။ နိုင်ငံတကာအသိုင်းအဝိုင်း၏ ပံ့ပိုးကူညီမှုများသည် မြန်မာအစိုးရ၏ ကြိုးပမ်းမှုများအတွက် အထောက်အကူဖြစ်စေရန် အလွန်အရေးကြီးပါသည်။ ယနေ့ အီတလီဖွံ့ဖြိုးတိုးတက်မှုနှင့် ပူးပေါင်းဆောင်ရွက်ရေးရုံး (AICS) သည် တက်တက်ကြွကြွပူးပေါင်းပါဝင်သော အဖွဲ့အစည်းတစ်ရပ်အဖြစ် ခိုင်ခိုင်မာမာရပ်တည်လျက်ရှိပါသည်။ ကမ္ဘာ့စားနပ်ရိက္ခာအစီအစဥ် (WFP) ၏ ထိရောက်ကောင်းမွန်သော ပူးပေါင်းဆောင်ရွက်မှုများအတွက်လည်း ကျေးဇူးတင်ရှိကြောင်း ဖော်ပြလိုပါသည်။” ဟု AICS ၏ ဌာနေညွှန်ကြားရေးမှူးချုပ် Mr Walter Zucconi က ပြောကြားသည်။

ကုလသမဂ္ဂကမ္ဘာ့စားနပ်ရိက္ခာအစီအစဥ်အနေဖြင့် ရခိုင်ပြည်နယ်ရှိ အသွားအလာကန့်သတ် စောင့်ကြည့်ရေး စင်တာပေါင်း (၆၀) ကျော်တွင် စားနပ်ရိက္ခာအထောက်အပံ့များကို ၂၀၂၀ ခုနှစ် စက်တင်ဘာလမှ စတင်ကာ ပေးအပ်လျက်ရှိပါသည်။ ထို့အတူ တိုင်းနှင့်ပြည်နယ် (၁၁) ခုတွင် နေရပ်ပြန်လုပ်သားပေါင်း (၁) သိန်းကျော် အတွက် ၎င်းတို့အသွားအလာ ကန့်သတ်စောင့်ကြည့်မှု ခံယူနေစဥ်အတွင်း စားနပ်ရိက္ခာများကို ပံ့ပိုးပေးခဲ့ပြီးလည်းဖြစ်ပါသည်။

#                                  #                                  #

ကုလသမဂ္ဂ ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ်သည် ၂၀၂၀ ခုနှစ်  ငြိမ်းချမ်းရေးနိုဘယ်ဆုရှင်ဖြစ်သည်။ ကျွန်ုပ်တို့သည် ကမ္ဘာ့အကြီးမားဆုံး လူသားချင်းစာနာထောက်ထားမှုအကူအညီပေးအပ်ရေးအဖွဲ့အစည်းဖြစ်သည်။ အရေးပေါ် အခြေအနေများတွင် လူ့အသက်ကယ်တင်ခြင်းနှင့် စားနပ်ရိက္ခာအထောက်အပံ့များမှတစ်ဆင့် ပဋိပက္ခ၊ သဘာဝဘေး အန္တရာယ်များနှင့် ရာသီဥတုပြောင်းလဲခြင်းအကျိုးသက်ရောက်မှုများမှ ပြန်လည်ထူထောင်ကာ ငြိမ်းချမ်းရေး၊ တည်ငြိမ်မှုနှင့် သာယာဝပြောမှုတို့ကို လမ်းဖောက်တည်ဆောက်ရန် ကြိုးပမ်းဆောင်ရွက်လျက်ရှိသည်။

WFP ကို တွစ်တာတွင် @WFP_Media နှင့် @WFPAsiaPacific တို့မှတစ်ဆင့် ချိတ်ဆက်နိုင်ပါသည်။

generic profile

Chiara Aranci

AICS Yangon
Htet Oo Linn

ထက်ဦးလင်း

WFP
ဆက်သွယ်ဆက်ဆံရေးအရာရှိ
generic profile

ခွမ်းလီ

WFP
အာရှနှင့် ပစိဖိတ်ဒေသဆိုင်ရာ ဌာနချုပ်၊ ဘန်ကောက်မြို့၊ ထိုင်းနိုင်ငံ။

ဤလုပ်ငန်းတွင်အဓိကပါဝင်နေသည့် ကုလသမဂ္ဂရုံးများ

WFP
ကုလသမဂ္ဂ ကမ္ဘာ့စားနပ်ရိက္ခာ အစီအစဉ်

လုပ်ငန်းရပ်များဖြင့်ပံ့ပိုးပေးနေသော ပန်းတိုင်များ