လွန်ခဲ့တဲ့ နှစ်ပေါင်း ရှစ်ဆယ်က စစ်ကြောင့် ပျက်စီးယိုယွင်းနေတဲ့ ကမ္ဘာမှာ နိုင်ငံတွေဟာ ငတ်မွတ်ခေါင်းပါးမှုကို အနိုင်ယူနိုင်ဖို့ စုရုံးခဲ့ကြပါတယ်။ အဲ့ဒီအချိန်ကတည်းက ဆယ်စုနှစ်အတွင်း ကမ္ဘာကြီးမှာ သိသိသာသာ တိုးတက်လာခဲ့ပါတယ်။ ဒါပေမဲ့ အဲဒီအောင်မြင်မှုတွေကို ထိန်းသိမ်းထားနိုင်ဖို့အတွက် သတိမလစ်ဟင်းသင့်ကြောင်း မကြာသေးမီကဖြစ်ပွားခဲ့တဲ့ အကျပ်အတည်းတွေက သက်သေပြနေပါတယ်။
ငတ်မွတ်ခေါင်းပါးမှုကို အဆုံးသတ်ဖို့နဲ့ အားလုံးကို ကောင်းမွန်ပြီး ကျန်းမာရေးနဲ့ညီညွတ်တဲ့ အစားအစာတွေ ထောက်ပံ့နိုင်ဖို့ ကိရိယာတွေ၊ အသိပညာနဲ့ အရင်းမြစ်တွေ ရှိပါတယ်။ လိုအပ်နေတာက စည်းလုံးညီညွတ်မှုပါ။
ယနေ့ ကမ္ဘာတစ်ဝှမ်းမှာ လူပေါင်း ၆၇၃ သန်းဟာ ညတိုင်း ဆာလောင်မွတ်သိပ်လျက် အိပ်ရာဝင်နေရဆဲဖြစ်ပါတယ်။ လူပေါင်းများစွာကလည်း နောက်တစ်နပ်အတွက် မသေချာမရေရာမှုကို နေ့စဥ် ရင်ဆိုင်နေရပါတယ်။ တစ်ကမ္ဘာလုံးအတိုင်းအတာနဲ့ တိုးတက်မှုက အလွန် နှေးကွေးနေပြီး တချို့ဒေသတွေမှာ နောက်ပြန်သွားနေပါတယ်။
ဆယ်စုနှစ်တလျောက် အဝလွန်တာတွေ တိုးမြင့်လာမှုကနေ စားနပ်ရိက္ခာဖူလုံမှုကို ခြိမ်းခြောက်နေတဲ့ ရာသီဥတုဆိုင်ရာ ရိုက်ခတ်မှုတွေအထိ စိန်ခေါ်မှုအသစ်တွေ ပေါ်ပေါက်ခဲ့ပါတယ်။ ရှက်စရာကောင်းတာက ငတ်မွတ်ခေါင်းပါးမှုကို လက်နက်အဖြစ် အသုံးချနေတာဖြစ်ပါတယ်။ ပဋိပက္ခဖြစ်ပွားနေတဲ့ အခြေအနေတွေမှာ အစာရေစာခေါင်းပါးစေပြီး လူတွေကို ငတ်မွတ်နေစေတဲ့ ထိပ်လန့်ဖွယ် အဖြစ်မှန်ကို ရင်ဆိုင်နေရပါတယ်။
ဒီနှစ် ကမ္ဘာ့စားနပ်ရိက္ခာနေ့ရဲ့ ဆောင်ပုဒ်ဖြစ်တဲ့ “လက်ချင်းတွဲညီ၊ ပိုမိုကောင်းမွန်တဲ့ အစာအာဟာရနဲ့ အနာဂတ်ဆီ” က နယ်နမိတ်တွေ၊ ကဏ္ဍတွေနဲ့ လူမှုအသိုက်အဝန်းတွေအကြား စည်းလုံးညီညွတ်မှုရှိဖို့ တောင်းဆိုချက် ဖြစ်ပါတယ်။ ဒါဟာ ဇူလိုင်လက ကျင်းပခဲ့တဲ့ စားနပ်ရိက္ခာစနစ်များထိပ်သီးအစည်းအဝေးမှာ နိုင်ငံတွေ ထုတ်ဖော်ခဲ့တဲ့ ဦးစားပေးကိစ္စရပ်တွေနဲ့ ဆောင်ရွက်ရမယ့် အဓိက နယ်ပယ် ခြောက်ခုကို သတ်မှတ်ထားတဲ့ ကုလသမဂ္ဂ၏ အရေးယူဆောင်ရွက်ရန် တောင်းဆိုချက်တို့ကို ထပ်မံ ဖော်ထုတ်မှုလည်း ဖြစ်ပါတယ်။
အတူတကွ တုံ့ပြန်ဆောင်ရွက်ကြရအောင်ပါ။ လူတွေကို အာဟာရရှိစေပြီး ကမ္ဘာမြေကို ကာကွယ်ပေးတဲ့ အစားအစာစနစ်တွေ ဖန်တီးဖို့ နောက်ထပ် တစ်ဖန် အတူတကွ ပူးပေါင်းကြရအောင်ပါ။