ပြည်ပအလုပ်အကိုင် အတုအယောင်တွေကြား လမ်းပျောက်ခဲ့ရပေမဲ့ မိခင်မြေမှာ ဘဝကို အသစ်က ပြန်စခွင့်ရခဲ့သူ
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ မြန်မာ – “လစာကောင်းကောင်းနဲ့ အလုပ်ရမယ်” ဆိုတဲ့ ကတိစကားတစ်ခုက မတိုင် ရဲ့ ဘဝကို ပြောင်းလဲပစ်ခဲ့ပါတယ်။
မိသားစုမှာ အကြီးဆုံးသမီးဖြစ်ပြီး တစ်ဦးတည်းသော အိမ်ထောင်ဦးစီးဖြစ်တဲ့ မတိုင် က မိသားစုစားဝတ်နေရေး ပြေလည်နိုင်တဲ့ နည်းလမ်းကို ရှာဖွေဖို့ အတွက် စိတ်ပူပန်မှုတွေ များနေခဲ့ပါတယ်။ အဲ့ဒီအချိန်မှာ “အမျိုးသမီးများသာ၊ တစ်လလျှင် ယွမ် ၁၀,၀၀၀ (အမေရိကန်ဒေါ်လာ ၁,၃၉၀)၊ လုပ်ငန်းအတွေ့အကြုံ မလိုပါ” ဆိုတဲ့ အွန်လိုင်းပို့စ်တစ်ခုက သူမကို အာရုံစိုက်မိသွားစေပါတယ်။ သူမ ယုံကြည်နိုင်တယ်လို့ ထင်ရတဲ့ အလုပ်ခေါ်ယူသူက အဲ့ဒီအလုပ်ဟာ မြန်မာနိုင်ငံက ကာရာအိုကေဆိုင် ဒါမှမဟုတ် ကုန်စုံဆိုင် တစ်ဆိုင်မှာ ဖြစ်လိမ့်မယ်လို့ ပြောပါတယ်။
စိတ်မအေးဖြစ်နေတဲ့ သူမရဲ့အမေက ပွဲစားရဲ့ မှတ်ပုံတင်ကတ်ကို အထောက်အထားအဖြစ် ဓာတ်ပုံရိုက်ယူထားလိုက်ပါတယ်။ နောက်တစ်နေ့ မွန်းတည့်ချိန်မှာတော့ မတိုင်ဟာ မြောက်ဘက်ကို ဦးတည်သွားနေတဲ့ ဆိုင်ကယ်တစ်စီးပေါ် လိုက်ပါသွားခဲ့ပါတယ်။ အဲ့ဒီနောက်မှာတော့ ယာဉ်အမျိုးမျိုး ပြောင်းစီးရပြီး လမ်းဘေးကရပ်နားစခန်းတွေ၊ ပွဲစားတွေ အဆင့်ဆင့် ပြောင်းနေတာကြောင့် သူမအတွက် အဖြစ်အပျက်တွေက မြန်ဆန်ပြီး ရှုပ်ထွေးနေပါတယ်။ ပွဲစားတယောက်ကနေ နောက် တစ်ယောက်ကို လွှဲပြောင်းပေးလိုက်တိုင်း သူမဟာ နယ်စပ်ကိုကျော်ကာ တရုတ်နိုင်ငံထဲကို ပို၍ ဝေးကွာစွာ ရောက်ရှိသွားခဲ့ပါတယ်။ ခရီးဝေးသွားလေလေ၊ သူမသိလိုတဲ့ မေးခွန်းတွေအတွက် အဖြေရဖို့လဲ နည်းပါးလာလေလေ ဖြစ်ပါတယ်။
“ကျွန်မတို့ ဘယ်ကိုရောက်နေတာလဲလို့ ခဏခဏမေးပေမဲ့ ဘယ်သူမှ ပြန်မဖြေခဲ့ကြဘူး” လို့ သူမက ပြောပါတယ်။
ဒုတိယမြောက်ညမှာ သူမကို နောက် ဆိုင်ကယ်တစ်စီးပေါ်ကို တက်ခိုင်းပြီး ရင်လောက်နက်တဲ့ ချောင်းကို အသံမထွက်စေဘဲ ဖြတ်ကူးခိုင်းခဲ့ပါတယ်။ ရေစိုရွှဲနေတဲ့ အဝတ်အစားတွေက ခန္ဓာကိုယ်နဲ့ကပ်နေပြီး သူမရဲ့ ခြေထောက်တွေက တုန်ယင်နေပါတယ်။
“နောက်ပြန်လှည့်လို့ မရတော့ဘူး။ ဘယ်လမ်းက အိမ်ပြန်ရမယ့်လမ်းဆိုတာတောင် ကျွန်မ မသိတော့ဘူး” လို့ သူမက ပြန်တွေးမိပြီး ပြောပြပါတယ်။
သူမဟာ တစ်နေ့ကုန် ဘာမှမစားရသေးပါဘူး။ တာဝန်ရှိသူတွေ မကြားအောင် တိတ်တိတ်နေဖို့ ပြောတဲ့အတွက် ရေစိုရွှဲ ပြီး ဆာလောင်နေပေမယ့် တိတ်ဆိတ်စွာ ထိုင်နေခဲ့ပြီး ရုတ်တရက် အလွန်အမင်း ကြောက်လန့်တကြား ဖြစ်လာပါတယ်။
တရုတ်နိုင်ငံ မြို့တစ်မြို့ရဲ့ ဆင်ခြေဖုံးမှာရှိတဲ့ ဟောင်းနွမ်းပျက်စီးနေတဲ့ တည်းခိုခန်းတစ်ခုက အမျိုးသားများတွေ ပြည့်နေတဲ့ အခန်းတစ်ခန်းဆီ သူမကိုခေါ်ဆောင်သွားပါတယ်။ အမျိုးသားတွေက သူမကို ကဲ့ရဲ့လှောင်ပြောင် ကြပေမယ့် ကိုယ်ထိလက်ရောက် ကျူးလွန်တာမျိုးတော့ မရှိပါဘူး။ နောက်ဆုံးပွဲစားတစ်ယောက် ရောက်လာကာ ငွေသားတချို့ ပေးပြီး သူမကို သတို့သမီးအဖြစ် လူကုန်ကူးခံလိုက်ရပြီ ဆိုတဲ့ အဖြစ်မှန်ကို ပြောပြပါတယ်။
သတို့သမီးအဖြစ် ငြင်းဆန်မယ်ဆိုရင် ယွမ် ၃၀,၀၀၀ (အမေရိကန်ဒေါ်လာ ၄,၂၀၀ ခန့်) ကို ပြန်ဆပ်ရမယ်လို့ ပြောတဲ့အခါ သူမ မတတ်နိုင်တဲ့ ငွေ ပမာဏ ဖြစ်နေပါတယ်။ နေ့ရောညပါ အနီးကပ်စောင့်ကြည့်ခံရတဲ့ ကြားက မတိုင်ဟာ လူကုန်ကူးသူတွေကို ‘ဇာတ်ကားကြည့်ချင်တယ်’ လို့ အကြောင်းပြပြီး ဝိုင်ဖိုင် အသုံးပြုခွင့် တောင်းခဲ့ပါတယ်။ တကယ်တမ်းမှာ သူမက မြန်မာမှာရှိတဲ့ ညီမဆီကို အသည်းအသန် အကူအညီတောင်းတဲ့ စာတွေ ပို့ခဲ့ပါတယ်။
ရပ်ရွာစေတနာ့ဝန်ထမ်းတစ်ဦးဖြစ်တဲ့ သူမရဲ့ ညီမက တရုတ်နိုင်ငံမှာ ဆွေမျိုးတွေရှိတဲ့ သူငယ်ချင်းတစ်ဦးဆီ ဆက်သွယ်ခဲ့ပြီး အဲ့ဒီသူငယ်ချင်းက ဒေသခံရဲတပ်ဖွဲ့ကို အကြောင်းကြားခဲ့ပါတယ်။ နာရီပိုင်းအတွင်းမှာ ပဲ ရဲအရာရှိတွေက မတိုင်ဆီကို မင်းရှိတဲ့နေရာမှာပဲနေပါ။ ဖုန်းကိုလည်း ဖွင့်ထားပါ” ဆိုပြီး တိုက်ရိုက် စာပို့လာခဲ့ပါတယ်။
“ရဲကားကို မြင်လိုက်ရတဲ့အချိန်မှာ သူတို့သတိထားမိအောင် ကျွန်မ ဖုန်း မီး နဲ့ အချက်ပြလိုက်တယ်။ အဲဒီအချိန်ကျမှပဲ ရင်ထဲက အလုံးကြီး ပြုတ်ကျသွားသလို ခံစားလိုက်ရတော့တယ်” လို့ သူမက ပြောပြပါတယ်။
နေမထွက်မီ အချိန်မှာ ရဲတပ်ဖွဲ့က အဲ့ဒီနေရာကို ဝင်ရောက်စီးနင်းပြီး လူကုန်ကူးသူတွေကို ဖမ်းဆီးလိုက်ပါတယ်။ မတိုင်ကိုတော့ ကားရေဆေးခုံအဟောင်းကို ခိုလှုံရာစခန်းအဖြစ် ပြန်လည်အသုံးပြုထားတဲ့ အစိုးရရဲ့ ကြားစခန်း (Transit Centre) တစ်ခုဆီ ခေါ်ဆောင်သွားခဲ့ပါတယ်။ သူမရဲ့ အမှုကိစ္စတွေ လုပ်ဆောင်နေတဲ့ကာလအတွင်း အဲ့ဒီစခန်းမှာ (၇) လကြာ နေထိုင်ခဲ့ရပြီး စားစရိတ်အတွက် ကားရေဆေးပေးတဲ့ အလုပ်လုပ်ကာ ပြန်ရမယ့် နေ့ရက်တွေကို ရေတွက်ဖြတ်သန်းနေခဲ့ပါတယ်။
“ခုနစ်လဆိုတဲ့အချိန်က ခုနစ်နှစ်လောက်တောင် ကြာတယ်လို့ ခံစားရတယ်၊ ဒါပေမဲ့ မနက်တိုင်းမှာ ငါ့ကလေးတွေ စောင့်နေသေးတယ်လို့ ကိုယ့်ကိုယ်ကိုယ် ပြန်ပြောပြီး အားတင်းခဲ့တယ်” လို့ သူမက ပြောပါတယ်။
လူကုန်ကူးမှုတိုက်ဖျက်ရေး အစိုးရမဟုတ်တဲ့အဖွဲ့အစည်း (NGO) တစ်ခုရဲ့ ပံ့ပိုးမှုနဲ့ နယ်စပ်နှစ်ဖက်စလုံးရှိ ဆက်ဆံရေးအရာရှိတွေရဲ့ ပူးပေါင်းဆောင်ရွက်မှုကြောင့် သူမ နေရပ်ပြန်နိုင်ရေးက ဖြစ်မြောက်လာခဲ့ပါတယ်။ အထောက်အထားစာရွက်စာတမ်းတွေ အပြီးသတ်ရရှိတဲ့အခါ၊ မတိုင်ဟာ သူမဘဝမှာ ပထမဦးဆုံးအကြိမ်အဖြစ် လေယာဉ်စီးပြီး အိတ်အသေးလေးတစ်လုံးနဲ့အတူ မြန်မာနိုင်ငံကို ပြန်လာခဲ့ပါတယ်။ အဲ့ဒီအချိန်မှာ သူမက မှန် မမှန် စိစစ်ထားခြင်းမရှိတဲ့ အွန်လိုင်းအလုပ်ခေါ်ယူမှုတွေကို နောက်ဘယ်တော့မှ မယုံကြည်တော့ဘူးလို့ ကိုယ့်ကိုယ်ကိုယ် ကတိပေးလိုက်ပါတယ်။
သူမရဲ့ ဇာတိမြို့ ပြန်ရောက်တဲ့အခါ ကိုယ်ပေါ်က အဝတ်အစားကလွဲပြီး သူမမှာ ဘာမှ မပါလာခဲ့ပါဘူး။ ဒေသဆိုင်ရာ အာဏာပိုင်တွေနဲ့ အရပ်ဘက်လူမှုအဖွဲ့အစည်းတစ်ခုရဲ့ ပံ့ပိုးမှုနဲ့ သူမကို ပြန်လည်ဝင်ဆံ့ရေး အကူအညီများရရှိဖို့ အပြည်ပြည်ဆိုင်ရာ ရွှေ့ပြောင်းသွားလာနေထိုင်သူများအဖွဲ့ (IOM) နဲ့ ၎င်းရဲ့ မိတ်ဖက် အဖွဲ့အစည်းများထံ လွှဲပြောင်းပေးခဲ့ပါတယ်။ ပံ့ပိုးကူညီမှုတွေကြောင့် သူမဟာ အခုအချိန်မှာ ပုံမှန်ဝင်ငွေ ရရှိနေပြီဖြစ်တဲ့ စိုက်ပျိုးရေးခြံငယ်လေးတစ်ခုကို စတင်ဆောင်ရွက်နိုင်ခဲ့ပါတယ်။
“ဒီတိရစ္ဆာန်လေးတွေက ကျွန်မအတွက် ဒုတိယအကြိမ် ရရှိတဲ့ အခွင့်အရေးပါပဲ” လို့ သူမ မွေးမြူထားတဲ့ တိရစ္ဆာန်တွေကို လက်ညှိုးညွှန်ပြရင်း ပြောပါတယ်။ “ကျွန်မ ဝင်ငွေအလုံအလောက် ရှာနိုင်ရင်၊ တစ်ချိန်က ကျွန်မစိတ်ကူးယဥ်ခဲ့ဖူးတဲ့ ကုန်စုံဆိုင်လေး ဖွင့်မယ်”။
သူမဟာ အခုဆိုရင် ရွာအစည်းအဝေးတွေမှာ သူမရဲ့ ဖြစ်ရပ်ကို မျှဝေပြောကြားပြီး အွန်လိုင်း အလုပ်အကိုင် လိမ်လည်မှုတွေအကြောင်း အခြားသူတွေကို သတိပေးနေပါတယ်။ “ကျွန်မလိုမျိုး ဘယ်သူ့ကိုမှ မခံစားစေချင်ဘူး” လို့ သူမက ပြောပါတယ်။ “အကယ်လို့ ကမ်းလှမ်းချက်တစ်ခုက မယုံနိုင်လောက်အောင် ကောင်းလွန်းနေမယ်ဆိုရင် ဓာတ်ပုံရိုက်ထားပါ၊ သိလိုတဲ့မေးခွန်းတွေမေးပါ၊ တစ်ယောက်ယောက်ကို ဖုန်းဆက်တိုင်ပင်ပါ။”
လူကုန်ကူးမှုဟာ မြန်မာနိုင်ငံမှာ ကျယ်ကျယ်ပြန့်ပြန့် ဖြစ်ပွားနေတဲ့ ပြဿနာတစ်ခုဖြစ်ပြီး ပြည်တွင်းဖြစ်စေ၊ ပြည်ပထွက်ခွာသူဖြစ်စေ လူတိုင်းအပေါ် သက်ရောက်မှုရှိနေပါတယ်။ လူကုန်ကူးမှု ဖြစ်ရပ်တိုင်းရဲ့ နောက်ကွယ်မှာတော့ စနစ်တကျ ဖွဲ့စည်းထားတဲ့ ရာဇဝတ်ဂိုဏ်းတွေ ရှိနေပြီး သူတို့က အကျိုးအမြတ်တွေ ရရှိနေချိန်မှာ မတိုင်တို့လို မိသားစုတွေကတော့ ကြီးမားတဲ့ ဆိုးကျိုးတွေကို ရင်ဆိုင်နေရပါတယ်။
အပြည်ပြည်ဆိုင်ရာ ရွှေ့ပြောင်းသွားလာနေထိုင်သူများဆိုင်ရာ အဖွဲ့အစည်း (IOM) နဲ့ ၎င်းရဲ့ မိတ်ဖက် အဖွဲ့အစည်း တွေဟာ လူကုန်ကူးမှုအန္တရာယ်ရှိနိုင်သူတွေကို အကာအကွယ်ပေးဖို့ အသိပညာပေးလုပ်ငန်းတွေကို ဆက်လက်ဆောင်ရွက်နေပါတယ်။ သူတို့ရဲ့ ကြိုးပမ်းအားထုတ်မှုတွေဟာ လူကုန်ကူးမှု ကွန်ရက်တွေကို အမြစ်ပြတ်ချေမှုန်းဖို့နဲ့ ဘေးဒုက္ခမှ လွတ်မြောက်လာသူတွေအနေနဲ့ သူတို့ရဲ့ဘဝကို ဂုဏ်သိက္ခာရှိရှိ ပြန်လည်ထူထောင်နိုင်စေဖို့ ရည်ရွယ်ပါတယ်။
မတိုင်ဟာ တချို့ညတွေမှာ ကြောက်စိတ်တွေနဲ့ နိုးထနေရဆဲ ဖြစ်ပါတယ်။ ဒါပေမဲ့ မနက်ခင်းတိုင်းမှာတော့ ဝက်ကလေးတွေကို အစာကျွေးတာ၊ သူမရဲ့ ဥယျာဉ်ခြံကို ပြုစုတာနဲ့ ကလေးတွေကို ကျောင်းလိုက်ပို့တာ စတဲ့ နေ့စဉ်အလုပ်ဝတ္တရားတွေက သူမကို စောင့်ကြိုနေပါတယ်။
“ကျွန်မမှာ အရာအားလုံးနီးပါး ဆုံးရှုံးခဲ့ရတယ်” လို့ သူမက ဆိုပါတယ်။ “ဒါပေမဲ့ ကျွန်မ မျှော်လင့်ချက်တွေနဲ့ အတူ ပြန်လာနိုင်ခဲ့တယ်၊ အဲဒါကပဲ ဘဝကို အစကနေ ပြန်စဖို့ လုံလောက်ပါတယ်။”
မတိုင်ကို ကယ်တင်နိုင်ခဲ့တာနဲ့ ပြန်လည်ကုစားပေးနိုင်တာတွေက နယ်စပ်ဖြတ်ကျော် ပူးပေါင်းဆောင်ရွက်မှု တွေကြောင့် ဖြစ်နိုင်ခဲ့တာပါ။ အပြည်ပြည်ဆိုင်ရာ ရွှေ့ပြောင်းသွားလာနေထိုင်သူများဆိုင်ရာ အဖွဲ့အစည်း (IOM) နဲ့ ဒေသခံမိတ်ဖက်အဖွဲ့အစည်းများအပါအဝင် အကာအကွယ်ပေးရေးလုပ်ငန်းဆောင်ရွက်သူတွေဟာ သူမရဲ့လိုအပ်ချက်တွေကို ဆန်းစစ်ပြီး လိုအပ်တဲ့ အကူအညီတွေကို ချက်ချင်းပံ့ပိုးပေးခဲ့ကြပါတယ်။ ရေရှည်အတွက်ဆိုရင်တော့ စီးပွားရေးပြန်လည်ထူထောင်ရေး အကူအညီဖြစ်တဲ့ မွေးမြူရေးလုပ်ငန်းသုံး ပစ္စည်းပံ့ပိုးမှုတွေ ဟာ မြန်မာနိုင်ငံတစ်ဝန်းက နေရပ်ပြန်လာတဲ့ ဘေးဒုက္ခမှလွတ်မြောက်လာသူ ရာပေါင်းများစွာကို ကူညီပေးနိုင်ခဲ့ပါတယ်။
*သူမရဲ့ ကိုယ်ရေးအချက်အလက် လုံခြုံမှုအတွက် အမည်ကို ပြောင်းလဲအသုံးပြုထားပါတယ်။
*ဤဆောင်းပါးကို IOM ဝဘ်ဆိုက်တွင် မူရင်းရေးသား ထုတ်ဝေထားပါသည်။