ဘီးတပ်ကုလားထိုင်လေးများပေါ်က မျှော်လင့်ချက်များ
ငလျင်ဘေးသင့်ဒေသတွေမှာယူနီဆက်ကထိခိုက်ဒဏ်ရာရခဲ့သူများပြန်လည်လှုပ်ရှားသွားလာနိုင်ဖို့အတွက်ဘီးတပ်ကုလားထိုင်များ၊ချိုင်းထောက်များနဲ့ကုထုံးများကိုပံ့ပိုးပေးလျက်ရှိ။
၂၀၂၅ ခုနှစ် မတ်လ ၂၈ ရက်နေ့က လှုပ်ခတ်ခဲ့တဲ့ ပြင်းအား ၇.၇ ရှိတဲ့ ငလျင်ကြောင့် မြန်မာနိုင်ငံတဝန်းမှာ ပျက်စီးမှုများစွာအပြင် ဘဝပေါင်းများစွာလည်း ထာဝရ ပြောင်းလဲခဲ့ရပါတယ်။ အသက်ရှင်ကျန်ရစ်သူတွေထဲမှာ တစ်ဘဝလုံးပြောင်းလဲသွားစေတဲ့ ထိခိုက်ဒဏ်ရာတွေ ရရှိခဲ့ကြတဲ့ ကလေးငယ်တွေနဲ့ လူကြီးတွေအပြင် ငလျင်ဘေးကြောင့် ထပ်တိုးခက်ခဲမှုတွေ၊ သွားလာလှုပ်ရှားမှု အတားအဆီးတွေကြုံနေကြရတဲ့ နဂိုရှိရင်းစွဲ မသန်စွမ်းသူတွေလည်း ပါဝင်ကြပါတယ်။
ဒီလိုဘေးအန္တရာယ်တွေ ရင်ဆိုင်နေရချိန်မှာ လွတ်လပ်စွာပြန်လည်လှုပ်ရှားနိုင်စေမယ့် အထောက်အကူပြု ကိရိယာတွေအပြင် အလိုအပ်ဆုံးသူတွေအတွက် မျှော်လင့်ချက်တွေကို ပြန်လည်ယူဆောင်လာပေးခြင်းဖြင့် ငလျင်ဘေးသင့်ပြည်သူတွေရဲ့ ကြံ့ကြံ့ခံနိုင်စွမ်းကို မြှင့်တင်ပေးနေပါတယ်။
မန္တလေးမြို့မှာ နေထိုင်တဲ့ အသက် ၂၄ နှစ်အရွယ် ဆိုင်အကူဝန်ထမ်းတစ်ဦးဖြစ်သူ ကိုအောင်မိုးဟာ ငလျင်လှုပ်တဲ့အချိန်မှာ အလုပ်မှာ ရောက်နေတာပါ။ ငလျင်ပြင်းပြင်းထန်ထန်လှုပ်ခတ်ပြီး အဆောက်အအုံတွေ စပြီးပြိုကျလာချိန်မှာ သူက သူ့ရဲ့တစ်ကိုယ်ရေ ဘေးကင်းဖို့ကို မစဉ်းစားမိဘဲ ပြိုကျသွားတဲ့ ဗလီအဆောက်အအုံဆီ ပြေးသွားပြီး အထဲမှာပိတ်မိနေသူတွေကို သွားရောက်ကူညီနေချိန်မှာ သူ့ကျောပေါ်ကို အုတ်တွေပြိုကျလာပြီး ကျောရိုးကို ပြင်းပြင်းထန်ထန် ထိခိုက်ခဲ့ပါတယ်။ သူ့ရဲ့ညီမလေးကလည်း ဒီငလျင်ဘေးကြီးကြောင့် အသက်ဆုံးရှုံးခဲ့ရပါတယ်။
"ငလျင်လှုပ်ပြီးနောက်ပိုင်း လနဲ့ချီပြီး ကျွန်တော် အိမ်ထဲမှာပဲ ဘယ်မှမသွားနိုင်ဘဲ ပိတ်မိသလိုနေနေခဲ့ရတယ်" လို့ ကိုအောင်မိုးက ပြောပါတယ်။ "ကျွန်တော့်ညီမလေးကို ဆုံးရှုံးလိုက်ရသလို ကျွန်တော်လည်း အရင်ကလို ရွာထဲ၊ လူတွေကြားထဲ မသွားနိုင်တော့လို့ ပြောမပြတတ်အောင် ဝမ်းနည်းရတယ်။" ယူနီဆက်နဲ့ မိတ်ဖက်အဖွဲ့အစည်းတွေက ဘီးတပ်ကုလားထိုင်အပါအဝင် အထောက်အကူပြု ကိရိယာတွေနဲ့ ကိုအောင်မိုးဆီ ရောက်လာတဲ့အခါမှာတော့ ကိုအောင်မိုးတစ်ယောက် ပြန်ပြီး လွတ်လွတ်လပ်လပ် လှုပ်ရှားသွားလာနိုင်တော့မှာ ဖြစ်ပါတယ်။ "ဒီဘီးတပ်ကုလားထိုင်နဲ့ဆို ရပ်ထဲရွာထဲကို လွတ်လွတ်လပ်လပ်ပြန်သွားလို့ရပြီ" လို့ သူကပြောပြပါတယ်။ "အခုဆိုရင် ကျွန်တော် ရွာထဲကို သွားပြီး အိမ်နီးချင်းတွေရဲ့အိမ်တွေကိုလည်း ပြန်သွားလည်နိုင်ပြီ၊ ကိုယ့်အသိုင်းအဝိုင်းထဲ ပြန်ဝင်ဆန့်နိုင်ပြီလို့ ခံစားရတယ်။
အလားတူပဲ အသက် ၁၃ နှစ်အရွယ် ရတီက ငလျင်ကြောင့် ချောက်ချားဖွယ်ရာ အတွေ့အကြုံကြီးတစ်ခုကို ကြုံတွေ့ခံစားခဲ့ရပါတယ်။ သူက သူ့အိမ်အနီးမှာ သူငယ်ချင်းတွေနဲ့ ကစားနေတုန်း အဆောက်အဦတစ်ခု ပြိုကျပြီး အပျက်အစီးတွေကြားထဲ ကိုးနာရီကြာ ပိတ်မိနေခဲ့ပါတယ်။ ရတီရဲ့ ညာဘက်ခြေထောက်ကျိုးသွားခဲ့တဲ့အတွက် လှုပ်ရှားသွားလာဖို့ ခက်ခဲခဲ့ရပါတယ်။ ပြီးတော့ ငလျင်ကြောင့်ပဲ သူ့ရဲ့အခင်ဆုံးသူငယ်ချင်းတစ်ယောက်ကိုလည်း ဆုံးရှုံးခဲ့ပါတယ်။ ဒီအတွေ့အကြုံက သူ့ကို ရုပ်ပိုင်းဆိုင်ရာနာကျင်မှုတင်မကဘဲ ရေရှည်စိတ်ဒဏ်ရာကိုလည်း ရစေခဲ့ပါတယ်။ နောက်ဆက်တွဲငလျင်ငယ်လေးတွေ လှုပ်တဲ့အချိန်မှာတောင် ထိတ်လန့်နေဆဲဖြစ်ပါတယ်။ ဒါပေမဲ့လည်း သူ့ရဲ့ဆုံးဖြတ်ချက်ကတော့ ခိုင်မာနေဆဲဖြစ်ပါတယ်။ " သမီးက ကျောင်းပြန်တက်မှာ" လို့ သူကပြောပါတယ်။ "ဒီဒဏ်ရာကြောင့် သမီး ပညာရေးကိုတော့ ရပ်ပစ်မှာမဟုတ်ဘူး။ ကြီးလာရင်တော့ သမီးလို တခြားကလေးတွေကို ကူညီနိုင်အောင်လို့ သမီး ဆရာဝန်ဖြစ်ချင်တယ်” လို့ ရတီက ပြောပြပါတယ်။
လမ်းလျှောက်အကူကိရိယာအသစ်ရယ်၊ ပြန်လည်ထူထောင်ရေး ကုထုံးတွေရယ်ကြောင့် ရတီက တဖြည်းဖြည်းတိုးတက်လာနေပြီဖြစ်ပါတယ်။ ရတီရဲ့ ဖြစ်ရပ်ဟာ ဘယ်လိုဒုက္ခတွေပဲကြုံကြုံ ကိုယ့်ရဲ့အနာဂတ်ကို အပျက်စီးမခံတဲ့ မြန်မာနိုင်ငံက ကလေးငယ်တွေရဲ့ ကြံ့ကြံ့ခံနိုင်မှုကို နမူနာပြလိုက်တာပဲဖြစ်ပါတယ်။ ယူနီဆက်ရဲ့ ပံ့ပိုးမှုတွေက သူလှုပ်ရှားသွားလာဖို့လိုအပ်တဲ့ အကူကိရိယာတွေကိုသာမက သူ့ရဲ့အိပ်မက်တွေဟာလည်း လက်တကမ်းမှာပဲရှိနေတယ်ဆိုတဲ့ မျှော်လင့်ချက်ကိုလည်း ယူဆောင်ပေးခဲ့တာဖြစ်ပါတယ်။
ကိုအောင်မိုးနဲ့ ရတီတို့လို ဘဝတွေကို ပြောင်းလဲပေးခဲ့တဲ့ အထောက်အကူပြု ကိရိယာတွေက ဆေးဘက်ဆိုင်ရာပစ္စည်းတွေသက်သက်မဟုတ်ဘဲ ဂုဏ်သိက္ခာ၊ အမှီအခိုကင်းမှုနဲ့ မျှော်လင့်ချက်တွေကို ပြန်လည်ရရှိစေတဲ့ ကိရိယာတွေဆိုရင်လည်း မမှားပါဘူး။ ရတီရဲ့ ဖခင်ဖြစ်သူ ဦးကောင်းအတွက် ဒီအကျိုးသက်ရောက်မှုက သိပ်ကို လေးနက်ပါတယ်။ "ငလျင်နောက်ပိုင်းမှာ ကျွန်တော်တို့ ရှေ့ဆက်ဘယ်လိုရင်ဆိုင်ရမလဲဆိုတာ ကျွန်တော်မသိခဲ့ဘူး" လို့ ပြောပြပါတယ်။ "ကျွန်တော့်သမီးလေး နာကျင်နေပြီး မလှုပ်ရှားနိုင်ဖြစ်နေတာကို မြင်ရတာ ကျွန်တော့် ရင်တွေကွဲရတယ်။ ဒါပေမဲ့ သူအခုလို တုတ်ကောက်တွေ၊ ကုထုံးတွေ ရလိုက်တဲ့အခါမှာ တော့ သူတဖြည်းဖြည်းနဲ့ ပြန်ပြီးသက်သာလာတာ။ အဲ့တော့မှ သူလည်းစိတ်တွေပြန်တက်ကြွလာပြီးတော့ သူ့အတွက် အနာဂတ်တစ်ခု ရှိသေးတယ်ဆိုပြီး ပြန်ပြီး ယုံကြည်မိလာတာ။"
AT Scale Partnership နဲ့ Momentum Wheels for Humanity ရဲ့ သဒ္ဒါထက်သန်တဲ့ ပံ့ပိုးပေးမှုတွေနဲ့အတူ ယူနီဆက်က ငလျင်ဘေးကြောင့် ထိခိုက်ဒဏ်ရာရရှိခဲ့တဲ့ မသန်စွမ်းသူတွေကို အထောက်အကူပြု ကိရိယာနဲ့ ဖြည့်စွက်ပစ္စည်းအမျိုးပေါင်း ၂,၀၀၀ ကျော်ကို ပံ့ပိုးပေးနိုင်ခဲ့ပါတယ်။ ဒီပစ္စည်းတွေထဲမှာ ငလျင်ဘေးကြောင့် ထိခိုက်ဒဏ်ရာရခဲ့သူတွေ ဂုဏ်သိက္ခာအပြည့်နဲ့ ပြန်လည်သွားလာလှုပ်ရှားနိုင်ဖို့ အရေးတကြီးလိုအပ်တဲ့ ဘီးတပ်ကုလားထိုင်၊ ချိုင်းထောက်၊ လမ်းလျှောက်ကူဘောင်၊ တုတ်ကောက်၊ တစ်ကိုယ်ရေ စောင့်ရှောက်ရေးပစ္စည်းတွေ ပါဝင်ပါတယ်။
တစ်ဦးချင်းစီရဲ့ ပြန်လည်နာလန်ထူလာတဲ့ ဖြစ်ရပ်တွေက အားတက်စရာကောင်းပေမယ့်လည်း ပိုပြီးကျယ်ကျယ်ပြန့်ပြန့်ကြည့်လိုက်ရင် လက်ရှိလိုအပ်ချက်အတိုင်းအတာက အများအပြားရှိနေဆဲဖြစ်တာကို ပြသနေပါတယ်။ ငလျင်လှုပ်ပြီး သုံးလကျော်အကြာမှာ ကလေးငယ် ၂ သန်းအပါအဝင် လူဦးရေ ၆.၃ သန်းကျော်ဟာ လူသားချင်းစာနာထောက်ထားမှု အကူအညီတွေကို အရေးတကြီး လိုအပ်နေဆဲဖြစ်ပါတယ်။ငလျင်ဘေးကြောင့် နှစ်ရှည်လများ ကြုံတွေ့ခံစားနေရတဲ့ ပဋိပက္ခ၊ ဆင်းရဲနွမ်းပါးမှုနဲ့ နေရပ်စွန့်ခွာမှုစတဲ့ ဆင်းရဲဒုက္ခတွေအပေါ် ထပ်တိုးဝန်ပိလာခဲ့သလို မိသားစုများစွာကို သူတို့ရဲ့ခံနိုင်ရည်ထက် ကျော်လွန်တဲ့အနေအထားဆီ တွန်းပို့ပစ်ခဲ့ပါတယ်။
မုတ်သုံရာသီကလည်း ပြန်လည်ထူထောင်ရေးလုပ်ဆောင်ချက်တွေအတွက် အန္တရာယ်အသစ်တွေ ဖြစ်စေပါတယ်။ မိုးသည်းထန်စွာ ရွာသွန်းမှုတွေကြောင့် ပျက်စီးလွယ်တဲ့ အဆောက်အအုံတွေအတွက် အန္တရာယ်ပိုများလာသလို ငလျင်ဘေးသင့်ဒေသတွေက ရေရင်းမြစ်တွေကိုလည်း ညစ်ညမ်းစေတဲ့ အန္တရာယ်တွေ ရှိလာပါတယ်။ မသန်စွမ်းကလေးတွေအတွက် အခြေခံလူသားချင်းစာနာထောက်ထားမှု အကူအညီထက်ကျော်လွန်ပြီး အထူးပံ့ပိုးမှုတွေလိုအပ်တာကြောင့် ဒီစိန်ခေါ်မှုတွေက ပိုလိုတောင် ရှုပ်ထွေးလာခဲ့ပါတယ်။
ယူနီဆက်ရဲ့ ငလျင်ဘေးအတွက် ပံ့ပိုးမှုတွေက ဘက်ပေါင်းစုံက စဉ်းစားထားပြီး ကလေးငယ်၊ မိဘတွေနဲ့ စောင့်ရှောက်သူပေါင်း ၈၃,၂၀၀ ဦးကို လူမှုစိတ်ပိုင်းဆိုင်ရာ ပံ့ပိုးမှုတွေ၊ ကလေးသူငယ် ကာကွယ်ရေး ဝန်ဆောင်မှုတွေ ပေးနိုင်ခဲ့ပါတယ်။ ယူနီဆက်က လူဦးရေ ၄၄,၆၀၀ အတွက် ငွေသားထောက်ပံ့ကြေးပေးခဲ့ပြီး မသန်စွမ်းကလေးငယ်တွေကို စောင့်ရှောက်သူတွေအပါအဝင် အလိုအပ်ဆုံး အိမ်ထောင်စုတွေကို ဦးစားပေးပံ့ပိုးပေးခဲ့ပါတယ်။ ဒါပေမဲ့လည်း လိုအပ်ချက်အတိုင်းအတာက ဆက်လက်မြင့်တက်နေဆဲဖြစ်ပြီး ရန်ပုံငွေ ကွာဟချက်ကလည်း ကြီးမားနေဆဲဖြစ်ပါတယ်။
ပြန်လည်ထူထောင်ရေး လမ်းကြောင်းက ရှည်လျားလှပါတယ်။ ဒါပေမဲ့ နိုင်ငံတကာရဲ့ ဆက်လက်ပံ့ပိုးမှုတွေနဲ့ ပြောင်းသာပြင်လွယ်ရှိတဲ့ ရန်ပုံငွေကြောင့် မြန်မာကလေးငယ်တွေဟာ သူတို့နဲ့ ထိုက်တန်တဲ့ အနာဂတ်တွေကို တည်ဆောက်နိုင်မှာဖြစ်ပါတယ်။ သူတို့ရဲ့ဖြစ်ရပ်တွေက စာရင်းဇယားရဲ့နောက်ကွယ်မှာရှိနေတာက ဖြစ်သင့်တဲ့အချိန်မှာ မှန်ကန်တဲ့ ပံ့ပိုးမှုသာ ရမယ်ဆိုရင် အခက်ခဲဆုံးအခြေအနေတွေကိုတောင် ကျော်လွှားနိုင်တဲ့ အိပ်မက်တွေ၊ ဂုဏ်သိက္ခာတွေနဲ့ အလားအလာတွေရှိတဲ့ လူသားတွေပဲဖြစ်တယ်ဆိုတာ ကျွန်တော်တို့ကို သတိရစေပါတယ်။
ကိုအောင်မိုးက သူ့ရဲ့ ဆက်လျှောက်ရမယ့်ဘဝခရီးကို စဉ်းစားပြီး တည်ငြိမ်ပေမယ့် ခိုင်မာတဲ့သူ့ရဲ့ မျှော်လင့်ချက်ကို မျှဝေလာခဲ့ပါတယ် - "တစ်နေ့ ကျွန်တော့်လိုလူတွေကို သူတို့ဘဝတွေကို ပြန်တည်ဆောက်နိုင်အောင် ကူညီပေးနိုင်တဲ့ စေတနာ့ဝန်ထမ်းတစ်ယောက်ဖြစ်ချင်တယ်။ ဒီလိုခက်ခဲတဲ့အခြေအနေကို ကြုံပြီးရတာတောင် ဘဝဆိုတာ ရှေ့ဆက်နိုင်ပါတယ်ဆိုတာကို ပြချင်တယ်။"
*ဤဆောင်းပါးကို UNICEF Myanmar ဝက်ဘ်ဆိုက်ဒ် တွင် မူရင်းရေးသားထုတ်ဝေထားပါသည်။