လူမှုဘဝများ ပြန်လည်ထူထောင်ခြင်း – မြန်မာနိုင်ငံငလျင်အပြီးမှာ ပြန်လည်ထူထောင်နေရသော တစ်ဦးချင်းစီ၏အတွေ့အကြုံများ
၂၀၂၅ မတ်လတွင် မြန်မာနိုင်ငံအလယ်ပိုင်းကို ထိခိုက်ခဲ့သော ငလျင်ကြီးများသည် တိုက်ခန်း အဆောက်အအုံများ၊ လမ်းမကြီးများ ပျက်စီးသွားခြင်းသာမက လူ့အသိုင်းအဝိုင်းတစ်ခုလုံးကိုလည်း ထွက်ပြေးတိမ်းရှောင်ရသောအခြေအနေသို့ ရောက်လာစေခဲ့ပါသည်။ ရာသီဥတုပြင်းထန်မှုများ၊ ပဋိပက္ခများ နှင့် စီးပွားရေးမတည်ငြိမ်မှုများကြားတွင်လည်း များစွာသောပြည်သူများသည် ထပ်တလဲလဲအနာဂတ်အပေါ် စိုးရိမ်နေရကြရပါသည်။
သို့သော် ဒီအခက်အခဲကြားတွင် ခိုင်မာသောစိတ်ဓာတ်နှင့် ပြန်လည်ထူထောင်ရေးစွမ်းအားများ ထွန်းကားနေဆဲဖြစ်ပါသည်။ ထိခိုက်ဒုက္ခရောက်နေသည့်ဒေသများတွင် မိသားစုများနှင့် တစ်ဦးတစ်ယောက်ချင်းစီသည် ကျန်းမာရေးဝန်ဆောင်မှုများနှင့် လူသားချင်းဆိုင်ရာအကူအညီများကို အားထား၍ အနာဂတ်ကို ပြန်လည်ဆောက်နေကြပါသည်။
ပြန်လည်ထူထောင်တည်ဆောက်မှုအတွက် ကြိုးပမ်းနေသော တစ်ဦးတစ်ယောက်ချင်းစီ၏ အခြေအနေများကို မျှဝေပေးလိုက်ပါသည်။
အသက် ၃၆ နှစ်အရွယ် မစုနိုင်သည် သူမ၏ ရှစ်ယောက်မြောက်ကလေးကို ကိုယ်ဝန်ဆောင်နေသူတစ်ဦးဖြစ်သည်။ ယခင်က ကြက်သားရောင်းတဲ့လုပ်ငန်းဖြင့် မိသားစုအတွက် ထောက်ပံ့ခဲ့သော်လည်း၊ ငလျင်ကြောင့် သူမ၏အိမ်ပျက်စီးခဲ့ပြီး အသက်မွေးဝမ်းကျောင်းမှု ပြတ်တောက်သွားခဲ့ပြီး၊ ယခုအခါ တာလီဆွာစခန်းတွင် သူမ၏မိခင်နှင့် သားသမီး ၇ ယောက်နှင့်အတူ နေထိုင်နေရပါသည်။
“ကျွန်မအတွက် အရေးကြီးတာက ကျန်းမာရေးပါ။ ကျွန်မပျော်ရွှင်တယ်၊ နီးစပ်ရာ ကျန်းမာရေးဌာနမှာ ကိုယ်ဝန်စစ်ဆေးမှုတွေ မှန်မှန်လုပ်နေပါတယ်” ဟု မစုနိုင်က ပြောသည်။ WHO နှင့် မိတ်ဖက်အဖွဲ့များကလည်း မစုနိုင်တို့၏ယာယီစခန်းအား သန့်ရှင်းသောသောက်သုံးရေရရှိရေးအတွက် ရေစစ်များကိုလည်း ထောက်ပံ့ကူညီပေးထားပါသည်။ တဖြည်းဖြည်းနှင့် မစုနိုင်သည် မိသားစုအတွက် စီးပွားရေးလုပ်ငန်းကို ပြန်လည်စတင်ဖို့ ကြိုးပမ်းနေပြီဖြစ်ပါသည်။
မစုနိုင်သည် မိသားစုအတွက် အကောင်းဆုံး ကြိုးစားနေသော်လည်း မန္တလေးရှိအခြားစခန်းမှ မခိုင်နှင်းဝေကတော့ မိသားစုအနာဂတ်အပေါ် စိုးရိမ်နေရပါသည်။
“အနာဂတ်မှာ ဘာတွေဖြစ်လာမလဲ မသိပါဘူး”
အသက် ၂၅ နှစ်အရွယ် မခိုင်နှင်းဝေသည် သား နှစ်ဦး ၏ မိခင်ဖြစ်သည်။ ငလျင်မတိုင်မီက သူမသည် ကုန်ပစ္စည်းများရောင်းကူပြီး မိသားစုကို ထောက်ပံ့ခဲ့ပါသည်။ ယခုတွင် သူမ၏အိမ်မှာ ပျက်စီးခဲ့ပြီး ယာယီစခန်းမှာ နေရတာ ၃ လကျော်ခဲ့ပြီဖြစ်ပါသည်။ အစားအသောက်အထောက်အပံ့နှင့် ဆေးခန်းဝန်ဆောင်မှုများအတွက် အဆင်ပြေနေသော်လည်း အနာဂတ်ကို စိုးရိမ်နေရပါသည်။
" ကျွန်မယောက်ျားက အဝေးမှာအလုပ်လုပ်နေတယ်၊ ကျွန်မက ကလေးငယ်တွေကို ဂရုစိုက်ရတာကြောင့် အလုပ်မလုပ်နိုင်ဘူး။ ကျွန်မတို့ ငွေကြေးအကူအညီများလိုအပ်နေပါတယ်” ဟု ပြောသည်။
မခိုင်နှင်းဝေသည် ကလေးများ၏ကျန်းမာရေးအတွက် ဆေးခန်းသို့ မှန်မှန်သွားသော်လည်း မိသားစု၏ပြန်လည်ထူထောင်ရေးအတွက် မရေရာမှုများ ရှိနေဆဲဖြစ်သည်။
အထက်ပါအခက်အခဲများကြားတွင် မပြည့်ပြည့်မွန်ကဲ့သို့သော ရပ်ရွာလုပ်အားပေးသူများသည် အိမ်နီးချင်းများအား မျှော်လင့်ချက်နှင့် အထောက်အပံ့များ ယူဆောင်လာပေးနေပါသည်။
“အခြားသူတွေကို ကူညီခြင်းက ကျွန်မကို ခွန်အားတွေထပ်ပေးပါတယ်၊ ဒါပေမယ့် စေတနာ့ဝန်ထမ်းများ ထပ်လိုအပ်နေပါသေးတယ်။”
အသက် ၁၈ နှစ်အရွယ် ပြည့်ပြည့်မွန်သည် ကန်ရွာစခန်းတွင် စေတနာ့ဝန်ထမ်းအဖြစ် ထိခိုက်မှုများကြုံနေရသော မိသားစုများကို ကူညီပေးနေသူဖြစ်ပါသည်။ "ပထမအပတ်က အခက်ဆုံးပါ၊ အထောက်အပံ့တွေ မရှိခဲ့ဘူး။ အခုတော့ အခြေအနေတွေ ပိုကောင်းလာပါပြီ။ လူတိုင်းအတွက် အစားအသောက်လုံလောက်ပေမယ့် လူတွေအလုပ်ပြန်မလုပ်နိုင်သေးတာကြောင့် ငွေကြေးအခက်အခဲတွေ ရှိနေဆဲပါ။ ဒီမှာလူတွေက တစ်ယောက်ကိုတစ်ယောက် အများကြီးကူညီကြတယ်၊ ဒီအထောက်အပံ့က အရေးကြီးပါတယ်" ဟု သူမကပြောသည်။
“ကျွန်မက ကျန်းမာရေးအသိပညာပေးတွေနဲ့ အကူအညီလိုအပ်သူများစာရင်းကို အဖွဲ့အစည်းများထံ ပို့ပေးတာတွေလုပ်ပါတယ်။ MHAA နဲ့ IOM တို့က တစ်ပတ်တစ်ခါ ယာယီဆေးကုသခန်းနဲ့အတူ လာကြပါတယ်။” ဟု မပြည့်ပြည့်မွန်က ထပ်မံ ပြောသည်။
သူမအဆိုအရ အရေပြားရောဂါများ ရှိသော်လည်း ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါ (AWD) ဖြစ်ပွားမှုများကို မတွေ့ရသေးပါ။ မပြည့်ပြည့်မွန်က ယာယီစခန်းအတွင်းတွင် အထူးသဖြင့် မိန်းကလေးများအတွက် ကျန်းမာရေးအသိပညာပေးနှင့်ကာကွယ်ဆေးထိုးခြင်းများပိုမိုလိုအပ်ကြောင်း တိုက်တွန်းထားသည်။
"အမျိုးသမီးတွေက ကာကွယ်ဆေးရဲ့အရေးကြီးပုံနဲ့ သန့်ရှင်းရေးအကြောင်း မသိကြဘူး" ဟု သူမကဆိုသည်။
အချို့အတွက် ပြန်လည်ထူထောင်ရေးလမ်းကြောင်းသည် ရပ်ရွာအထောက်အပံ့သာမက ရုပ်ပိုင်းဆိုင်ရာပြန်လည်ကောင်းမွန်ရေးနှင့် လွတ်လပ်စွာရပ်တည်နိုင်ရေးလည်း ဖြစ်ပါသည်။
|
|
|
ခေါင်းစဉ်-မန္တလေးငလျင်ကြီးတွင်ထိခိုက်ဒဏ်ရာရရှိခဲ့သူ ကိုဌေးမင်းကျော်
ဓာတ်ပုံ - © WHO Myanmar
“ကျွန်တော် ပြန်လည်ကုသမှုခံယူပြီး မိသားစုအတွက် အကောင်းအတိုင်းပြန်ဖြစ်ချင်ပါတယ်။”
အသက် ၃၃ နှစ်အရွယ် ကိုဌေးမင်းကျော်သည် မသန်စွမ်းသူတစ်ဦးဖြစ်ပြီး ငလျင်မဖြစ်ခင်က ကြက်ဥရောင်းခြင်းဖြင့် ဝင်ငွေရှာနေသူဖြစ်သည်။ ငလျင်ဖြစ်စဉ်အတွင်းက ဗလီတစ်ခုတွင် ဆုတောင်းနေချိန် ထိခိုက်ဒဏ်ရာရရှိခဲ့ပါသည်။
ယခုအခါတွင် ဘောလုံးကွင်းအတွင်းရှိယာယီစခန်းတစ်ခုတွင်နေထိုင်နေပြီး ဆရာဝန်များက လာရောက်စစ်ဆေးပေးနေကြပါသည်။ "ကျွန်တော်က အခုလမ်းအနည်းငယ်သာ လျှောက်နိုင်ပြီး အိမ်နီးချင်းတစ်ဦးထံမှ ဘီးတပ်ကုလားထိုင်ငှားရမ်းထားပါတယ်" ဟု သူကရှင်းပြသည်။ ဒဏ်ရာများကြောင့် ကိုဌေးမင်းကျော်သည် ကိုယ်အလေးချိန်ကျဆင်းသွားသော်လည်း ပြန်လည်ကောင်းမွန်ရန် စိတ်ဓာတ်မပျက်ပါ။
"ကျွန်တော့်ကလေးတွေနဲ့ မိသားစုအတွက် အလုပ်လုပ်နိုင်ဖို့ ပြန်ကောင်းဖို့လိုပါတယ်" ဟု သူကပြောသည်။
လူ့အသိုင်းအဝိုင်းတစ်ခုလုံး ခက်ခဲဒုက္ခရောက်နေသော်လည်း၊ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO ၏လူသားချင်းစာနာသောတုံ့ပြန်မှု
သူတို့၏ အခက်အခဲအတွေ့အကြုံများသည် ငလျင်ဘေးဒဏ်ကြောင့် နေရပ်စွန့်ခွာခဲ့ရသော သန်းနှင့်ချီသော လူများ၏ ရင်ဆိုင်နေရသော အခြေအနေများကို ထင်ဟပ်နေစေပါသည်။ သန့်ရှင်းသောရေ၊ သန့်ရှင်းရေးနှင့် ကျန်းမာရေးဝန်ဆောင်မှုများ အကန့်အသတ်ဖြင့်သာ ရရှိနေပြီး မိုးရာသီရောက်ရှိလာခြင်းကြောင့် ရောဂါဖြစ်ပွားမှုများ ပိုမိုမြင့်တက်လာနိုင်စေပါသည်။
ဒေသခံများ ဂုဏ်သိက္ခာရှိရှိနှင့် ကောင်းမွန်စွာ ပြန်လည်ထူထောင်နိုင်ရန် WHO သည် အရေးပါသော ဝန်ဆောင်မှုများကို ပြန်လည်ရရှိရန် ကြိုးပမ်းထောက်ပံ့နေပါသည်။
- မိခင်နှင့် မွေးကင်းစကလေး ၃,၁၀၀ ကျော်အား အန္တရယ်ကင်း သန့်ရှင်းစွာမွေးဖွားရေးအတွက် ပစ္စည်းများနှင့် မိခင်နှင့်ကလေး အထောက်အပံ့ပစ္စည်းများ ထောက်ပံ့ပေးခဲ့ပါသည်။
- စခန်းများတွင် ရောဂါဖြစ်ပွားမှုကို ကာကွယ်ရန် အရေးပေါ် တုံ့ပြန်ရေးပစ္စည်းများကို လူ ၅၀,၀၀၀ ထံ ရောက်ရှိစေခဲ့ပါသည်။
- နာတာရှည်ရောဂါနှင့် မသန်စွမ်းသူ ၁၈,၀၀၀ အတွက် ဆေးဝါးများနှင့် လှုပ်ရှားမှုအထောက်အကူပစ္စည်းများ ထောက်ပံ့ပေးခဲ့ပါသည်။
- စိတ်ဒဏ်ရာများကို ကျော်လွှားရန်၊ စိတ်ကျန်းမာရေးနှင့် လူမှုရေးအထောက်အပံ့ပစ္စည်းများကို လူ ၆၁,၀၀၀ ကျော်ထံ ဖြန့်ဝေပေးခဲ့သည်။
- သောက်သုံးရေသန့်ရရှိရန် WHO သည် ဒေသအလိုက် ဆေးခန်းနှင့် သားဖွားဆေးခန်းများအတွက် ရေစစ် ၃၀ တပ်ဆင်ပေးခဲ့ပြီး လူ ၁၃,၅၀၀ ကျော်အား လစဉ် သန့်ရှင်းသောရေများ ရရှိစေခဲ့ပါသည်။
ငလျင်ဘေးသင့်ဒေသများ ပြန်လည်ထူထောင်ရေးအတွက် နောက်ထပ်အထောက်အပံ့များ လိုအပ်နေဆဲ
"ကျွန်ုပ်တို့ ကြိုးကြိုးပမ်းပမ်း ကူညီဆောင်ရွက်နေပေမဲ့လည်း မစုနိုင်၊ ကိုဌေးမင်းကျော်တို့ ကဲ့သို့သော များစွာသော ပြည်သူများကို တကယ်ကူညီ ထောက်ပံ့နိုင်ရန် နောက်ထပ်အရင်းအမြစ်များ၊ ငွေကြေးများနှင့် အခြေခံဝန်ဆောင်မှုတွေဆက်လက်ရရှိရန် လိုအပ်နေဆဲဖြစ်ပါတယ်” ဟု မြန်မာနိုင်ငံဆိုင်ရာ WHO ကိုယ်စားလှယ် Dr Thushara Fernando က ပြောကြားခဲ့သည်။
"ငွေကြေးအထောက်အပံ့နှင့် အရေးကြီးသောဝန်ဆောင်မှုများ ဆက်လက်ရရှိရန် အရေးကြီးပြီး နောက်ထပ်အခက်အခဲများကို ကာကွယ်ရန်နှင့် လူမှုအသိုက်အဝန်းများ ပိုမိုလုံခြုံပြီး ကျန်းမာသောအနာဂတ်တစ်ခု တည်ဆောက်နိုင်ရန် လိုအပ်ပါသည်" ဟု သူက ဆက်လက်ပြောကြားခဲ့သည်။
မြန်မာနိုင်ငံသည် ဤကြီးမားသော ဘေးဒဏ်မှ ပြန်လည်ထူထောင်ရေးခရီးကို ဆက်လက်လျှောက်လှမ်းနေစဉ်၊ WHO သည် မြန်မာနိုင်ငံရှိ ထိခိုက်သည့် လူဦးရေများအတွက် တာဝန်ယူမှုနှင့် စဉ်ဆက်မပြတ်ကူညီမှုကို ဆက်လက်ပြုလုပ်နေပါသည်။ WHO သည် ဒေသခံအဖွဲ့အစည်းများနှင့် ပူးပေါင်းကာ အရေးကြီးသောဝန်ဆောင်မှုများ ထိရောက်စွာနှင့် ရေရှည်တည်တံ့စွာ ရရှိစေရန် ဆောင်ရွက်နေပါသည်။
WHO ၏အထောက်အပံ့အကြောင်း ပိုမိုသိရှိလိုပါက ဤနေရာကိုနှိပ်ပါ။
အခြားသောဇာတ်လမ်းများအတွက် WHO ၏ Facebook စာမျက်နှာကို ကြည့်ပါ။