အပြည်ပြည်ဆိုင်ရာ ဒီမိုကရေစီနေ့ဟာ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်၊ နိုင်ငံသားများရဲ့ လွတ်လပ်ခွင့်တွေနဲ့ တရားဥပဒေစိုးမိုးရေးတွေကို လက်ကိုင်ထားခြင်းရဲ့ အရေးပါမှုကို ပိုမိုခိုင်မာ အားကောင်းစေဖို့ အခွင့်အရေး တစ်ရပ်ဖြစ်ပါတယ်။ ဒါ့အပြင် လူ့အခွင့်အရေးတွေကို ကာကွယ် မြှင့်တင်တာနဲ့ တာဝန်ခံမှုရှိတဲ့ အဖွဲ့အစည်းတွေ ပေါ်ပေါက်လာအောင် လုပ်တာလည်း ဖြစ်ပါတယ်။
အထူးသဖြင့် တစ်ကမ္ဘာလုံးမှာရှိတဲ့ လူဦးရေရဲ့ ထက်ဝက်ကို ကိုယ်စားပြုတဲ့ နိုင်ငံပေါင်း ၅၀ ကျော်မှာ ရွေးကောက်ပွဲတွေကျင်းပနေတဲ့ ဒီလိုနှစ်မှာ အင်မတန် အရေးပါပါတယ်။
ဒါပေမဲ့ အဲဒီအခွင့်အရေးတွေနဲ့ တန်ဖိုးတွေက ကမ္ဘာတစ်ဝန်းမှာ တိုက်ခိုက်ခံနေရပါတယ်။ လွတ်လပ်မှုတွေက ယုတ်လျော့လာနေပါတယ်။ လူမှုအဖွဲ့အစည်း လှုပ်ရှားမှုတွေအတွက် နေရာကျဥ်းမြောင်းလာနေပါတယ်။ အယူဝါဒ နှစ်ခြမ်းကွဲမှုတွေလည်း ပိုမိုဆိုးရွားလာနေပါတယ်။ နောက်ပြီး မယုံကြည်မှုတွေကလည်း တိုးပွားလာနေပါတယ်။
ဒီနှစ်ရဲ့ ဒီမိုကရေစီနေ့မှာတော့ ကောင်းမွန်တဲ့ အုပ်ချုပ်မှု (good governance) အတွက် ကိရိယာတစ်ခုအဖြစ် အေအိုင် ဉာဏ်ရည်တု နည်းပညာကို အလေးပေးဖော်ပြလိုပါတယ်။
မထိန်းချုပ်ပဲထားရင်တော့ အေအိုင် ဉာဏ်ရည်တုကြောင့် ဖြစ်ပေါ်လာမယ့် အန္တရာယ်တွေက ဒီမိုကရေစီ၊ ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်အေးချမ်းရေးတွေအတွက် ကြီးမားတဲ့သက်ရောက်မှု ရှိလာနိုင်ပါတယ်။ သတင်းတု သတင်းမှားတွေ တဟုန်ထိုး များပြားလာတာ၊ အမုန်းစကားတွေ ဖြန့်ဝေတာတွေအပြင် ဒစ်ဂျစ်တယ်နည်းပညာနဲ့ ဖန်တီးထားတဲ့ ရုပ်သံ၊ ဓာတ်ပုံ အတုတွေ (deepfakes) ကို အသုံးပြုမှုတွေကနေ စတင် ဖြစ်ပွားလာနိုင်ပါတယ်။
ဒါပေမဲ့လည်း အေအိုင်မှာ ပြည်သူတွေရဲ့ အပြည့်အဝ တက်ကြွစွာ ပူးပေါင်းပါဝင်မှု၊ တန်းတူညီမျှမှု၊ ဘေးကင်းလုံခြုံမှုနဲ့ လူသားတွေရဲ့ ဖွံ့ဖြိုးတိုးတက်မှု စတာတွေကို မြှင့်တင် ဆောင်ရွက်နိုင်စွမ်း ရှိပါတယ်။ ဒီမိုကရစီစနစ်တွေအတိုင်း ပညာရေးကို မြှင့်တင်နိုင်တဲ့အပြင်၊ ပြည်သူတွေအနေနဲ့ ဆုံးဖြတ်ချက်ချရာတွေမှာ ပါဝင်ပြောဆိုခွင့်ရှိပြီး၊ ဆုံးဖြတ်ချက်ချသူတွေကိုလည်း တာဝန်ယူမှုရှိစေနိုင်တဲ့ အားလုံးပါဝင်နိုင်တဲ့ လူမှုအဖွဲ့အစည်းတွေရဲ့ လှုပ်ရှားမှုအတွက် နေရာတွေကို ပိုမို ပုံဖော်ပေးနိုင်ပါတယ်။
အဲဒီအခွင့်အရေးတွေကို အသုံးချနိုင်ဖို့အတွက် နိုင်ငံတကာအပါအဝင် အလွှာစုံမှာ အေအိုင်ကို ထိထိရောက်ရောက် စီမံချုပ်ကိုင်နိုင်မှုရှိရေးက အရေးကြီးပါတယ်။
အားလုံးပါဝင်ပြီး နယ်မြေဒေသစုံကပါဝင်တဲ့ အေအိုင် ဉာဏ်ရည်တုဆိုင်ရာ အဆင့်မြင့် အကြံပေးအဖွဲ့ က အေအိုင် ဉာဏ်ရည်တုရဲ့ အကျိုးကျေးဇူးတွေကို ဘယ်လိုအသုံးချပြီး ဘေးအန္တရာယ်တွေကို ဘယ်လိုလျော့နည်းအောင် လုပ်ရမယ်ဆိုတဲ့အကြောင်း အကြံပေးချက်တွေပါဝင်တဲ့ အစီရင်ခံစာ တစ်စောင်ကို ထုတ်ပြန်ထားပါတယ်။
သတင်းစကားက ရှင်းပါတယ်။ အေအိုင်က လူသားတွေကို တန်းတူညီမျှစွာနဲ့ ဘေးကင်းလုံခြုံစွာ အကျိုးပြုရမယ်ဆိုတာ ဖြစ်ပါတယ်။
ဒီလမှာကျင်းပမယ့် Summit of the Future အနာဂတ်ညီလာခံက နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်မှုကို ခိုင်မာစေဖို့၊ ယုံကြည်မှုတည်ဆောက်ဖို့နဲ့ လက်ရှိနဲ့ အနာဂတ် မျိုးဆက်တွေကို ကာကွယ်စောင့်ရှောက်ဖို့တို့အတွက် အရေးပါတဲ့ အခွင့်အလမ်းတစ်ခုပေးတာ ဖြစ်ပါတယ်။
ဒါကြောင့် ဒီကနေ့ကျရောက်တဲ့ အပြည်ပြည်ဆိုင်ရာ ဒီမိုကရေစီနေ့မှာ ပိုမိုပါဝင်တဲ့၊ တရားမျှတပြီး တန်းတူညီမျှမှုရှိတဲ့ ကမ္ဘာတစ်ခု တည်ဆောက်ဖို့ ဆက်လက်ကြိုးပမ်းလုပ်ဆောင်ကြရအောင်ပါ။