သတင်းထုတ်ပြန်ချက်

ကိုးနှစ်ကြာပြီးနောက် မြစ်ဝကျွန်းပေါ်ဒေသ ဧရာဝတီတွင် ရေဘေးအကူအညီများ WFP ပြန်လည်စတင်ပေးအပ်သွားမည်

၂၀၂၄ ခုနှစ် ဩဂုတ်လ ၂၆ ရက်။

ရန်ကုန် - ကုလသမဂ္ဂ ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် (WFP) သည် မြစ်ဝကျွန်းပေါ်ဧရာဝတီတိုင်းဒေသကြီးတွင် လတ်တလော ရေကြီးရေလျှံမှုများကြောင့် ရေဘေးသင့်ကြသူ မိသားစုများအတွက် စားနပ်ရိက္ခာအကူအညီများကို ယခုရက်သတ္တပတ်တွင် စတင် ပေးဝေနေပြီဖြစ်ပါသည်။ 

ဧရာဝတီတိုင်းဒေသကြီးရှိ ရေလွှမ်းမိုးခြင်းခံရသည့်နေရာများတွင် ခန့်မှန်းလူဦးရေ ၅၀၀,၀၀၀ ခန့် နေထိုင်လျက်ရှိသည်။[1] လာမည့်နေ့များတွင် WFP အနေဖြင့် ရေဘေးရှောင်စခန်းများတွင် ခိုလှုံနေကြသော ရေဘေးသင့်သူ လူဦးရေ ၃၅,၀၀၀ ခန့်အား ဆန်နှင့် အားဖြည့်ဘီစကစ်များ ထောက်ပံ့သွားရန် စီစဥ်ထားသည်။ ဤအထောက်အပံ့နှင့်အတူ လတ်တလောအာဟာရချို့တဲ့မှုကို ကာကွယ်တားဆီးနိုင်ရန်အလို့ငှာ မိခင်နှင့် ကလေးများအတွက် အာဟာရအထောက်အပံ့များကိုပါ တွဲဖက်ပေးအပ်သွားမည် ဖြစ်ပါသည်။ 

“မြန်မာနိုင်ငံရဲ့ ဆန်အိုးကြီးလို့ တင်စားကြတဲ့ ဧရာဝတီတိုင်းဒေသကြီးဟာ ရေကြီးမှုလို ရာသီဥတုဖြစ်စဥ်တွေကြောင့် အလွန်ထိခိုက်လွယ်တဲ့ ဒေသတစ်ခုပါ။ မကြာသေးမီကဖြစ်ပွားခဲ့တဲ့ ရေလွှမ်းမိုးမှုတွေကြောင့် မိုးစပါးအထွက်နှုန်း သိသိသာသာလျော့ကျသွားစေနိုင်တဲ့ အန္တရာယ်ရှိနိုင်ပါတယ်။ အကျိုးဆက်အနေနဲ့ ထိခိုက်လွယ်သူတွေ၊ အထူးသဖြင့် တစ်နိုင်တစ်ပိုင်လယ်ယာလုပ်ကိုင်သူတွေရဲ့ စားနပ်ရိက္ခာဖူလုံမှုကို ထိခိုက်စေနိုင်ပါတယ်။ ဒီအကျိုးသက်ရောက်မှုဟာ ဧရာဝတီတိုင်းဒေသကြီး တစ်ခုတည်းမှာမဟုတ်ပဲ မြန်မာနိုင်ငံတစ်ဝန်းမှာပါ ပိုပြီးကျယ်ကျယ်ပြန့်ပြန့် ဖြစ်ပေါ်လာနိုင်ခြေရှိပါတယ်။ ဒီလိုအခြေအနေတွေကနေ စားနပ်ရိက္ခာပြတ်လပ်မှုတွေဖြစ်မလာစေဖို့ WFP အနေနဲ့ မြန်မြန်ထက်ထက် တုံ့ပြန်လုပ်ဆောင်နေတာဖြစ်ပါတယ်။” ဟု WFP ၏ မြန်မာနိုင်ငံဆိုင်ရာ ဌာနေကိုယ်စားလှယ် Ms. Sheela Matthew က ပြောသည်။ 

အဆိုပါရေကြီးရေလျှံမှု မတိုင်ခင်ကပင် ဧရာဝတီတိုင်းတွင် လူဦးရေ ၁.၅ သန်း (စုစုပေါင်း လူဦးရေ၏ လေးပုံတစ်ပုံခန့်) သည် လူသားချင်းစာနာထောက်ထားမှု အကူအညီများ လိုအပ်နေကြောင်း မြန်မာနိုင်ငံ လူသားချင်းစာနာမှုဆိုင်ရာ လိုအပ်ချက်များနှင့် တုံ့ပြန်ရေးလုပ်ငန်းစီမံချက် ၂၀၂၄ ခန့်မှန်းချက် အရ သိရှိရသည်။ 

WFP ၏ ရေဘေးတုံ့ပြန်မှု လက်ရှိအခြေအနေ

  • WFP ၏ မိတ်ဖက်အဖွဲ့အစည်းများထံမှ ကနဦးအစီရင်ခံစာများအရ ဧရာဝတီတိုင်းဒေသကြီးရှိ လယ်မြေဧက သိန်းနှင့်ချီ ရေနစ်မြုပ်ခဲ့ကြောင်း သိရသည်။ အပြင်းထန်ဆုံးထိခိုက်ခဲ့ရသော ‌‌နေရာများတွင် စားနပ်ရိက္ခာ၊ သောက်သုံးရေနှင့် တစ်ကိုယ်‌ရေသန့်ရှင်းရေးအကူအညီများ အရေးပေါ် လိုအပ်လျက်ရှိသည်။ ရေလွှမ်းမိုးမှုဒဏ်မှ ပြန်လည်ရုန်းထနိုင်အောင် ကြိုးစားလျက်ရှိကြသည့် တစ်နိုင်တစ်ပိုင်လယ်ယာလုပ်ကိုင်သူများကို ကူညီထောက်ပံ့ပေးနိုင်ရန်လည်း အလွန်အရေးပါသည်။ 
  • ယခုစတင်ပေးအပ်လျက်ရှိသည် အထောက်အပံ့သည် WFP အနေဖြင့် ၉ နှစ်အကြာမှ ဧရာဝတီတိုင်းဒေသကြီးတွင် ပြန်လည်ကာ ပေးအပ်သည့် အကူအညီများ ဖြစ်ပါသည်။ WFP သည် ယခင်က နောက်ဆုံးအကြိမ်အနေဖြင့် ၂၀၁၅ ခုနှစ်တွင် တိုင်းဒေသကြီးတွင်း နေရာအနှံ့ ရေလွှမ်းမိုးခဲ့စဥ်က အကူအညီများပေးအပ်ခဲ့ခြင်းဖြစ်ပါသည်။ 
  • လက်ရှိတွင် WFP သည် ကချင်ပြည်နယ်၊ ကရင်ပြည်နယ်၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီးနှင့် မန္တလေးတိုင်းဒေသကြီးတို့ရှိ ရေဘေးသင့် လူဦးရေ ၁၃၀,၀၀၀ ခန့်ထံ အသက်ကယ်ဆယ်ရေးရိက္ခာအကူအညီများကို ပေးအပ်ခဲ့ပြီးဖြစ်ပါသည်။ ရခိုင်ပြည်နယ်တွင်လည်း WFP အနေဖြင့် လိုအပ်ချက်များကိုလည်း လေ့လာဆန်းစစ်လျက်ရှိပြီး အကူအညီပေးရန် အသင့်ပြင်ဆင်ထားလျက်ရှိပါသည်။

ဓါတ်ပုံများကို အောက်ပါ link တွင် ရယူနိုင်ပါသည်။ 

https://wfp.sharepoint.com/:f:/s/WFPMM35/EvSRXq-YZoZPmHLTIv0UZkIBg89dlTVD0mmWEYD0f9LrTA?e=ZDCjd0 


 

[1]  Myanmar Information Management Unit

Elise Gibergues-Newton

WFP
Communications Officer
Htet Oo Linn

ထက်ဦးလင်း

WFP
ဆက်သွယ်ဆက်ဆံရေးအရာရှိ

ဤလုပ်ငန်းတွင်အဓိကပါဝင်နေသည့် ကုလသမဂ္ဂရုံးများ

WFP
ကုလသမဂ္ဂ ကမ္ဘာ့စားနပ်ရိက္ခာ အစီအစဉ်

လုပ်ငန်းရပ်များဖြင့်ပံ့ပိုးပေးနေသော ပန်းတိုင်များ