သတင်းထုတ်ပြန်ချက်

ရေဘေးသင့်ပြည်သူများအတွက် အရေးပေါ်စားနပ်ရိက္ခာအကူအညီ WFP စတင် ပေးဝေ

၂၀၂၄ ခုနှစ် ဩဂုတ်လ ၀၇ ရက်။

ရန်ကုန် - ကုလသမဂ္ဂ ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် (WFP) သည် မြန်မာနိုင်ငံ၏ ပြည်နယ်နှင့် တိုင်းဒေသကြီး ငါးခုတွင် ဆက်လက်ဖြစ်ပွားနေသော ရေကြီးရေလျှံမှုများကြောင့် ရေဘေးသင့်ကြသူ လူဦးရေ တစ်သိန်းကျော်ကို ကူညီရန် အရေးပေါ် ရေဘေး တုံ့ပြန်မှုလုပ်ငန်းတစ်ရပ်ကို စတင်လိုက်ပါသည်။

ဇွန်လနှောင်းပိုင်းမှစတင်ခဲ့သည့် မုတ်သုံမိုး သည်းထန်စွာ ရွာသွန်းမှုနှင့်အတူ ဖြစ်ပေါ်လာသည့် ပြင်းထန်သော ရေကြီးရေလျှံမှုများကြောင့် မြန်မာနိုင်ငံတွင် လူဦးရေပေါင်း ၂၀၀,၀၀၀ ကျော် ထိခိုက်ခဲ့ကြရပြီး အများအပြားမှာ ယာယီနေရပ်စွန့်ခွာတိမ်းရှောင်ခဲ့ကြရသည်။ WFP ၏ Advanced Disaster Analysis & Mapping ဂြိုလ်တုပုံရိပ်၏ သြဂုတ်လ ၆ ရက်နေ့ ခန့်မှန်းချက်အရ ရေကြီးရေလျှံမှု ကြုံတွေ့နေရသောဒေသများ၌ လူဦးရေပေါင်း ၈၅၅,၀၀၀ ခန့် နေထိုင်လျက်ရှိကြောင်း သိရသည်။

“မြန်မာနိုင်ငံမှာ စားနပ်ရိက္ခာမလုံလောက်မှု အရေးပေါ်အခြေအနေရောက်နေတဲ့အချိန်မှာမှ ရေဘေးကဖြစ်လာရပြန်ပါတယ်၊” ဟု WFP ၏ မြန်မာနိုင်ငံဆိုင်ရာ ဌာနေကိုယ်စားလှယ် Mr. Paolo Mattei က ပြောသည်။ "နိုင်ငံတစ်ဝန်းမှာ လူဦးရေပေါင်း ၁၃ သန်းကျော်ဟာ စားနပ်ရိက္ခာအခက်အခဲတွေနဲ့ ရုန်းကန်နေရတဲ့အချိန်မှာ အခုလို ရေဘေးဖြစ်တာကြောင့် သူတို့အနေနဲ့ ပိုပြီး ထိခိုက်လွယ်တဲ့အခြေအနေကို ရောက်ကြရတယ်။" ဟု Mr. Paolo Mattei က ပြောသည်။

လက်ရှိတွင် WFP ဝန်ထမ်းအဖွဲ့များသည် ကချင်ပြည်နယ်၊ ကရင်ပြည်နယ်၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီးနှင့် မကွေးတိုင်းဒေသကြီးတို့တွင် ရေဘေးသင့်ပြည်သူ အနည်းဆုံး ၁၂၀,၀၀၀ အတွက် အသက်ကယ်ဆယ်ရေးအထောက်အပံ့များ ပေးလျက်ရှိပါသည်။ WFP ၏ အထောက်အပံ့တွင် ငွေသား၊ ဆန်၊ အာဟာရမှုန့်များနှင့် အာဟာရဖြည့်ဘီစကွတ်များ ပါဝင်သည်။

WFP ၏ ရေဘေးကူညီမှုများသည် အခြေခံလိုအပ်ချက်များကို ဖြည့်ဆည်းပေးသည့် ဒေသခံပရဟိတအဖွဲ့အစည်းများ၏ ကနဦးပံ့ပိုးကူညီမှုကို အားဖြည့်ပံ့ပိုးပေးရန် ရည်ရွယ်ပါသည်။ လက်ရှိ နိုင်ငံအနှံ့အပြားတွင် ရေကြီးရေလျှံမှုများ ဆက်လက်ဖြစ်ပေါ်လျက်ရှိရာ WFP အနေဖြင့် အခြေအနေကို ဆက်လက်စောင့်ကြည့်နေပြီး လိုအပ်ပါက  ရေဘေးတုံ့ပြန်မှုလုပ်ငန်းကို ထပ်မံတိုးချဲ့ ဆောင်ရွက်သွားရန် အဆင်သင့်ပြင်လျက်ရှိပါသည်။

ဓါတ်ပုံများကို အောက်ပါ link တွင် ရယူနိုင်ပါသည်။

https://wfp.sharepoint.com/:f:/s/WFPMM35/EqDYGaTNTaBLjVvwq_U_gIEBuGi5dXXGs19Q7pjGT4Mmfg?e=FSwxTS 

Elise Gibergues-Newton

WFP
Communications Officer
Htet Oo Linn

ထက်ဦးလင်း

WFP
ဆက်သွယ်ဆက်ဆံရေးအရာရှိ

ဤလုပ်ငန်းတွင်အဓိကပါဝင်နေသည့် ကုလသမဂ္ဂရုံးများ

WFP
ကုလသမဂ္ဂ ကမ္ဘာ့စားနပ်ရိက္ခာ အစီအစဉ်

လုပ်ငန်းရပ်များဖြင့်ပံ့ပိုးပေးနေသော ပန်းတိုင်များ