လူအမြောက်အမြားသတ်ဖြတ်မှု (Holocaust) ကြောင့် အသက်ဆုံးရှုံးခဲ့သူများအား အောက်မေ့ဖွယ် နိုင်ငံတကာနေ့အတွက် ကုလသမဂ္ဂအတွင်းရေးမှူးချုပ်၏ သတင်းစကား
(အလွတ်သဘော ဘာသာပြန်ဆိုချက်)
"လူမျိုးရေးခွဲခြားမှု၊ မလိုမုန်းထားမှုနဲ့ ဘာသာရေး အယူသည်းမှု ပုံစံအားလုံးကို ရှုံ့ချရမှာပါ။"
နာဇီတွေနဲ့ သူတို့အပေါင်းအပါတွေရဲ့ အကွက်ချ သတ်ဖြတ်ခံခဲ့ကြရတဲ့ ဂျူးလူမျိုး ကလေးငယ်တွေ၊ အမျိုးသမီးတွေနဲ့ အမျိုးသားပေါင်း ခြောက်သန်းအတွက် ယနေ့မှာ ကျွန်တော်တို့ ခေတ္တငြိမ်သက်ကာ ဝမ်းနည်းခြင်းအထိမ်းအမှတ်ပြုကြရပါတယ်။ လူအမြောက်အမြားသတ်ဖြတ်မှု (Holocaust) မှာ ညှင်းပန်းနှိပ်စက် သတ်ဖြတ်ခံခဲ့ကြရတဲ့ Roma နဲ့ Sinti လူမျိုးစုဝင်တွေ၊ မသန်စွမ်းသူတွေနဲ့ အခြားသူအများအပြားအတွက် ဝမ်းနည်းကြေကွဲရပါတယ်။
သူတို့ကို အောက်မေ့ဂုဏ်ပြုပါတယ်။
အသက်ရှင်ကျန်ရစ်သူတွေ၊ သူတို့ရဲ့မိသားစုဝင်တွေ၊ မျိုးဆက်တွေနဲ့အတူ ရပ်တည်ပါတယ်။
ဘာဖြစ်ခဲ့တယ်ဆိုတဲ့ အမှန်တရားကို ဘယ်တော့မှ မမေ့ဖို့နဲ့ အခြားသူတွေလည်း မေ့မသွားစေရဘူးဆိုတာ ကတိပြုပါတယ်။
ဒါ့အပြင် ကျနော်တို့ခေတ်မှာကိုပဲ အလားတူ ကြောက်မက်ဖွယ်ရာ အဖြစ်ဆိုးတွေ ရှိနေဆဲပဲဆိုတာ အသိအမှတ်ပြုပါတယ်။
လူအမြောက်အမြားသတ်ဖြတ်မှု (Holocaust) ဖြစ်ပွားအောင် မီးထိုးပေးခဲ့တဲ့ ဂျူးလူမျိုးတွေအပေါ် ခွဲခြားဆက်ဆံမှု/မလိုမုန်းထားမှုဟာ နာဇီတွေနဲ့ စတင်ခဲ့တာမဟုတ်သလို နာဇီတွေ ရှုံးနိမ့်သွားတာနဲ့ ပြီးဆုံးသွားခဲ့တာ မဟုတ်ပါဘူး။
ယနေ့ခေတ်မှာ အမုန်းတရားဟာ ကြောက်မက်ဖွယ်အလျင်နဲ့ ပျံ့နှံ့နေတာကို တွေ့မြင်နေရပါတယ်။
အွန်လိုင်းပေါ်မှာဆိုရင် အရေးမပါလှတဲ့ အဆင့်ကနေ အဓိကကိစ္စရပ်တစ်ခုအဖြစ် ပြောင်းလဲရောက်ရှိသွားပါပြီ။
ဒါပေမဲ့ ဒီကနေ့မှာတော့ ကျွန်တော်တို့ အမှတ်ရကြရမှာတွေက-
သူတပါးကို မကောင်းဆိုးရွားအဖြစ် ပုံဖော်သတ်မှတ်တာနဲ့ မတူကွဲပြားမှုကို အသိအမှတ်မပြု လေးစားသမှုမရှိတာတွေက လူတိုင်းအတွက် အန္တရာယ်ဖြစ်ပါတယ်၊
မတူကွဲပြားတဲ့ အမြင်၊ ယုံကြည်ချက်၊ အပြုအမူတွေကို လက်သင့်မခံချင်တာမျိုးကနေ လွတ်ကင်းနိုင်တဲ့ လူ့အဖွဲ့အစည်း မရှိတဲ့အပြင် ပိုတောင်မှ ဆိုးရွားပါသေးတယ်။
ဒါ့အပြင် အစုတစ်စုအပေါ် တယူသန်အမြင်နဲ့ သတ်မှတ်တာဟာ အစုအားလုံးကို တယူသန်အမြင်နဲ့ သတ်မှတ်တာပဲဖြစ်ပါတယ်။
ဗြိတိန်နိုင်ငံရဲ့ ယခင် ဂျူးဘာသာရေးခေါင်းဆောင်ဖြစ်သူ ဂျော်နသန်ဆက်က “ဂျူးလူမျိုးတွေနဲ့စတင်တဲ့ အမုန်းတရားဟာ ဂျူးလူမျိုးတွေနဲ့ ဘယ်တော့မှ အဆုံးမသတ်ဘူး” လို့ မှတ်သားဖွယ် မိန့်ဆိုထားပါတယ်။
ဒါ့ကြောင့် ဒီနေ့မှာ အထူးသဖြင့် Hamas တွေရဲ့ စက်ဆုပ်ဖွယ်ကောင်းတဲ့ အောက်တိုဘာလ ၇ ရက်နေ့ အကြမ်းဖက် တိုက်ခိုက်မှုတွေအပြီးမှာ အမုန်းတရားနဲ့ မတူကွဲပြားမှုတွေရဲ့ အင်အားစုတွေကို ဆန့်ကျင်ရပ်တည်ဖို့ သန္နိဌာန်ချကြရပါမယ်။
မွတ်ဆလင် ဆန့်ကျင်ရေး အမုန်းတရားနဲ့ လူနည်းစု ခရစ်ယာန်အသိုက်အဝန်းတွေအပေါ် အကြမ်းဖက်မှုတို့ အပါအဝင် လူမျိုးရေးခွဲခြားမှု၊ မလိုမုန်းထားမှုနဲ့ ဘာသာရေး အယူသည်းမှု ပုံစံအားလုံးကို ရှုံ့ချရမှာြဖစ်သလို ဂျူးလူမျိုးတွေအပေါ် ခွဲခြားဆက်ဆံမှု/မလိုမုန်းထားမှုကို ကြုံတွေ့ရတဲ့ အချိန်တိုင်း နေရာတိုင်း အတိအလင်း ရှုံ့ချရပါမယ်။
ခွဲခြားဆက်ဆံမှုကို ရင်ဆိုင်ရတိုင်း နှုတ်ဆိတ်မနေကြရအောင်ပါ။ မတူကွဲပြားတဲ့ အမြင်၊ ယုံကြည်ချက်၊ အပြုအမူတွေကို လက်သင့်မခံချင်တာမျိုး ဘယ်တော့မှ သည်းမခံကြရအောင်ပါ။
လူတိုင်းရဲ့ လူ့အခွင့်အရေးတွေနဲ့ ဂုဏ်သိက္ခာအတွက် ထုတ်ဖော်ပြောဆိုကြရအောင်ပါ။
တစ်ဦးချင်းစီရဲ့ လူသားဖြစ်တည်မှုကို ဘယ်တော့မှ မျက်ကွယ်မပြုကြရအောင်ပါ။ ဘယ်တော့မှ သတိမမေ့လျော့ကြရအောင်ပါ။
မလိုမုန်းထားမှုနဲ့ ညှင်းပန်းနှိပ်စက်မှုတွေကို ရင်ဆိုင်နေရသူတိုင်းကို “သင်တစ်ယောက်တည်းမဟုတ်ပါဘူး” လို့ ပြတ်ပြတ်သားသား ပြောကြရအောင်ပါ။
ကုလသမဂ္ဂက သင်တို့နဲ့အတူ ရပ်တည်နေပါတယ်။