“အိမ်အကူလုပ်သားများကို စွမ်းရည် မြှင့်တင်ခြင်း - ပဌမဆုံးသော မြန်မာ့အိမ်အကူလုပ်သားအသင်း၏ ခရီးစဉ်ဖွင့်ပွဲ(အဖွင့်)”
ပဌမဆုံးမြန်မာအိမ်အကူအလုပ်သမားများအသင်းအဖွဲ့၏ အဖွင့်ခရီးလမ်းသည် အကြမ်းဖက်မှုနှင့်စော်ကားနှောင့်ယှက်မှုများကင်းစင်သော အလုပ်အကိုင်လောကဖြစ်လာရန် အထောက်အကူဖြစ်စေသည်။
ကျွန်မက ရန်ကင်းမြို့နယ်က ၃၃နှစ် အရွယ် အမျိုးသမီးတစ်ဦး ပါ။ ငယ်ငယ်ကတည်းက ရပ်ကွက်ထဲက အိမ်တွေမှာဘဲ (အလုပ်ရှင်များ) အိမ်အကူအလုပ် လုပ်နေခဲ့တာပါ။ အလုပ်လုပ်တဲ့အခါ သီးခြားဖြစ်နေတာမျိုး၊ အထီးကျန်ဆန်တာမျိုး ကို ရင်ဆိုင်ဖြေရှင်းခဲ့ရတယ်။ လူတွေနဲ့စကားပြောဖို့ယုံကြည်ချက်မျိုးလဲ ကျွန်မမှာ ရှိမနေခဲ့ဘူး။ ဒါပေမဲ့ The Three Good Spoons ကပြုလုပ်တဲ့ “License to Stir” ဆိုတဲ့သင်တန်းကိုတက်ပြီးတဲ့အခါမှာတော့၊ အဲဒါလုံးဝ ပြောင်းလဲသွားတယ်။ အဲဒီသင်တန်းကနေ လက်တွေ့ကျတဲ့အရာများစွာကို သင်ကြားတတ်မြောက်ခဲ့ယုံမကဘူး၊ ကိုယ့်ကိုယ်ကို ယုံကြည်မှု ပိုပြီးရှိလာတယ်။ ဖိစီးမှုတွေကို အလိုက်သင့် တွန်းလှန်နိုင်စွမ်းရှိလာတယ်၊ ပိုပြီးကြံ့ကြံ့ခံနိုင်လာတယ်။ ထပ်ပြီးမြင်လာ ရတာက၊ ကျွန်မအရင်က ရင်ဆိုင်ခဲ့ရသလိုမျိုး ရုန်းကန် ရင်ဆိုင်နေကြရသူတွေကို ကျွန်မက ပြန်ပြီး ကူညီနိုင်တာဘဲ ဖြစ်ပါတယ်။ ဒီလိုမျိုးကိုယ့်ကိုယ်ကိုယုံကြည်မှုက၊ ကျွန်မကို အိမ်အကူလုပ်သားအသင်းကို ထူထောင်သူအဖွဲ့ဝင်တစ်ဦး ဖြစ်လာဖို့ တွန်းအားပေးခဲ့ပါတယ်။ ဒီအသင်းအဖွဲ့က အိမ်အကူလုပ်သားတွေရဲ့ အခွင့်အရေးတွေကိုသိလာအောင် အကူအညီပေးပါတယ်။”
ယုဝါ၊ License to Stir (သင်တန်းဆင်း)
အိမ်အကူလုပ်သား နှင့် မြန်မာနိုင်ငံအိမ်အကူလုပ်သားအသင်းတည်ထောင်သူအဖွဲ့ဝင်
Three Good Spoons (TGS) ဟာ မြန်မာနိုင်ငံ၊ ရန်ကုန်မြို့မှာ အခြေစိုက်တဲ့ အကျိုးအမြတ်မယူတဲ့လူမှုရေးလုပ်ငန်းတစ်ခု ဖြစ်ပါတယ်။သူတို့က အိမ်အကူလုပ်သားတွေအတွက် အချက်အပြုတ်သင်တန်းဖွင့်ထားတာ နှစ်များစွာကြာပြီဖြစ်တဲ့အပြင်၊ “License to Stir” လို့ခေါ်တဲ့ အထူးကြပ်မတ်သင်ကြားပေးတဲ့ရက်သတ္တပတ်လေးပတ်တာသင်တန်းကိုလဲ လုပ် ဆောင်ပေးလျက်ရှိတယ်။ အဲဒီသင်တန်းမှာ၊ တစ်ကိုယ်ရေကျန်းမာရေး၊ အာဟာရ၊ အလုပ် လုပ်ကိုင်ခြင်းနဲ့ဆိုင်တဲ့ အခြေအနေတွေ၊ အလုပ်သမားအခွင့်အရေး၊ လူမှုရေးဆိုင်ရာအခွင့်အရေး စတာတွေကို ထည့်သွင်းသင်ကြားပေးပါတယ်။ သင်ခန်းစာတွေထဲမှာ အိုင်အယ်လ်အိုရဲ့ အိမ်အကူလုပ်သားများအတွက်သင့်လျော်သောအလုပ်အကိုင်ပြဌာန်းချက်၊ ၂၀၁၁ (အမှတ် ၁၈၉) လဲ ပါဝင်ပါတယ်။ The ILO TRIANGLE in ASEAN အစီအစဉ်က သက်မွေးသင်တန်းကျောင်းသစ်တစ်ခုကို ဖွင့်ဖို့ TGS ကိုထောက်ပံ့ခဲ့ပါတယ်။ မြန်မာနိုင်ငံအတွင်းမှာရော နိုင်ငံခြားတိုင်းပြည်တွေမှာပါ သင့်လျော်တဲ့အလုပ်အကိုင် ဖြစ်ကြောင်းသေချာစေဖို့၊ ဒီသင်တန်းက အိမ်အကူလုပ်သားတွေကို လုပ်ငန်းကျွမ်းကျင်မှု၊ ဗဟုသုတတွေနဲ့ တပ်ဆင်ပေးတယ်။ သင်တန်းရဲ့ အဆုံးစွန်ပန်းတိုင်ကတော့ မြန်မာနိုင်ငံအမျိုးသမီးအိမ်အကူလုပ်သားတွေရဲ့ လုပ်ရည်ကိုင်ရည် နဲ့ မိမိကိုယ်ကိုယုံကြည်မှုကို မြှင့်တင်ပေးဖို့ ဖြစ်တယ်။ သူတို့ဟာ ဘယ်နေရာမှာဘဲရှိရှိ၊ ကိုယ့်ရဲ့ ကြံ့ကြံ့ခံနိုင်မှုကိုထိန်းသိမ်းရမယ်၊ ကိုယ့်ရဲ့အခွင့်အရေးတွေကို အပိုင်ယူရမယ်၊ မတူကွဲပြားတဲ့ စီးပွားရေး လူမှုရေး အခင်းအကျင်းတွေနဲ့လိုက်လျော ညီထွေဖြစ်အောင် ပြင်ဆင်ရမယ်။ TGS သင်တန်း ပြီးဆုံးသွားတဲ့သူတွေက ဒီလုပ်ဆောင်မှုတွေမှာ တက်တက်ကြွကြွပါ ဝင် လှုပ်ရှားနေကြပြီး၊ အဖွဲ့ဝင်အခြေပြုအိမ်အကူလုပ်သားအသင်းကို ဖွဲ့စည်းရာမှာ အခရာကျတဲ့လူတွေဖြစ်နေကြပါပြီ။
“ကျွန်မက အိမ်အကူလုပ်သားအဖြစ်အလုပ်လုပ်နေတာ နှစ်အတန်ကြာ ရှိနေပါပြီ။ အစတုန်းက၊ ကျွန်မမှာ အလုပ်သမား အခွင့်အရေးတွေ ရှိတယ်ဆိုတာကို မသိခဲ့ဘူး။ လူအများစုက အိမ်အကူအလုပ်ကို တခြားအလုပ်တွေနဲ့တူတဲ့ အလုပ်တစ်မျိုးလို့ မထင်ကြဘူး။ ဒီ TGS သင်တန်းကိုတက်ပြီးတဲ့အခါမှာမှ ကျွန်မရ ရမယ့်အခွင့်အရေး၊ ကျွန်မ ရသင့်တဲ့အခွင့်အရေး တွေကို သိလာတော့တယ်။ ကျွန်မတို့ရဲ့အသင်းကနေတဆင့်၊ အိမ်အကူအလုပ်ကို အလုပ်အကိုင်တစ်ခုအဖြစ်အသိအမှတ်ပြုဖို့ စုပေါင်းအားပေး ထောက်ခံနိုင်တယ်။ ဒီအလုပ်အကိုင်ဟာ အကာအကွယ်ပေးမှု နဲ့ လေးစားမှုကို ခံစားပိုင်ခွင့် ရှိတဲ့အလုပ် ဖြစ်တယ်။ ကျွန်မတို့အတူတကွကြိုးစားရင် ကျွန်မတို့ရဲ့အသံကိုသူများ ကြားအောင် လုပ်နိုင်ပါတယ်။ မြန်မာပြည်တွင်းမှာရှိတဲ့ အိမ်အကူလုပ်သားတွေနဲ့ဖြစ်နိုင်သမျှ များများချိတ်ဆက်နိုင်အောင် ကျွန်မတို့ရဲ့ကွန်ရက်ကိုကျယ်ပြန့် အောင်လုပ်ဆောင်နေယုံတင်မကပဲ၊ တခြားနိုင်ငံတွေကိုအလုပ်အကိုင်ရဖို့အတွက် ရွှေ့ပြောင်းသွားကြတဲ့သူတွေနဲ့ပါ ချိတ်ဆက်နေပါတယ်။ ဒီလိုလုပ်တာကြောင့်၊ အနီးအဝေးမှာရှိကြတဲ့ကျွန်မတို့နဲ့ ဘဝတူတွေ ထိပ်တိုက်ရင်ဆိုင်နေရကြတဲ့ အားလုံးသောပြဿနာမျိုးစုံပါဝင်တဲ့ ရုပ်ပုံကားချပ်ကို ရရှိနိုင်စေမှာဖြစ်တယ်။ ပြီးတော့၊ ကျွန်မတို့ရဲ့ အသင်းထဲမှာ သတင်းအချက်အလက်တွေကို အတူတကွ ဝေမျှတာကနေတဆင့် စိန်ခေါ်မှုတွေ၊ အခက်အခဲတွေကို ယုံကြည်မှုရှိရှိနဲ့ ကိုင်တွယ် ဖြေရှင်းဖို့ အထောက်အကူပေးနေပါတယ်။”
ကေဇင်နွယ်၊ License to Stir သင်တန်းဆင်း။
အိမ်အကူလုပ်သား နှင့် မြန်မာနိုင်ငံအိမ်အကူလုပ်သားအသင်းတည်ထောင်သူအဖွဲ့ဝင်
ယခုမှ စတင်ပေါ်ပေါက်လာတဲ့ ဒီအသင်းလေးဟာ အဖွဲ့ဝင်အသစ်တွေကိုစုဆောင်းဖို့၊ ဗဟုသုတတွေကိုမျှဝေဖို့၊ ပြည်တွင်းနဲ့နိုင်ငံရပ်ခြားမှာရှိတဲ့ အိမ်အကူလုပ်သားတွေရဲ့အခွင့်အရေးတွေနဲ့ပတ်သက်ပြီး အကောင်းဆုံးဘယ်လို အားပေး လူသိအောင် မြှင့်တင်ပေးကြမလဲ ဆိုတဲ့နည်းဗျူဟာကိုရေးဆွဲဖို့ ဆိုတဲ့တာဝန်ဝတ္တရားတွေကို၊ လက်ရှိ အဖွဲ့သားတွေစီ လမ်းလျှောက်သင်စ ခလေးခြေလှမ်းမျိုးနဲ့ လွှဲပြောင်းပေးနေပါတယ်။ တည်ထောင်သူ ၁၅ယောက်ကနေ ပြီးတော့ အသိပညာမျှဝေတာ၊ ကွန်ရက်ချိတ်ဆက်တာတွေကို တက်တက်ကြွကြွလုပ်ဆောင်နေရင်းနဲ့ အဖွဲ့လေးက တော်တော်လေးကျယ်ပြန့်လာနေပါပြီ။ တစ်နှစ်အတွင်းမှာ၊ အဖွဲ့ဝင် ၅၀ အထိရှိ လာပြီး၊ ထိုင်း စင်္ကာပူ ကမ္ဘောဒီးယား အင်ဒိုနီးရှား နိုင်ငံတွေမှာရှိတဲ့ အိမ်အကူလုပ်သားတွေနဲ့ချိတ်ဆက်တဲ့ကွန်ရက်ကို တည်ထောင်နိုင်ခဲ့တယ်။ ၂၀၂၃ ခုနှစ် အောက်တိုဘာလမှာ၊ ဒီအသင်းဟာ သူ့ရဲ့ပထမဦးဆုံးအကြိမ်အစည်းအဝေးကို ကျင်းပနိုင်ခဲ့တယ်။ အဲဒီအစည်းအဝေးမှာ၊ အဖွဲ့ဝင်တွေဟာ သူတို့အသင်းရဲ့ သတ်မှတ်တာဝန်နဲ့လုပ်ပိုင်ခွင့်၊ အသင်းရဲ့ ဖွဲ့စည်းတည်ဆောက်ပုံကို ရေးဆွဲ ဖော်ထုတ်ခဲ့ကြတယ်။ ပြီးတော့၊ ခေါင်းဆောင်တွေကို ရွေးကောက်တင်မြှောက်ခဲ့ကြတယ်။ အခါအားလျော်စွာ စိန်ခေါ်မှုတွေရှိပေမယ့်လည်း၊ ဘဝတူအိမ်အကူလုပ်သားတွေကို အားပေးမယ့်၊ လုပ်ပိုင်ခွင့်အာဏာ လွှဲပြောင်းပေးမယ့် တောင့်တင်းခိုင်မာ တက်ကြွတဲ့ အသင်းအဖြစ်တည်ဆောက်ဖို့ အသင်းသားတွေက သန္နိဌာန်ချထားကြတယ်။ ပြီးတော့ ပိုပြီးကျယ်ပြန့် များပြားလာမယ့် အဖွဲ့ဝင်တွေကိုအခြေခံပြီး၊ ဒီအသင်းဟာ သူတို့ရဲ့အခွင့်အရေးတွေကို အကြံပေး လူသိများအောင်တိုးမြင့်လုပ်ဆောင် နေပါတယ်။
“လတ်တလော၊ ကျွန်မက စင်္ကာပူနိုင်ငံမှာ အလုပ်လုပ်နေပါတယ်။ အခုအလုပ်မှာ အလုပ်မရခင်၊ မြန်မာနိုင်ငံက Three Good Spoons “ရဲ့ License to Stir” ဆိုတဲ့ သင်တန်းကိုတက်ခွင့် ရခဲ့တယ်။ စင်္ကာပူ နိုင်ငံကအလုပ်အတွက် ကျွန်မကိုအင်တာဗျူးလုပ်တဲ့အခါ၊ Three Good Spoons က ကျွန်မရဲ့ကျွမ်းကျင်မှုနဲ့ပတ်သက်ပြီးထုတ်ပေးတဲ့ တရားဝင်လက်မှတ်ကို တင်ပြခဲ့ပါတယ်။ ကျွန်မယုံကြည်ပါတယ်၊ ဒါက ကျွန်မကိုအလုပ်ခန့်ဖို့အတွက်ရွေးချယ်တဲ့နေရာမှာ အဓိကအခန်းက ပါဝင်ခဲ့ပါတယ်။ ရလဒ်အနေနဲ့ ကျွန်မဟာ လုပ်ခလစာပိုများများရတယ်၊ စင်္ကာပူနိုင်ငံမှာ ဥပဒေအရ ခံစားခွင့်ရှိတာတွေ အားလုံးရတယ်။ အားလပ်ရက်တွေမှာ အိမ်အကူလုပ်သားတစ်ယောက်အနေနဲ့ ကျွန်မရဲ့ အသိပညာ ဗဟုသုတ နဲ့ကျွမ်းကျင်မှုကို ပိုပြီးမြှင့်တင်ပေးမယ့် Three Good Spoons ရဲ့ နောက်ထပ်ပေးတဲ့သင်တန်းတွေနဲ့ဆွေးနွေးပွဲတွေမှာ တက်ကြွစွာပါဝင်လျက် ရှိပါတယ်။” - နော်ဒေးဘရိုက်၊ အိမ်အကူလုပ်သား (စင်္ကာပူနိုင်ငံ)
မြန်မာနိုင်ငံ အိမ်အကူလုပ်သားအသင်းဟာ သင်တန်းတွေကိုပို့ချနေပြီဖြစ်တယ်၊ ပြီးတော့ သူတို့ကိုအကာအကွယ်ပေးတဲ့ သို့မဟုတ် အလုပ်သမားအခွင့်အရေးတွေနဲ့ လူမှုဖူလှုံရေးအစီအမံတွေကနေ အိမ်အကူလုပ်သားတွေကိုဖယ်ကြဉ်ထားတဲ့ ဥပဒေတွေ၊ မူဝါဒတွေအကြောင်းကို ဆွေးနွေးနေကြပြီဖြစ်တယ်။ ဒီအသင်းဟာ ပါဝင်တက်ရောက်လာကြသူတွေကို နိုင်ငံတကာစံနှုန်း၊ အထူးသဖြင့် အိမ်အကူလုပ်သားပြဌာန်းချက် ၂၀၁၁ (အမှတ် ၁၈၉)၊ ပြီးတော့ အကြမ်းဖက်ခြင်းနှင့် နှောင့်ယှက်ခြင်းဆိုင်ရာပြဌာန်းချက် ၂၀၁၉ (အမှတ် ၁၉၀) ကို လေ့ကျင့်သင်ကြားပေးပါတယ်။ ဒီဒေသအတွင်းမှာ ဖိလစ်ပိုင်နိုင်ငံ တစ်နိုင်ငံတည်းကသာ ပြဌာန်းချက်အမှတ် ၁၈၉ ကိုအတည်ပြုလက်မှတ်ရေးထိုးပြီး ပါသေး တယ်။ ပြဌာန်းချက် အမှတ် ၁၉၀ ကို အာရှတိုက်မှာရှိတဲ့ဘယ်နိုင်ငံကမှ လက်မှတ်ရေးထိုးတာ မရှိသေးပါဘူး။ ဒါက ဘာကိုပြသနေသလဲ ဆိုရင်၊ အိမ်အကူလုပ်သားတွေရဲ့အခွင့်အရေးတွေကိုအသိအမှတ်ပြုခံရဖို့ နဲ့ လုပ်ငန်းခွင်မှာသူတို့ ရဲ့လုံခြုံမှုအတွက်အကာအကွယ်ရဖို့အတွက်၊ ခက်ခဲကြမ်းတမ်းတဲ့ရုန်းကန်မှုကို အချိန်အတန်ကြာလုပ်ရနိုင်ဖွယ်ရှိသေး တယ်၊ ဆိုတာပါဘဲ။ ဒါပေမဲ့လည်း ဒီအချက်က၊ မြန်မာနိုင်ငံရဲ့ ရှေ့ဆောင်လမ်းပြ ဒီအိမ်အကူလုပ်သားအဖွဲ့ကို ကြောက်ရွံ့တုန်လှုပ်သွားစေမှာ မဟုတ်ဘူး။ ဒီအသင်းရဲ့ ဥက္ကဌဖြစ်တဲ့ မစ္စဘရစ်ဂျစ်သူက “အလုပ်သမားအဖွဲ့အစည်းတစ်ခု ဖွဲ့စည်းဖို့ ဘယ်တော့မှမလွယ်ကူဘူး၊ ဒါပေမဲ့ အိမ်အကူလုပ်သားတွေကိုစည်းရုံးဖို့က ပိုလို့တောင်ခက်ခဲသေးတယ်။ အိမ်အကူအလုပ်ကို ဥပဒေအရ ကာကွယ်ခွင့် ခံစားပိုင်ခွင့်ရှိတဲ့ အလုပ်အကိုင်အဖြစ် အသိအမှတ်မပြုခြင်းက၊ ကျွန်မတို့ကို ပိုပြီးတော့ အကာအကွယ်မဲ့သူတွေဖြစ်စေပါတယ်။ အိုင်အယ်လ်အိုပြဌာန်းချက် အမှတ် ၁၈၉ ကို ပြဌာန်းပြီး အိမ်အကူလုပ်သားတွေအတွက် သင့်လျော်ကောင်းမွန်တဲ့ အလုပ်အကိုင်အဖြစ် အသိအမှတ်ပြုထားပါတယ်။ အလုပ်ရှင်တွေကအဲဒီ အိုင်အယ်လ်အိုပြဌာန်းချက်ကို လေးစားပြီး၊ ကျွန်မတို့ရဲ့ အလုပ်သမား အခွင့်အရေးတွေကို ပေးစေချင်ပါတယ်။ ကျွန်မတို့ရဲ့ ကျွမ်းကျင်မှုတွေကို အသိအမှတ် ပြုပေးသင့်ပြီး၊ ဝန်းကျင်အသစ် တွေမှာ ရွှေ့ပြောင်းအလုပ်လုပ်ကြမယ့်သူတွေ အထူးသဖြင့်၊ လူငယ်အိမ်အကူလုပ်သားတွေအတွက် ကျွမ်းကျင်မှု သင်တန်းတွေ ပိုပြီး ရှိနေသင့်ပါပြီ။”
Three Good Spoons အတွက် နည်းပညာပံ့ပိုးမှု နဲ့ သင်တန်းတွေပေးတာ လိုအပ်ပါတယ်။ ILO TRIANGLE IN ASEAN အစီအစဉ်ကလဲ မူရင်းနိုင်ငံနဲ့ ရွှေ့ပြောင်းသွားရောက်မယ့်နိုင်ငံ နှစ်ခုစလုံးမှာ၊ နည်းဗျူဟာကျကျဖွင့်ထားတဲ့ Migrant Worker Centres (MCs) (ရွှေ့ပြောင်းလုပ်သားများ သတင်းအချက်အလက်စင်တာများ) တွေရဲ့ ကွန်ရက်ချိတ်ဆက်မှုတွေကို ပံ့ပိုးပေးလျက် ရှိပါတယ်။ ဒီစင်တာတွေဟာ လုပ်ငန်းကဏ္ဍအားလုံးက အိမ်အကူလုပ်သားတွေကို သတင်းအချက်အလက် ၊ ဥပဒေဆိုင်ရာပံ့ပိုးမှု၊ သင်တန်း၊ စိတ်ပိုင်းဆိုင်ရာ ပံ့ပိုးမှု တွေကိုပေးနေပါတယ်။ မြန်မာ့အိမ်အကူလုပ်သားတွေက ကိုယ်သွားရောက်မယ့်နိုင်ငံတွေမှာရှိတဲ့ ဒီရွှေ့ပြောင်းအလုပ်သမား သတင်းအချက်အလက်စင်တာ ဘယ်တစ်ခုကိုမဆို ဆက်သွယ်နိုင်တယ်။ ထိုင်း နဲ့ စင်္ကာပူ နှစ်နိုင်ငံ မှာ HOMENET နဲ့ HOME ဆိုတဲ့၊ အိမ်အကူလုပ်သားတွေကို အဓိကထားပြီး အကူအညီပေးတဲ့ အဖွဲ့နှစ်ဖွဲ့ ရှိပါတယ်။ ပံ့ပိုးကူညီမှုတွေပေးနေတဲ့ကွန်ရက်ကြီးရဲ့ အစိတ်အပိုင်းတစ်ခုဖြစ်တာကြောင့်၊ အိမ်အကူလုပ်သားများရဲ့ သီးသန့်ဖြစ်နေတဲ့ ခံစားမှုကို ချိုးဖျက်ပေးရာနေရာ၊ စိတ်ဖိစီးမှုတွေကို သက်သာမှုရစေတဲ့နေရာတွေ ဖြစ်ပါတယ်။ ဒီအသင်းအဖွဲ့နဲ့ အခြား အဖွဲ့အစည်းတွေ ပိုပြီးတော့ ချိတ်ဆက်လုပ်ဆောင်မှုများလာခြင်းက၊ ဒုက္ခ ပြဿနာတွေနဲ့ရင်ဆိုင်ရချိန်မှာ လုံခြုံစိတ်ချရတဲ့ ကွန်ရက်ချိတ်ဆက်မှုကို ရရှိစေတယ်။ ဒါ့အပြင်၊ တခြားရွှေ့ပြောင်းလုပ်သားတွေနဲ့ တွေ့ဆုံခွင့်ရတာ၊ စိတ်ဖြေလျှော့ခွင့် ရတာ၊ ပျော်ရွှင်ခွင့်ရတာ ဆိုတဲ့အခွင့်အလမ်းတွေကိုလဲ ရစေပါတယ်။ နိုင်ငံများအကြား ရွှေ့ပြောင်းလုပ်သား အဖွဲ့အစည်းတွေရဲ့ ချိတ်ဆက်မှုတွေက ရွှေ့ပြောင်းသွားလာမှု ဖြစ်စဉ်အတွင်းရှိ အကူအညီပေးရေး လုပ်ငန်းစဉ်ကို အစမှအဆုံး ပံ့ပိုးပေးခြင်း ဖြစ်ပါတယ်။
“လွတ်လပ်သောအသင်းအဖွဲ့ ဖွဲ့စည်းခြင်းနဲ့ စုပေါင်းတောင်းဆိုခွင့်ဟာ အခြေခံကျတဲ့အခွင့်အရေးတွေဖြစ်တာကြောင့်၊ လုံးဝကွဲပြားခြားနားမှုမရှိပဲ၊ ရွှေ့ပြောင်းလုပ်သားတွေအပါအဝင် အလုပ်သမားအားလုံးနဲ့သက်ဆိုင်သင့်တယ်။ ဒါပေမဲ့ လက်တွေ့မှာတော့ အလုပ်သမားအတော်များများက အဖွဲ့အစည်းမဖွဲ့နိုင်ကြတဲ့အပြင်၊ အဖွဲ့အစည်းတွေထဲဝင်ရောက်ပြီး စုပေါင်းတောင်းဆိုခြင်းက အရင်းခံပြီးရလာတဲ့ အကျိုးကျေးဇူးတွေကို ခံစားနိုင်ခွင့်လဲ မရှိကြဘူး။ အိမ်အကူလုပ်သား တွေ၊ အထူးသဖြင့် ရွှေ့ပြောင်းအိမ်အကူလုပ်သားတွေဟာ ဒီအခြေခံအခွင့်အရေးကို ခံစားခွင့်ရရှိမှု အနည်းဆုံးသူ တွေအထဲမှာ ပါဝင်နေတယ်။ တစ်ချိန်ထဲမှာဘဲ၊ ဒီအလုပ်သမားအုပ်စုဟာ အလုပ်နဲ့ဆက်နွှယ်တဲ့အကြမ်းဖက်မှု၊ အနှောင့်အယှက်တွေကနေ အကာအကွယ်အမဲ့ဆုံးလူတွေ ဖြစ်နေကြရပြန်တယ်။ အခု ကျွန်မတို့က ၁၆ရက်တာ ကျား-မ အခြေပြု အကြမ်းဖက်မှုဆန့်ကျင်ရေး လှုံ့ဆော်မှုအစီအစဉ်ကို စတင်ဝင်ရောက်နေပြီဖြစ်တာကြောင့်၊ ကျွန်မတို့ အိုင်အယ်လ်အိုအနေနဲ့ မြန်မာနိုင်ငံရဲ့ ပထမအဦးဆုံး အိမ်အကူလုပ်သားအသင်းရဲ့ တိုးတက်မှုတွေအတွက် အလွန် ဂုဏ်ယူပါတယ်။ အိမ်အကူလုပ်သားများစွာထံသို့ အရောက်လှမ်းနိုင်အောင်လို့၊ အကြမ်းဖက်မှု အနှောင့်အယှက် ပေးမှုတွေ ကင်းတဲ့အလုပ်အကိုင်လောကကြီးဖြစ်လာဖို့အတွက် ဒီအသင်းကို ဆက်ပြီး အဆုံးစွန် ပံ့ပိုးသွားမှာ ဖြစ်ပါတယ်။”
Anna Engblom (အကြီးတန်း နည်းပညာအကြံပေး)၊ TRIANGLE in ASEAN programme ILO