ကမ္ဘာ့ အေအိုင်ဒီအက်စ်နေ့ဟာ အရေးပါတဲ့အချိန်မှာ ရောက်ရှိလာပါတယ်။
အေအိုင်ဒီအက်စ်ရောဂါနဲ့ ဆက်စပ်တဲ့ သေဆုံးမှုတွေဟာ သေဆုံးမှု အမြင့်ဆုံးဖြစ်တဲ့ ၂၀၀၄ ခုနှစ်ကတည်းက အခုထိ ၇၀ ရာခိုင်နှုန်းနီးပါး ကျဆင်းခဲ့ပြီး၊ အိတ်ချ်အိုင်ဗွီရောဂါပိုး ကူးဆက်မှုအသစ်တွေကလည်း ၁၉၈၀ ပြည့်လွန်ကာလတွေကတည်းက အနိမ့်ဆုံးအဆင့်မှာ ရှိနေပါတယ်။
ဒါပေမဲ့ အေအိုင်ဒီအက်စ်ရောဂါက တစ်မိနစ်တိုင်းမှာ အသက်တစ်ချောင်း နှုတ်ယူနေဆဲဖြစ်ပါတယ်။
သက္ကရာဇ် ၂၀၃၀ မှာ အေအိုင်ဒီအက်စ်ရောဂါကို ပြည်သူ့ကျန်းမာရေးခြိမ်းခြောက်မှုတစ်ခုအဖြစ်က အဆုံးသတ်ရမှာဖြစ်သလို ကျွန်တော်တို့ အဆုံးသတ်နိုင်ပါတယ်။
အဲဒီပန်းတိုင်ကို ရောက်ရှိဖို့က ယခုနှစ် ကမ္ဘာ့ အေအိုင်ဒီအက်စ်နေ့ ဆောင်ပုဒ် ဖြစ်တဲ့ “လူထုအသိုက်အဝန်းတွေ ဦးဆောင်ပါစေ”ကို လိုက်နာတာဖြစ်ပါတယ်။
အေအိုင်ဒီအက်စ်ရောဂါကို အဆုံးသတ်စေတဲ့ နည်းလမ်းက လူထုအသိုက်အဝန်းတွေကတဆင့် သွားရမှာဖြစ်ပါတယ်။
ပြည်သူတွေ လိုအပ်တဲ့ ကုသမှု၊ ဝန်ဆောင်မှုတွေနဲ့ ပံ့ပိုးကူညီမှုတွေကို ချိတ်ဆက်ပေးခြင်းကနေ လူအားလုံး သူတို့ရဲ့ ကျန်းမာရေးဆိုင်ရာအခွင့်အရေးတွေအကြောင်း နားလည်သိရှိစေနိုင်တဲ့ လုပ်ဆောင်ချက်တွေကို တွန်းအားပေးတဲ့ အောက်ခြေလူထုလှုပ်ရှားမှုတွေအထိ ဖြစ်ပါတယ်။
အေအိုင်ဒီအက်စ်ရောဂါတိုက်ဖျက်ရေးတိုက်ပွဲမှာ ရှေ့တန်းကပါဝင်နေသူတွေကို ပံ့ပိုးကူညီပေးခြင်းက ကျွန်တော်တို့ အောင်နိုင်မယ့်နည်းလမ်း ဖြစ်ပါတယ်။
ဒါဟာ ရပ်ရွာလူထုခေါင်းဆောင်မှုကို အိတ်ချ်အိုင်ဗွီ စီမံကိန်းတွေ၊ အစီအစဉ်တွေ၊ ရန်ပုံငွေတွေနဲ့ စောင့်ကြည့်ကြိုးပမ်းအားထုတ်မှုတွေရဲ့ အဓိကနေရာမှာ ထားရှိတာကို ဆိုလိုတာဖြစ်ပါတယ်။
ရပ်ရွာလူထုခေါင်းဆောင်မှုအတွက် အတားအဆီးတွေကိုလည်း ဖယ်ရှားဖို့လိုသလို ဒေသတွင်း အရပ်ဘက်အဖွဲ့အစည်းတွေအတွက် သူတို့ရဲ့ အရေးပါတဲ့လုပ်ငန်းတွေကို ရှေ့ဆက်ဆောင်ရွက်နိုင်ဖို့ နေရာပေးရပါမယ်။
အရေးအကြီးဆုံးကတော့ ငွေကြေးထောက်ပံ့မှု လိုအပ်တာ ဖြစ်ပါတယ်။
ဝင်ငွေနည်းတဲ့နိုင်ငံတွေနဲ့ ဝင်ငွေ အလယ်အလတ်ရှိတဲ့နိုင်ငံတွေမှာ အေအိုင်ဒီအက်ရောဂါဆိုင်ရာ တိုက်ဖျက်ရေးအတွက် အပြည့်အဝထောက်ပံ့ဖို့ နှစ်စဉ် ဒေါ်လာ ၈ ဘီလီယံကျော် လိုအပ်နေပါတယ်။
အဲဒီအထဲမှာ အိတ်ချ်အိုင်ဗွီဗိုင်းရပ်ပိုးရှိသူတွေ ဦးဆောင်တဲ့ ဒေသတွင်း အစီအစဉ်တွေနဲ့ ရပ်ရွာလူထုဦးဆောင်တဲ့ တားဆီးကာကွယ်ရေး ကနဦးအစီအစဉ်တွေအတွက် တိုးမြှင့်ရန်ပုံငွေလည်း ပါဝင်ပါတယ်။
အေအိုင်ဒီအက်စ်ရောဂါကို အနိုင်ယူတိုက်ဖျက်လို့ ရပါတယ်။
ရပ်ရွာဝန်းကျင်၊ နိုင်ငံတွေနဲ့ ကမ္ဘာတစ်ဝန်းမှာ ဒီရောဂါဘေးဆိုးကို အဆုံးသတ်ဖို့ ရပ်ရွာလူထုအသိုက်အဝန်းတွေကို ပံ့ပိုးကူညီပေးတဲ့ အလုပ်ကို ပြီးမြောက်အောင် လုပ်ဆောင်ကြရအောင်ပါ။