မြန်မာနိုင်ငံ၏အမေ့လျော့ခံ ပဋိပက္ခများမှနေရပ်စွန့်ခွာနေထိုင်ရသည့် မိသားစုများနေရပ်ပြန်နိုင်ရန် ရော်ရမ်းတမ်းတနေဆဲ
မိုးသည်းထန်စွာရွာသွန်းမှုကြောင့်မိုးစက်မိုးပေါက်များကသွပ်အမိုးများကိုရိုက်ခတ်သံများသည်နေရပ်စွန့်ခွာသူများနေထိုင်ရာမြတန်ဆောင်စခန်းအတွင်းပဲ့တင်ထပ်လျက်ရှိသည်။
မလှမ်းမကမ်းအကွာအဝေးတွင် နှစ်ပေါင်း၅၀၀သက်တမ်းရှိသော ဘုရားပုထိုးများသည် စိမ်းလန်းစိုပြည်သော ရှုခင်းအကြား ပြိုးပြိုးပြောက်ပြောက်ပါဝင်ရောယှက်နေသည်။ မြတန်ဆောင်တည်ရှိရာ မြောက်ဦးမြို့နယ်သည် ယဉ်ကျေးမှုအမွေအနှစ်များပေါများပြီး တစ်ချိန်က ရခိုင်ပြည်၏အထင်ကရမြို့တော်အဖြစ်ကျော်ကြားသည်။
မြတန်ဆောင်ဘုန်းတော်ကြီးကျောင်း၀န်းအတွင်းတွင် အမျိုးသမီးများသည် ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ အေဂျင်စီ (UNHCR )မှပေးဝေမည့် ကယ်ဆယ်ရေးပစ္စည်းများရယူရန်အတွက် ၎င်းတို့၏အလှည့်ကိုစိတ်ရှည်စွာ စောင့်ဆိုင်းနေကြသည်။ ဘာသာရေးအဆောက်အဦများနှင့်ဒေသခံလူမှုအသိုင်းအဝိုင်းများသည် နေရပ်စွန့်ခွာ မိသားစုများကိုကူညီပံ့ပိုးရာတွင်အဓိကအခန်းကဏ္ဍမှပါဝင်လျက်ရှိကြပြီး ပဋိပက္ခဖြစ်ပွားချိန်တွင်ခိုလှုံရာ နေရာများအဖြစ် မကြာခဏကူညီဆောင်ရွက်ပေးကြသည်။
မုတ်သုံမိုးဆက်လက်ရွာသွန်းနေသဖြင့် ရွှံ့နွံထူထပ်သောလမ်းများနှင့် ဒူးခေါင်းအမြင့်ရှိသောရေပြင်များကို ဖြတ်ကာ ခေါင်းပေါ်ရှိအစိမ်းရောင်အိတ်ကြီးများကို ဂရုတစိုက်ဟန်ချက်ညီအောင်သယ်ဆောင်ရင်း ယင်းတို့ ခိုလှုံနေထိုင်ရာနေရာအသီးသီးသို့ပြန်သွားကြသည်။ မိုးသည်းထန်စွာရွာသွန်းချိန်တွင် အဆိုပါနေရာသည် ပုံမှန် ရေကြီးလေ့ရှိပြီး စခန်းတွင်းနေထိုင်သူများသည်သွားလာလှုပ်ရှားနိုင်ရန်အတွက် ရရာဝါးများကိုအသုံးပြုကာ ဖန်တီးထားသည့်လူသွားလမ်းများကို အသုံးပြုနေကြရသည်။
ခိုလှုံနေထိုင်ရာနေရာတစ်ခုတွင် ဒေါ်ဦးသိန်းလှ (၅၇)နှစ်သည် ခင်ပွန်း၊ သားသမီး၊ မြေးများနှင့်အတူ ယင်းလက်ခံရရှိခဲ့သည့်အိတ်အတွင်းရှိပါဝင်ပစ္စည်းများကို ဖွင့်ဖောက်ကြည့်ရှုနေပါသည်။ အဆိုပါအိတ် အတွင်းတွင် စောင်များ၊ ဖျာများ၊ မီးဖိုချောင်သုံးပစ္စည်းများနှင့် ခြင်ထောင်များအပါအဝင် အခြေခံအိမ်သုံး ပစ္စည်းများပါ၀င်သည်။
“အပြင်ကလာကူညီတာတွေမရှိရင် တို့ဘဝတွေကအများကြီးပိုပြီးခက်ခဲမှာပေါ့” ဟု ဒေါ်ဦးသိန်းလှကဆိုသည်။ လယ်သမားများဖြစ်ကြသော သူမ၏မိသားစုသည် ယင်းတို့နေထိုင်ရာရွာသို့ မော်တာကျည်များကျရောက်၍ နေအိမ်ပျက်စီးသွားသောအခါတွင် ယင်းတို့၏မြေယာများနှင့်အိမ်ကို ကျောခိုင်းစွန့်ခွာခဲ့ကြရသည်။
လက်ရှိတွင် မြတန်ဆောင်သည် အနီးအနားရှိကျေးရွာလေးရွာမှလူပေါင်း၁,၁၀၀ကျော်အား ဘေးကင်းလုံခြုံ စေရေးအတွက်ခိုလှုံရာနေရာပေးအပ်ခဲ့သည်။အများစုသည်၂၀၁၉ခုနှစ်တွင်မြန်မာ့တပ်မတော်နှင့်တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းတစ်ခုဖြစ်သည့်ရက္ခိုင့်တပ်မတော်တို့အကြားဖြစ်ပွားခဲ့သည့် တိုက်ပွဲများကြောင့် အဆိုပါနေရာသို့ရောက်ရှိလာခဲ့ကြသူများဖြစ်သည်။
၂၀၁၈ ခုနှစ်၊ ပဋိပက္ခများစတင်ဖြစ်ပွားခဲ့သည့်အချိန်မှစ၍ ရခိုင်ပြည်နယ်အလယ်ပိုင်းနှင့်မြောက်ပိုင်း ဒေသများမှ ရခိုင်တိုင်းရင်းသားအများစုပါ၀င်သည့်လူပေါင်း ၁၀၀,၀၀၀ကျော်သည် နေရပ်စွန့်ခွာ နေထိုင်ခဲ့ကြရပြီး ယင်းတို့ အနက် လူပေါင်း၅၁,၀၀၀သည် ယနေ့ထက်တိုင်နေရပ်စွန့်ခွာ နေထိုင်နေကြရဆဲဖြစ်သည်။ နိုင်ငံတကာ အာရုံစိုက်မှုအများစုသည် ရခိုင်ပြည်နယ်မှအခြားလူမျိုးစုဖြစ်သည့် ရိုဟင်ဂျာများအပေါ်တွင်ရှိနေသောကြောင့် ယင်းပဋိပက္ခ၏သက်ရောက်မှုကို လူသိနည်းပါးပါသည်။ ရိုဟင်ဂျာများသည် အကြမ်းဖက်ပဋိပက္ခကြောင့် ထိခိုက်ခံစားခဲ့ရပြီး၊ နိုင်ငံသားဖြစ်ခွင့်၊ လွတ်လပ်စွာ သွားလာခွင့်နှင့် အခြေခံ ဝန်ဆောင်မှုများရရှိရေးအပါအဝင် ၎င်းတို့၏အခြေခံအခွင့်အရေးများအပေါ် ပြင်းထန်စွာကန့်သတ်မှုများနှင့် ရင်ဆိုင်နေကြရသည်။
နေရပ်စွန့်ခွာဖြစ်ခဲ့ရပြီးလေးနှစ်တာကာလအတွင်း ဒေါ်ဦးသိန်းလှ၏မိသားစုသည် မြတန်ဆောင်ရှိအခြားသူများ ကဲ့သို့ပင် အလုပ်အကိုင်အခွင့်အလမ်းနည်းပါးမှုကြောင့် အလုပ်အကိုင်ရရှိရေးအတွက်ရုန်းကန်နေကြရပါသည်။ ရခိုင်ပြည်နယ်သည် မြန်မာနိုင်ငံတွင်အဆင်းရဲဆုံးနှင့်ဖွံ့ဖြိုးတိုးတက်မှုအနည်းဆုံးပြည်နယ်များထဲတွင်ပါဝင်ပြီး လူမှုအသိုက်အ၀န်းများအနေဖြင့်ရှင်သန်ရပ်တည်နိုင်ရေးအတွက် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများပေးအပ်သည့်အဖွဲ့အစည်းများမှပံ့ပိုးပေးသောအကူအညီများအပေါ်တွင် များစွာမှီခိုနေကြ ရသည်။
UNHCRမှ နေရပ်စွန့်ခွာလူမှုအသိုက်အ၀န်းများအတွက်အခြေခံအိမ်သုံးပစ္စည်းများအပြင် အမိုးအကာများလည်း ပံ့ပိုးပေးပါသည်။ ၂၀၂၃ခုနှစ်ဇန်နဝါရီလမှစတင်၍ ယခုလက်ရှိအချိန်အထိ ရခိုင်ပြည်နယ်ရှိမြို့နယ်ကိုးမြို့နယ်မှ ပဋိပက္ခဒဏ်ခံခဲ့ရသော လူပေါင်း ၄၄,၀၀၀ ကျော်သည် UNHCR ထံမှ ပံ့ပိုးကူညီမှုများရရှိထားပြီးဖြစ်သည်။
ရေရှည်တည်တံ့သောနေရပ်ပြန်ရေးအလှမ်းဝေးနေဆဲ
မြတန်ဆောင်ရှိမိသားစုအများအပြားသည် ၎င်းတို့၏ကျေးရွာများသို့ပြန်လိုသော်လည်း တင်းမာမှုများနှင့် မလုံခြုံမှုများ ဆက်လက်ဖြစ်ပေါ်နေကာ ၂၀၂၂ ခုနှစ် နိုဝင်ဘာလတွင် သဘောတူထားသည့် ထိရှလွယ်သည့် အပစ်အခတ်ရပ်စဲရေးကို ခြိမ်းခြောက်လျက်ရှိသည်။ “ကျမတို့အတွက်တော့ ဒီနေရာ[နေရပ်စွန့်ခွာစခန်း]မှာ လွတ်လပ်မှုနည်းတာပေါ့။ တို့ရွာမှာဆိုကိုယ်ကြိုက်တဲ့နေရာကိုယ်သွား၊ ကိုယ်ကြိုက်တာကိုယ်လုပ် လွတ်လွတ်လပ်လပ်နေလို့ရတယ်......ဒါပေမယ့် ပြန်ရမှာကိုလဲမပြန်ရဲသေးဘူး” ဟုဒေါ်ဦးသိန်းလှကပြောသည်။
ဒေါ်ဦးသိန်းလှ၏ကျေးရွာသည် နေရပ်စွန့်ခွာစခန်းမှလေးမိုင်အကွာအဝေးတွင်သာ တည်ရှိနေသော်လည်း နေရပ်တွင်ပြန်လည်နေထိုင်ရန်အတွက်ဘေးကင်းလုံခြုံမှုမရှိသေးဟုယူဆရဆဲဖြစ်သည်။ ထိုဒေသတွင် မြေမြှုပ်မိုင်းများရှိနေခြင်းကြောင့် မိသားစုများသည် ၎င်းတို့၏သီးနှံများကိုစိုက်ပျိုးရန်၊ ကျွဲ၊ နွားမွေးမြူရေး လုပ်ဆောင်ရန် သို့မဟုတ် ဝါးရှာထွက်ခြင်းစသည်တို့ကိုမပြုလုပ်နိုင်တော့ပေ။ ယင်းရွာသည် လက်နက်ကိုင် တိုက်ပွဲဝင်နေသည့်အဖွဲ့အစည်းများတပ်စွဲထားလျက်ရှိသည့်တောင်ကုန်းများဖြင့်၀န်းရံထားသည်။
နေရပ်စွန့်ခွာအသိုက်အ၀န်းများအတွက်ကြုံတွေ့နေရသည့်သောကများကိုထပ်ဆင့်ပိုလာစေသည့်အချက်သည် ယင်းတို့နေထိုင်ရာစခန်းကို အာဏာပိုင်များမှပိတ်သိမ်းနိုင်သည့်အလားအလာရှိခြင်းဖြစ်ပြီး၊ ယင်းတို့အတွက် ဘေးဒုက္ခများပိုမိုများပြားလာစေနိုင်သည့်အခြေအနေတစ်ရပ်ဖြစ်သည်။ မြတန်ဆောင်ကိုပိတ်သိမ်းရန်အတွက် ပြောဆိုထားခြင်းမရှိသေးသော်လည်း အခြားနေရပ်စွန့်ခွာနေထိုင်ရာစခန်းအများအပြားမှမိသားစုများကို ယင်းတို့၏ ကျေးရွာများသို့ပြန်ရန်သို့မဟုတ် အခြားနေရာများသို့ပြောင်းရွှေ့နေထိုင်ရန် ဖိအားပေးခြင်းများ ရှိနေသည်။
“စစ်ဘေးရှောင်ပြည်သူအများစုဟာ သူတို့ရဲ့ရွာတွေကိုပြန်လိုတဲ့ဆန္ဒကိုထုတ်ဖော်ကြပေမဲ့ အတော်များများ ကတော့ တိုက်ပွဲတွေပြန်ဖြစ်မှာကိုစိုးရိမ်တာအပြင် မြေမြှုပ်မိုင်းတွေရှိနေတာကိုလည်းကြောက်ရွံ့တာကြောင့် အခုလိုပြန်ဖို့အတွက်လုံခြုံတယ်လို့မခံစားရပါဘူး။ ရေရှည်တည်တံ့တဲ့နေရပ်ပြန်ခြင်းဆိုတာဘေးကင်းလုံခြုံမှုနဲ့ များစွာဆက်စပ်နေပါတယ်” ဟု စစ်တွေမြို့ရှိ UNHCR ရုံးအကြီးအကဲ Federico Sersale က ရှင်းပြသည်။
“နေရပ်စွန့်ခွာမိသားစုတွေအနေနဲ့ ဘေးကင်းလုံခြုံပြီးဂုဏ်သိက္ခာရှိစွာကိုယ့်ရပ်ရွာကိုပြန်နိုင်ခွင့်ရှိပေမယ့် ဆုံးဖြတ်ချက်ချမှတ်နိုင်ဖို့လိုအပ်တာတွေကိုအသိပေးဖို့လိုပြီး သူတို့ကိုယ်တိုင်သဘောဆန္ဒအရ ဆုံးဖြတ်တာမျိုး ဖြစ်ဖို့လိုပါတယ်။ မည်သူ့ကိုမှနေရပ်ပြန်ရန်သို့မဟုတ်နေရပ်စွန့်ခွာနေရာကနေထွက်ခွာသွားဖို့ အတင်းအကျပ် စေခိုင်းခြင်းမပြုသင့်ပါဘူး။ UNHCRအနေနဲ့ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာအကူအညီများနှင့်အတူ တာရှည်ခံဖြေရှင်းနည်းများရှာဖွေခြင်းတို့အတွက် ဆက်လက်ကူညီပံ့ပိုးသွားမှာဖြစ်ပါတယ်။”ဟု ၎င်းက ထပ်လောင်းပြောကြားခဲ့သည်။
ကာလရှည်ကြာမလုံခြုံမှုနှင့် လက်နက်ကိုင်ပဋိပက္ခများပြန်လည်ဖြစ်ပွားလာနိုင်သည့်ဘေးအန္တရာယ် များကြောင့် ဒေါ်ဦးသိန်းလှအတွက် သူမမည်သည့်အချိန်တွင် အိမ်ပြန်နိုင်မည်ကို မရောရာမသေချာသေးပါ။ “ကျမတို့ ဒီမှာ(မြတန်ဆောင်)မှာပဲထာဝရနေထိုင်သွားရပြီး ဒီမှာပဲသေသွားနိုင်တယ်”ဟု မျက်ရည်များနှင့် ပြောသည်။ "ကျမတို့အတွက် အနာဂတ်မရှိတော့သလိုခံစားရတယ်။"
ရက္ခိုင့်တပ်မတော်-မြန်မာ့တပ်မတော်ပဋိပက္ခကြောင့်ထိခိုက်ခံစားရသည့် လူမှုအသိုက်အဝန်းများအတွက် UNHCRမှပံ့ပိုးကူညီမှုဆိုင်ရာအချက်အလက်များပိုမိုသိရှိနိုင်ရန်အတွက် ကျွန်ုပ်တို့၏နောက်ဆုံးရသတင်း အချက်အလက်များကို ဤသတင်းစာမျက်နှာတွင် ဖတ်ရှုပါ။
အင်္ဂလိပ်ဘာသာဖြင့် - https://data.unhcr.org/en/documents/details/103563
မြန်မာဘာသာဖြင့်: https://data.unhcr.org/en/documents/details/103559
*ဤဆောင်းပါးကို UNHCR အာရှပစိဖိတ် ဝက်ဘ်ဆိုဒ်တွင် အောက်တိုဘာလ (၂၄)ရက်နေ့တွင် မူရင်းရေးသားထုတ်ဝေခဲ့ပါသည်။