ကုလသမဂ္ဂအတွင်းရေးမှူးချုပ်၏ ကမ္ဘာ့စားနပ်ရိက္ခာနေ့အတွက် သတင်းစကား
(အလွတ်သဘော ဘာသာပြန်ဆိုချက်)
ငတ်မွတ်ခေါင်းပါးမှုနဲ့ အာဟာရချို့တဲ့မှုတွေ အဆုံးသတ်ရေးမှာ နောက်ပြန်လှည့်မှုတွေနဲ့အတူ ကမ္ဘာတဝန်း စားနပ်ရိက္ခာ အကျပ်အတည်းကာလအတွင်း ၂၀၂၃ ခုနှစ် ကမ္ဘာ့စားနပ်ရိက္ခာနေ့ ကျရောက်လာတာ ဖြစ်ပါတယ်။
ကမ္ဘာ့တစ်ဝန်းမှာရှိတဲ့ လူပေါင်း သန်း ၇၈၀ လောက်ဟာ ငတ်မွတ်ခေါင်းပါးမှုဒဏ် ခံစားနေရပြီး၊ ကလေးသူငယ် သန်း ၅၀ နီးပါးဟာ ဆိုးဆိုးရွားရွား အာဟာရ မပြည့်ဝမှုတွေကြောင့် အသက်အန္တရာယ်နဲ့ ရင်ဆိုင်နေရပါတယ်။ ဒါပေမယ့် ဒီနှစ်ရဲ့ ကမ္ဘာ့ လူသားချင်းစာနာမှုဆိုင်ရာ အရေးပေါ် ရန်ပုံငွေဟာ ၃၂ ရာခိုင်နှုန်းပဲ ရရှိပါသေးတယ်။
အစာရေစာ ပေါကြွယ်ဝတဲ့ ကျွန်တော်တို့ ကမ္ဘာကြီးမှာ ငတ်မွတ်ခေါင်းပါးမှုဒဏ်ကြောင့် စက္ကန့်အနည်းငယ်တိုင်း လူတစ်ဦး သေဆုံးနေရတာဟာ အင်မတန် စိတ်ထိခိုက်စရာ ကောင်းပါတယ်။ တချိန်တည်းမှာ ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ်ဟာ သူတို့ရဲ့ အရေးပါတဲ့ ထောက်ပံ့ကူညီရေးအစီအစဉ်တွေကို ဖြတ်တောက်ဖို့ ဖိအားပေးခံနေရပါတယ်။
နှစ်ပေါင်းများစွာ တိုးတက်မှုအပြီး ၂၀၁၅ ခုနှစ်မှာ အစိုးရတွေက ၂၀၃၀ ခုနှစ်မှာ ငတ်မွတ်ခေါင်းပါးမှု ပပျောက်ဖို့ ရည်မှန်းချက်ကို ချမှတ်ခဲ့ကြပါတယ်။
ဒါပေမယ့် ရှစ်နှစ်တာကာလ ကုန်လွန်ခဲ့ချိန်မှာ ငတ်မွတ်ခေါင်းပါးမှုဒဏ် ခံစားနေရသူဦးရေ သိသိသာသာ တိုးမြင့်လာခဲ့ပါတယ်။
ဒီအကျပ်အတည်းဟာ အရေးယူဆောင်ရွက်မှုတွေ လုပ်ဆောင်ဖို့ ဆော်သြနေပါတယ်။ ပထမဆုံးအနေနဲ့ကတော့ ပြည်သူတွေ လုံလုံလောက်လောက် စားသုံးနိုင်ဖို့ တာဝန်ရှိတဲ့ နိုင်ငံအစိုးရတွေဆီက ဖြစ်ပါတယ်။
ဒါပေမယ့် အဲဒီလိုဆောင်ရွက်ဖို့ အစိုးရအတော်များများမှာ အရင်းအမြစ်တွေ လိုအပ်နေပါတယ်။ ဒါ့ကြောင့် ထိရောက်မှုရှိတဲ့ နိုင်ငံတကာ စည်းလုံးညီညွတ်မှုကလည်း မရှိမဖြစ်လိုအပ်နေပါတယ်။
ကမ္ဘာ့စားနပ်ရိက္ခာ အကျပ်အတည်း ကျရောက်စေတဲ့ ရေရှည်အကြောင်းအရင်းတွေထဲမှာ ပဋိပက္ခတွေ၊ ရာသီဥတုဆိုးရွားပြင်းထန်မှုတွေ၊ မညီမျှမှုတွေနဲ့ စီးပွားရေးမတည်ငြိမ်မှုတွေ ပါဝင်ပါတယ်။
ကုလသမဂ္ဂစနစ်အနေနဲ့ အမြတ်အစွန်းထက် လူတွေကို ဦးစားပေးတဲ့ ရေရှည်တည်တံ့ပြီး မျှတတဲ့ စားနပ်ရိက္ခာစနစ်တွေအတွက် ပံ့ပိုးကူညီပေးမှုတွေကတဆင့် အရင်းခံအကြောင်းရင်းတွေကို ကိုင်တွယ်ဖြေရှင်းနေပါတယ်။
ဆိုလိုတာကတော့ ရာသီဥတုဒဏ်ခံနိုင်တဲ့ စိုက်ပျိုးရေးကဏ္ဍတွေမှာ ရင်းနှီးမြှုပ်နှံမှုတွေကို အကြီးအကျယ် တိုးမြှင့်ဖို့နဲ့ ရာသီဥတု ပြောင်းလဲမှုဆိုင်ရာ အရေးယူဆောင်ရွက်မှုတွေနဲ့ ချိန်ညှိဖို့ ဖြစ်ပါတယ်။
စားနပ်ရိက္ခာစနစ်တွေရဲ့ ထိရောက်မှုနဲ့ လက်လှမ်းမီနိုင်မှုကို တိုးမြှင့်ဖို့ သိပ္ပံနဲ့ နည်းပညာတွေကို ကောင်းကောင်း အသုံးချဖို့လည်း လိုပါတယ်။ ဒီနှစ် ကမ္ဘာ့စားနပ်ရိက္ခာနေ့ရဲ့ဆောင်ပုဒ်က အာဟာရဖြစ်စေပြီး ကျန်းမာစေတဲ့ အစားအစာအတွက် လိုအပ်တဲ့ “ရေ” ကို အလေးပေးထားပါတယ်။
နောင်အနာဂတ်မျိုးဆက်တွေအတွက် ငတ်မွတ်ခေါင်းပါးမှုကို အဆုံးသတ်စေဖို့၊ စဥ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေး ရည်မှန်းချက်ပန်းတိုင်တွေ ပြည့်မီစေဖို့နဲ့ ရေကို ထိန်းသိမ်းနိုင်စေဖို့အတွက် စိုက်ပျိုးရေးကဏ္ဍနဲ့ အစားအစာထုတ်လုပ်ရေးကဏ္ဍတွေမှာ ရေကို ရေရှည်တည်တံ့တဲ့ စီမံခန့်ခွဲမှုပြုခြင်းဟာ မရှိမဖြစ်လိုအပ်ပါတယ်။
ငတ်မွတ်ခေါင်းပါးမှုပပျောက်ရေးဟာ အောင်မြင်နိုင်ပါတယ်။
ဒီကနေ့ ကျရောက်တဲ့ ကမ္ဘာ့စားနပ်ရိက္ခာနေ့မှာ နိုင်ငံအစိုးရတွေ၊ ပုဂ္ဂလိက ကဏ္ဍတွေ၊ လူမှုအဖွဲ့အစည်းတွေနဲ့ ပညာရေးအသိုင်းအဝိုင်းတွေကို အတူတကွ ပူးပေါင်းဆောင်ရွက်ကြဖို့ ကျွန်တော် တိုက်တွန်းလိုတာကတော့-
ငတ်မွတ်နေသူတွေကို ကျွေးမွေးစောင့်ရှောက်ရေး ဦးစားပေးဆောင်ရွက်ဖို့၊
ဒီ အကျပ်အတည်း အဆုံးသတ်ရေးကို ကမ္ဘာ့လုံးဆိုင်ရာ အစီအစဉ်ရဲ့ ထိပ်ဆုံးမှာရောက်စေဖို့နဲ့
လူတိုင်းကို လုံလောက်တဲ့ စားနပ်ရိက္ခာတွေ ပံ့ပိုးပေးနိုင်တဲ့ ရေရှည်ဖြေရှင်နည်းတွေမှာ ရင်းနှီးမြှုပ်နှံဖို့တွေ ဖြစ်ပါတယ်။