သတင်းထုတ်ပြန်ချက်

ကုလသမဂ္ဂကမ္ဘာ့စားနပ်ရိက္ခာအစီအစဥ်၏ သတင်းထုတ်ပြန်ချက် - COVID-19 တုံ့ပြန်မှုနှင့် လူသားချင်းစာနာထောက်ထားမှုလုပ်ငန်းများအတွက် အထောက်အပံ့ဖြစ်စေရန် မြန်မာနိုင်ငံတွင် ပြည်တွင်းလေကြောင်းခရီးစဥ်များအား WFP စတင်ပြေးဆွဲ

၂၀၂၀ ခုနှစ် အောက်တိုဘာလ ၂၄ ရက်။

ရန်ကုန်၊ မြန်မာ - ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် (WFP) ၏ စီစဥ်မှုဖြင့် ကုလသမဂ္ဂ အထူးလေယာဥ်တစ်စင်းသည်  ဆေးပစ္စည်းအထောက်အပံ့များနှင့် အကူအညီပေးရေးဝန်ထမ်းများကို တင်ဆောင်ကာ ရခိုင်ပြည်နယ်ရှိ COVID-19 တုန့်ပြန်မှုနှင့် လူသားချင်းစာနာထောက်ထားမှုလုပ်ငန်းများအားကူညီပံ့ပိုးနိုင်ရန်အတွက် ယနေ့နံနက်ပိုင်းတွင် ရန်ကုန်မြို့မှ စတင်ပျံသန်းထွက်ခွာခဲ့သည်။

နိုင်ငံတော်အစိုးရ၏ COVID-19 ကူးစက်ရောဂါထိန်းချုပ်မှုတစ်ရပ်အနေဖြင့် ပြည်တွင်းစီးပွားဖြစ်လေကြောင်းခရီးစဥ်များကို စက်တင်ဘာလမှစတင်၍ ခေတ္တရပ်နားထားခြင်းကြောင့် WFP ၏ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ပြည်တွင်းလေကြောင်းခရီးစဥ်များကို စတင်လိုက်ခြင်းဖြစ်ပါသည်။ အထူးသဖြင့် ရန်ကုန်မြို့နှင့် စစ်တွေမြို့အကြားဆက်သွယ်သည့် ကုန်လမ်း၊ ရေလမ်းများမှာ လတ်တလော သွားလာရန် အလွန်ခက်ခဲသည့် အခြေအနေတွင်ရှိသောကြောင့်ဖြစ်ပါသည်။

“WFP အနေနဲ့ မြန်မာနိုင်ငံမှာ လူသားချင်းစာနာထောက်ထားမှုအကူအညီပေးနေတဲ့ အဖွဲ့အစည်းတွေ အားလုံးအတွက် အခုလို လေကြောင်းခရီးစဥ်တွေကနေတစ်ဆင့် သယ်ယူပို့ဆောင်ရေးဝန်ဆောင်မှုပေးခွင့်ရတဲ့အတွက် ဂုဏ်ယူမိပါတယ်။” ဟု WFP ၏ မြန်မာနိုင်ငံဆိုင်ရာ ဌာနေကိုယ်စားလှယ် Mr Stephen Anderson က ပြောသည်။ “လိုအပ်ချက်ရှိတဲ့အပေါ်မှာမူတည်ပြီး အခုလိုပြည်တွင်းလေကြောင်းခရီးစဥ်တွေကို တိုးချဲ့ပြေးဆွဲသွားနိုင်ဖို့ ကျွန်တော်တို့ ပြင်ဆင်ထားပါတယ်။ COVID-19 တုံ့ပြန်မှုလုပ်ငန်းတွေနဲ့ လူသားချင်းစာနာထောက်ထားမှုလုပ်ငန်းတွေမှာ ရှေ့တန်းကနေပါဝင်ကူညီကြမယ့်သူတွေကို လိုရာခရီးရောက်အောင် သယ်ယူပို့ဆောင်ပေးနိုင်ဖို့ဖြစ်ပါတယ်။” ဟု Mr Anderson က ပြောသည်။

WFP ၏ လေကြောင်းခရီးစဥ်တွင် လိုက်ပါသူခရီးသည်များသည် ခရီးစဥ်မတိုင်မီ ကျန်းမာရေးနှင့်အားကစား ဝန်ကြီးဌာန၏ ပံ့ပိုးကူညီမှုဖြင့် COVID-19 ဆေးစစ်မှုခံယူကြရပြီး၊ နိုင်ငံတော်အစိုးရက ချမှတ်ထားသော လေကြောင်းခရီးဆိုင်ရာ စည်းမျဥ်းစည်းကမ်းများနှင့် အသွားအလာကန့်သတ်မှုစည်းမျဥ်းစည်းကမ်းများကို ခရီးစဥ်အတွင်းနှင့် ခရီးစဥ်ပြီးဆုံးချိန်တွင် အတိအကျ လိုက်နာကြရပါသည်။

ယခုလေကြောင်းခရီးစဥ်ကို ဥရောပသမဂ္ဂ European Civil Protection and Humanitarian Aid Operations (ECHO) ၏ ဘဏ္ဍာငွေအထောက်အပံ့နှင့်အတူ နိုင်ငံခြားရေးဝန်ကြီးဌာန၊ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊  လေကြောင်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန နှင့် အခြားမိတ်ဖက်အဖွဲ့အစည်းများ၏ ပေါင်းစပ်ညှိနှိုင်းပေးမှု ကျေးဇူးဖြင့် အောင်မြင်စွာ စတင်ပြေးဆွဲနိုင်ခြင်းဖြစ်ပါသည်။

တစ်ချိန်တည်းတွင် အပြည်ပြည်ဆိုင်ရာ စီးပွားဖြစ်လေကြောင်းခရီးစဥ်များ  ခေတ္တရပ်ဆိုင်းထားခြင်းကြောင့် WFP သည် မေလအစောပိုင်းမှစတင်ကာ ရန်ကုန်၊ ဗီယန်ကျင်းနှင့် ကွာလာလမ်ပူမြို့များကိုဆက်သွယ်သည့် အထူးလေကြောင်းခရီးစဥ်များကို အပတ်စဉ်ပုံမှန်ပြေးဆွဲပေးလျက်ရှိပြီး၊ မြန်မာနိုင်ငံအတွင်းသို့ ဆေးပစ္စည်း အထောက်အပံ့များနှင့် အကူအညီပေးရေးဝန်ထမ်းများအား ပုံမှန်သယ်ယူပို့ဆောင်ပေးလျက်ရှိပါသည်။  ထို့အတူ WFP သည် COVID-19 တုန့်ပြန်မှုအထောက်အပံ့ တစ်စိတ်တစ်ပိုင်းအနေဖြင့် မြန်မာနိုင်ငံနေရာအနှံ့အပြားရှိ အသွားအလာကန့်သတ်‌စောင့်ကြည့်မှုစင်တာများ၊ COVID-19  ကုသရေးဌာနများ နှင့် နယ်စပ်ဂိတ်များ၌ ထမင်းဟင်းလျာ စားနပ်ရိက္ခာများကို ဆက်လက်ထောက်ပံ့ပေးအပ်လျက်ရှိပါသည်။

WFP ၏ COVID-19 တုံ့ပြန်မှုအထောက်အပံ့များအကြောင်း ဤနေရာတွင် ဖတ်ရှုပါ။

#                                  #                                  #

ကုလသမဂ္ဂ ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ်သည် ၂၀၂၀ ခုနှစ်  ငြိမ်းချမ်းရေးနိုဘယ်ဆုရှင်ဖြစ်သည်။ ကျွန်ုပ်တို့သည် ကမ္ဘာ့အကြီးမားဆုံး လူသားချင်းစာနာထောက်ထားမှုအကူအညီပေးအပ်ရေးအဖွဲ့အစည်းဖြစ်သည်။ အရေးပေါ် အခြေအနေများတွင် လူ့အသက်ကယ်တင်ခြင်းနှင့် စားနပ်ရိက္ခာအထောက်အပံ့များမှတစ်ဆင့် ပဋိပက္ခ၊ သဘာဝဘေး အန္တရာယ်များနှင့် ရာသီဥတုပြောင်းလဲခြင်းအကျိုးသက်ရောက်မှုများမှ ပြန်လည်ထူထောင်ကာ ငြိမ်းချမ်းရေး၊ တည်ငြိမ်မှုနှင့် သာယာဝပြောမှုတို့ကို လမ်းဖောက်တည်ဆောက်ရန် ကြိုးပမ်းဆောင်ရွက်လျက်ရှိသည်။

WFP ကို တွစ်တာတွင် @WFP_Media နှင့် @WFPAsiaPacific တို့မှတစ်ဆင့် ချိတ်ဆက်နိုင်ပါသည်။

 

Htet Oo Linn

ထက်ဦးလင်း

WFP
ဆက်သွယ်ဆက်ဆံရေးအရာရှိ
generic profile

ခွမ်းလီ

WFP
အာရှနှင့် ပစိဖိတ်ဒေသဆိုင်ရာ ဌာနချုပ်၊ ဘန်ကောက်မြို့၊ ထိုင်းနိုင်ငံ။

ဤလုပ်ငန်းတွင်အဓိကပါဝင်နေသည့် ကုလသမဂ္ဂရုံးများ

WFP
ကုလသမဂ္ဂ ကမ္ဘာ့စားနပ်ရိက္ခာ အစီအစဉ်

လုပ်ငန်းရပ်များဖြင့်ပံ့ပိုးပေးနေသော ပန်းတိုင်များ