သတင်းထုတ်ပြန်ချက်

အမျိုးသားအဆင့် COVID-19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများတွင် အသုံးပြုရန်အတွက် UNHCRမှ ဆေးနှင့်ဆေးဘက်ဆိုင်ရာပစ္စည်းများ လှူဒါန်း ပေးအပ်ခြင်း

၂၀၂၀ ခုနှစ် ဩဂုတ်လ ၁၂ ရက်။

နေပြည်တော် - ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာအေဂျင်စီ(UNHCR)သည် မြန်မာနိုင်ငံ၏ COVID-19 ကမ္ဘာလုံး ဆိုင်ရာကပ်ရောဂါအပေါ်တုန့်ပြန်ဆောင်ရွက်မှုကိုကူညီပံ့ပိုးသည့်အနေဖြင့်ဆေးဝါးများ၊ဆေးပစ္စည်းကိရိယာများနှင့် တစ်ကိုယ်ရည်သုံးရောဂါကာကွယ်ရေးဝတ်စုံများပါ၀င်သည့် ဆေးဝါးနှင့်ဆေးဘက်ဆိုင်ရာပစ္စည်းများကို ၀န်ကြီး ဌာနများသို့ပေးအပ်လှူဒါန်းခဲ့သည်။ ရောဂါကာကွယ်ထိန်းချုပ်ကုသရေးလုပ်ငန်းများအတွက် အထောက်အကူပြု ပစ္စည်းများလွှဲပြောင်းပေးအပ်ခြင်းအခမ်းအနားကို နေပြည်တော်တွင်ကျင်းပပြုလုပ်ခဲ့ပြီး၊ အခမ်းအနားသို့ မြန်မာ နိုင်ငံအစိုးရ၀န်ကြီးဌာနများမှတာ၀န်ရှိပုဂ္ဂိုလ်များနှင့် ကုလသဂ္ဂဒုက္ခသည်များဆိုင်ရာမဟာမင်းကြီးရုံးမှ ယာယီ ဌာနေကိုယ်စားလှယ်တို့တက်ရောက်ခဲ့ကြပါသည်။

UNHCRသည်ကျန်းမာရေးနှင့်အားကစား၀န်ကြီးဌာန၊အလုပ်သမား၊လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အား၀န်ကြီး ဌာန၊ နိုင်ငံခြားရေး၀န်ကြီးဌာနနှင့် လူမှု၀န်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး ၀န်ကြီးဌာန များသို့ စုစုပေါင်း ဒေါ်လာ ၂.၃ သန်းတန်ဖိုးရှိဆေးဝါးပစ္စည်းများထောက်ပံ့လှူဒါန်းခဲ့ပါသည်။

ဆေးဘက်ဆိုင်ရာပစ္စည်းများဖြစ်သည့် Ultrasound Scanner အလုံး၂၀၊ ventilator ၁၈ လုံး၊ အပူချိန်တိုင်းကိရိယာ ၇၂၀ နှင့် ဆေးအမျိုးမျိုးတို့ပါ၀င်သည့် WHO မှအကြံပြုထားသည့် COVID-19 တုံ့ပြန်ဆောင်ရွက်ရာတွင်အသုံးပြုမည့် ပစ္စည်းကိရိယာများပါ၀င်သည့်ပစ္စည်းအစုံ၄စုံအား ကူညီပံ့ပိုးပေးခြင်းသည် အမျိုးသားအဆင့်ကျန်းမာရေးဆိုင်ရာ တုံ့ပြန်ဆောင်ရွက်မှုကို အားဖြည့်ကူညီရန်ရည်ရွယ်ခြင်းဖြစ်သည်။ ရောဂါဖြစ်ပွားမှုစီမံခန့်ခွဲရာတွင် နောက်ထပ် အထောက်အပံ့ဖြစ်စေရန်အတွက် ပိုးသတ်ဆေး၊ ဆေးဘက်ဆိုင်ရာစွန့်ပစ်ပစ္စည်းများကိုစီမံခန့်ခွဲရန်ပစ္စည်းများနှင့် ဓာတ်ခွဲခန်းဆိုင်ရာအထောက်အပံ့များသည်လည်း လှုဒါန်းမှုတွင်ပါ၀င်သည်။ ထို့အပြင် ရှေ့တန်းမျက်နှာစာမှ တာ၀န်ယူဆောင်ရွက်ပေးနေကြသည့်ကျန်းမာရေးစောင့်ရှောက်မှုလုပ်သားများဘေးကင်းစေရန်ရည်ရွယ်၍ ရောဂါ စစ်ဆေးမှုနှင့်ခွဲစိတ်ခန်းသုံးလက်အိတ် ၂၃၈,၆၀၀စုံ၊ ခွဲစိတ်ခန်းသုံးနှာခေါင်းစည်း ၁၇၀,၀၀၀၊ N95 နှာခေါင်းစည်း ၁၆၀,၀၀၀၊ မျက်နှာကာ ၃၄,၀၀၀၊ တစ်ခါသုံး၀တ်စုံ ၂၃,၀၀၀ နှင့် ဘေးကင်းလုံခြုံရေးမျက်မှန် ၉,၆၀၀တို့ပါ၀င်သည့် ဘေးကင်းလုံခြုံရေးဆိုင်ရာပစ္စည်းကိရိယာများကိုလည်းလွှဲပြောင်းပေးအပ်ခဲ့ပါသည်။

“ဗိုင်းရပ်စ်ပိုးပျံ့နှံ့မှုကိုနှေးကွေးစေရန်နှင့် ရပ်တန့်နိုင်ရန်အတွက်UNHCRအနေဖြင့်ကျွန်ုပ်တို့၏မိတ်ဖက်များနှင့်အတူ လူမှုအသိုင်းအ၀ိုင်းအားလုံးတို့အားကူညီပံ့ပိုးပေးရန်ကတိပြုထားပြီး ထိခိုက်လွယ်လူအုပ်စုများအား ပြည်သူ့ ကျန်းမာရေးတုံ့ပြန်ဆောင်ရွက်မှုတွင်ပါ၀င်နိုင်စေရန်အတွက်လည်း အလေးထားလုပ်ဆောင်သွားမည်ဖြစ်သည်။ ယနေ့ပြုလုပ်ခဲ့သည့်ဆေးဘက်ဆိုင်ရာပစ္စည်းများလှုဒါန်းခြင်းသည်အမျိုးသားအဆင့်COVID-19တုံ့ပြန်ဆောင်ရွက်မှု အတွက် အထောက်အကူပြုရန် UNHCR၏အလေးထားဆောင်ရွက်မှုအတွက် နောက်ထပ်ပြယုဂ်တစ်ခုဖြစ်သည်။ ကျွန်ုပ်တို့အနေဖြင့် နိုင်ငံတစ်၀ှမ်းရှိကျန်းမာရေး၀န်ထမ်းများအားကျေးဇူးတင်ရှိကြောင်း ပြောကြားလိုပြီး ကျန်းမာရေးစောင့်ရှောက်မှုလိုအပ်နေသူများအားကူညီပေးနေသည့် ယင်းကျန်းမာရေး၀န်ထမ်းများ ဘေးကင်း လုံခြုံစေရေးအတွက်လည်း ကူညီပေးရန်အသင့်ရှိနေကြောင်းပြောကြားလိုပါသည်”ဟု မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာမဟာမင်းကြီးရုံးမှ ယာယီဌာနေကိုယ်စားလှယ် Cecile Fradotမှ ပြောကြားခဲ့ ပါသည်။

ကပ်ရောဂါစတင်ဖြစ်ပွားစဥ်ကတည်းကပင် UNHCRသည် ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်မြောက်ပိုင်းနှင့် ရခိုင် ပြည်နယ်နှင့် အရှေ့တောင်ပိုင်းဒေသများရှိ နေရပ်စွန့်ခွာရွှေ့ပြောင်းနေထိုင်ရာနေရာများတွင် ကြိုတင်ကာကွယ်ရေး ဆိုင်ရာအဓိကသတင်းစကားများဖြင့် အသိပညာပေးမြှင့်တင်ရေးလှုပ်ရှားမှုများနှင့် လက်သန့်ဆေးရည်၊ ဆပ်ပြာများနှင့် လက်ဆေးစင်သစ်များထားရှိပေးခြင်းဖြင့် ကျန်းမာရေး၊ ရေနှင့်သန့်ရှင်းရေးနှင့် တစ်ကိုယ်ရည် သန့်ရှင်းရေးဆိုင်ရာလုပ်ငန်းများအား နေရပ်စွန့်ခွာစခန်းများတွင်သာမက လူထူထပ်ရာစျေးနေရာများတွင်လည်း တိုးမြှင့်လုပ်ဆောင်ခဲ့ခြင်းဖြင့် ကြိုတင်ကာကွယ်ရေးနှင့်တုန့်ပြန်မှုဆိုင်ရာဆောင်ရွက်မှုများကို မြှင့်တင်ဆောင်ရွက် ခဲ့ပါသည်။ ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာမဟာမင်းကြီးရုံးသည် အသွားအလာကန့်သတ်စောင့်ကြည့်ရေး စခန်းများတွင်ယာယီနေထိုင်ရသည့်ပြည်သူများပိုမိုသက်တောင့်သက်သာဖြစ်စေရန်နှင့်လုံခြုံစေရန်အတွက်လိုအပ်သည့်ပစ္စည်းများဖြစ်သည့် ခုတင်များ၊ စောင်များ၊ တစ်ကိုယ်ရည်ကျန်းမာရေးသုံးပစ္စည်းစုံများ အစရှိသည့် ပစ္စည်းများအား စောင့်ကြည့်ရေးစခန်းပေါင်း ၃၅၀ကျော်တွင်ထားရှိနိုင်ရန်အတွက် နိုင်ငံတစ်၀ှန်းရှိ ‌ဒေသန္တရအစိုးရ အဖွဲ့များနှင့် ကျန်းမာရေး၀န်ကြီးဌာနများအား ပံ့ပိုးကူညီပေးခဲ့ပါသည်။ ယနေ့လှုဒါန်းမှုသည် ဇူလိုင်လ ၂၅ ရက်က ကျန်းမာရေးနှင့်အားကစား၀န်ကြီးဌာနသို့ COVID-19 စမ်းသပ်ကိရိယာပေါင်း ၁၀,၀၀၀လှုဒါန်းမှု၏ နောက်ဆက်တွဲ လှုဒါန်းမှုဖြစ်သည်။

ခေါင်းစဉ်-UNHCR ယာယီဌာနေကိုယ်စားလှယ် Cecile Fradot ၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးတို့ နေပြည်တော်တွင် လှူဒါန်းပွဲ အခမ်းအနားတက်ရောက်စဉ်။
ဓာတ်ပုံ - © UNHCR
generic profile

Yin Yin Myint

UNHCR
Public Information Associate

ဤလုပ်ငန်းတွင်အဓိကပါဝင်နေသည့် ကုလသမဂ္ဂရုံးများ

UNHCR
ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာအေဂျင်စီ

လုပ်ငန်းရပ်များဖြင့်ပံ့ပိုးပေးနေသော ပန်းတိုင်များ