စစ်မက်ဖြစ်ပွားနေတဲ့ ကမ္ဘာကြီးမှာ ငြိမ်းချမ်းရေးအတွက် ငိုကြွေးတောင်းဆိုနေပါတယ်။
ဒီနှစ် အပြည်ပြည်ဆိုင်ရာ ငြိမ်းချမ်းရေးနေ့မှာ အဲဒီတောင်းဆိုချက်ကို ထုတ်ဖော်ပြောဆိုကြဖို့ တစ်ဦးချင်းစီကို တိုက်တွန်းပါတယ်။
ကမ္ဘာအနှံ့မှာ စစ်ရဲ့ ရက်စက်ကြမ်းကြုတ်မှုနဲ့ ဆိုးယုတ်မှုတွေကြောင့် လူ့အသက်ပေါင်းများစွာ ပျက်စီးဆုံးရှုံးနေကြရပြီး၊ ကလေးဘဝတွေလည်း ပျောက်ဆုံးနေကာ အခြေခံ လူ့ဂုဏ်သိက္ခာတွေ စွန့်ပစ်လျစ်လျူရှုထားခြင်းခံနေရပါတယ်။
ပဋိပက္ခတွေ အကြီးအကျယ် ပေါက်ကွဲဖြစ်ပွားနေတာကို မြင်တွေ့နေရပါတယ်။
နိုင်ငံတကာ ဥပဒေကို မထီမဲ့မြင်ပြုနေပါတယ်။
နောက်ပြီး အိုးအိမ်စွန့်ခွာထွက်ပြေးနေရသူ ဦးရေကလည်း စံချိန်တင်ရလောက်အောင် မြင့်မားနေပါတယ်။
သူတို့လိုချင်တာက ငြိမ်းချမ်းရေးဘဲ ဖြစ်ပါတယ်။
ငြိမ်းချမ်းရေးဆိုတာ လူတိုင်းနဲ့ဆိုင်တဲ့ အရေးကိစ္စဖြစ်ပါတယ်။ စစ်ရဲ့ သက်ရောက်မှုတွေက ကမ္ဘာတစ်ဝှမ်း ပျံ့နှံ့နေပါတယ်။
လက်နက်သံတွေ တိတ်ဆိတ်အောင် လုပ်ဆောင်ရပါမယ်။ ဒုက္ခတွေကို အဆုံးသတ်ရပါမယ်။ အပြန်အလှန် နားလည်မှုတည်ဆောက်ကြရပါမယ်။ နောက်ပြီး တည်ငြိမ်အေးချမ်းမှုနဲ့ သာယာဝပြောမှုရှိအောင် ကြံရွယ်လုပ်ဆောင်ရပါမယ်။
စဥ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်မှုက ငြိမ်းချမ်းအောင် ပံ့ပိုးနိုင်ပါတယ်။ ဖွံ့ဖြိုးတိုးတက်ဖို့အတွက် ရုန်းကန်နေရတဲ့ ၁၀ နိုင်ငံမှာ ၉ နိုင်ငံက ပဋိပက္ခတွေရဲ့ဒဏ် ခံနေရပါတယ်။
ပဋိပက္ခမီးတွေ ပိုမိုတောက်လောင်စေတဲ့ လူမျိုးရေးခွဲခြားမှု၊ လူ့ဂုဏ်သိက္ခာ ကင်းမဲ့စေမှုနဲ့ သတင်းမှားတွေကို အဆုံးသတ်ပစ်ရပါမယ်။
အဲဒီအရာတွေအစား လေးစားမှုရှိတဲ့ အသုံးအနှုန်းနဲ့ ပွင့်လင်းရိုးသားစွာ ပြောဆိုဆက်ဆံရပါမယ်။
နောက်ပြီး မိမိရဲ့ သြဇာလွှမ်းမိုးနိုင်မှုကို ငြိမ်းချမ်းရေးအတွက် တွန်းအားပေးရာမှာ အသုံးချသင့်ပါတယ်။
ငြိမ်းချမ်းရေးရှိရာ နေရာမှာ မျှော်လင့်ချက်ရှိပါတယ်။
မိသားစုတွေ စည်းလုံးညီညွတ်ကာ လူမှုအသိုက်အဝန်းတွေ ပြန်လည်ထူထောင်ပြီး ကလေးငယ်တွေ ပညာသင်ကြား ပြေးလွှားဆော့ကစားနိုင်ပါမယ်။
ငြိမ်းချမ်းရေးကို စောင့်နေလို့ မရပါဘူး၊ အခုပင် စတင် လုပ်ဆောင်ရပါမယ် ။