မိန့်ခွန်း
အကြမ်းဖက်မှုကြောင့်အသက်ဆုံးရှုံးခဲ့ရသူများအား အောက်မေ့ ဂုဏ်ပြုခြင်း နိုင်ငံတကာနေ့အတွက် ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်၏ သတင်းစကား
၂၀၂၅ ခုနှစ် ဩဂုတ်လ ၂၁ ရက်။
(အလွတ်သဘော ဘာသာပြန်ဆိုချက်)
ဒီနေ့လို ထူးခြားတဲ့နေ့မှာ နေရာတိုင်းက အကြမ်းဖက်မှုကြောင့် အသက်ဆုံးရှုံးခဲ့ရသူတွေနဲ့ အကြမ်းဖက်ခံရမှုမှ ရှင်သန်လွတ်မြောက်လာသူတွေကို အောက်မေ့ဂုဏ်ပြုရပါတယ်။ သူတို့ရဲ့ ရဲစွမ်းသတ္တိကို ချီးမွမ်းရသလို သူတို့ရဲ့ နာကျင်ခံစားရမှုတွေကို အသိအမှတ်ပြုရပြီး ငြိမ်းချမ်းရေး၊ တရားမျှတမှုနဲ့ လူ့အခွင့်အရေးတို့အတွက် ခိုင်မာတဲ့ ကတိကဝတ်ကို ထပ်မံအတည်ပြုပါတယ်။
“မျှော်လင့်ချက်ဖြင့် စည်းလုံးကြပါစို့“ ဆိုတဲ့ ဒီနှစ်ရဲ့ ဆောင်ပုဒ်က နာကျင်ခံစားမှုကို စည်းလုံးညီညွတ်မှုအဖြစ်၊ စိတ်ဒဏ်ရာတွေကို လုပ်ဆောင်မှုအဖြစ် ပြောင်းလဲဖို့ စုစည်းတဲ့ ရှင်သန်လွတ်မြောက်လာသူတွေရဲ့ စွမ်းအားကို ဖော်ပြထားပါတယ်။
အကြမ်းဖက်ခံရမှုမှ ရှင်သန်လွတ်မြောက်လာသူတွေက အချင်းချင်း ပံ့ပိုးကူညီတာ၊ ဖော်ထုတ်ပြောဆိုတာနဲ့ ထိခိုက်ခံစားရသူတွေရဲ့ အခွင့်အရေးတွေအတွက် ရပ်တည်ကာကွယ်ပေးတာတွေ စတဲ့ နည်းလမ်းတွေကို လမ်း ညွှန်ထားပါတယ်။
“အကြမ်းဖက်ခံရမှုမှ ရှင်သန်လွတ်မြောက်လာသူများ၏ အသင်းအဖွဲ့ကွန်ယက်” စတင်မှုကို ကြိုဆိုပါတယ်။ အဲဒီကွန်ယက်က ကုလသမဂ္ဂရဲ့ ပံ့ပိုးမှုနဲ့ ပူးပေါင်းဆောင်ရွက်မှုကို မြှင့်တင်ပေးခြင်း၊ ရှင်သန်လွတ်မြောက်လာသူတွေရဲ့ အသံတွေကို ကျယ်ကျယ်ပြန့်ပြန့်သိလာအောင် ဖြန့်ဝေပေးခြင်း၊ သူတို့ဘဝကို သက်ရောက်မှုရှိတဲ့ ဆုံးဖြတ်ချက်တွေကို ပုံဖော်ရာမှာ လုပ်ပိုင်ခွင့်ပေးခြင်း စတာတွေ လုပ်ဆောင်ပါတယ်။
အစိုးရတွေ၊ အရပ်ဖက်အဖွဲ့အစည်းတွေနဲ့ နိုင်ငံတကာအသိုက်အဝန်းတွေအနေနဲ့ အကြမ်းဖက်ခံရမှုမှ ရှင်သန်လွတ်မြောက်လာသူတွေရဲ့ အခွင့်အရေးတွေကို ထောက်ခံအားပေးပြီး တရားမျှတမှု ရှိစေကာ ပြန်လည်ကုစားရေး အဆင့်တိုင်းမှာ သူတို့နဲ့အတူ ရပ်တည်ခြင်းဖြင့် သူတို့ရဲ့ ရဲရင့်မှုနဲ့ ကိုက်ညီအောင် လုပ်ဆောင်ရပါမယ်။
မျှော်လင့်ချက်နဲ့ စည်းလုံးခြင်းဖြင့် လူသားအားလုံး ဂုဏ်သိက္ခာရှိရှိ အကြောက်တရားကင်းစွာ နေထိုင်နိုင်တဲ့ အကြမ်းဖက်မှုမှ ကင်းလွတ်တဲ့ အနာဂတ်တစ်ခုကို ဖန်တီးနိုင်ပါတယ်။
မိန့်ခွန်းပြောသူ
အန်တိုနီယို ဂူတာရက်စ်
UN
ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်
လုပ်ငန်းရပ်များဖြင့်ပံ့ပိုးပေးနေသော ပန်းတိုင်များ
ဤလုပ်ငန်းတွင်အဓိကပါဝင်နေသည့် ကုလသမဂ္ဂရုံးများ