လူမှုကူညီပေးလုပ်သားတွေဟာ ပဋိပက္ခ သို့မဟုတ် သဘာဝဘေးအန္တရာယ်တွင်း ပိတ်မိနေတဲ့ လူဦးရေ သန်း ၃၀၀ ကျော်အတွက် နောက်ဆုံးကျန်ရစ်သော ရှင်သန်ရေးမဏ္ဍိုင် ဖြစ်ပါတယ်။
ဒါပေမဲ့ အဲဒီရှင်သန်ရေးမဏ္ဍိုင်အတွက် ငွေကြေးထောက်ပံ့မှု များစွာ လျော့နည်းလာနေပါတယ်။
နောက်ပြီး လူမှုကူညီပေးလုပ်သားတွေကို ပစ်မှတ်ထား တိုက်ခိုက်မှုတွေကလည်း မြင့်တက်လာနေပါတယ်။
ပြီးခဲ့တဲ့နှစ်အတွင်း ကမ္ဘာအနှံ့မှာ လူမှုကူညီပေးလုပ်သား ၃၉၀ ဦးထက်မနည်း အသတ်ခံခဲ့ရပြီး၊ စံချိန်တင် မြင့်မားတဲ့ သေဆုံးမှုအရေအတွက် ဖြစ်ပါတယ်။
ဂါဇာမှ ဆူဒန်၊ မြန်မာနဲ့ အခြားနိုင်ငံတွေအထိ ဖြစ်ပွားခဲ့တာပါ။
လူမှုကူညီပေးလုပ်သားတွေကို လေးစားကာ အကာအကွယ်ပေးရမယ်ဆိုတာ နိုင်ငံတကာ ဥပဒေမှာ ရှင်းလင်းပြတ်သားစွာ ဖော်ပြထားပါတယ်။ သူတို့တွေကို ပစ်မှတ်ထား တိုက်ခိုက်ခြင်း ဘယ်တော့မှ မပြုရပါဘူး။
အဲဒီစည်းမျဉ်းဟာ ညှိနှိုင်းဆွေးနွေးစရာ မဟုတ်သလို ပဋိပက္ခမှာ ပါဝင်ပတ်သက်သူအားလုံး အမြဲတမ်း နေရာမရွေး လိုက်နာရမှာ ဖြစ်ပါတယ်။
ဒါပေမဲ့ ပြစ်ဒဏ်မကျခံရဘဲ သတ်မှတ်ထားတဲ့ စည်းမျဥ်းတွေကို ချိုးဖောက်မှုတွေ ရှိနေပါတယ်။
အစိုးရတွေအနေနဲ့ အရေးယူဆောင်ရွက်ဖို့ ကတိကဝတ်ပြုထားကြပြီး လုံခြုံရေးကောင်စီကလည်း လူမှုကူညီပေးလုပ်သားတွေနဲ့ သူတို့ရဲ့ အသက်ကယ်ဆယ်ရေးလုပ်ငန်းတွေကို အကာအကွယ်ပေးရေး လမ်းကြောင်းကို ချမှတ်ထားပြီးဖြစ်ပါတယ်။
စည်းမျဥ်းတွေနဲ့ ယန္တရားတွေလည်း ရှိနှင့်ပြီးဖြစ်ပါတယ်။ ပျောက်ဆုံးနေတာကတော့ နိုင်ငံရေးသဘောဆန္ဒနဲ့ ကိုယ်ကျင့်တရားဆိုင်ရာသတ္တိတွေ ဖြစ်ပါတယ်။
ဒီနေ့ကျရောက်တဲ့ ကမ္ဘာ့လူသားချင်းစာနာမှုဆိုင်ရာအထိမ်းအမှတ်နေ့မှာ ကျဆုံးသွားသူတွေကို လုပ်ဆောင်မှုနဲ့ ဂုဏ်ပြုကြရအောင်ပါ။
လူမှုကူညီပေးလုပ်သားတိုင်းကို ကာကွယ်ပေးဖို့နဲ့ သူတို့ရဲ့ ဘေးကင်းလုံခြုံရေးအတွက် ရင်းနှီးမြှုပ်နှံဖို့၊
အသက်တွေပေးဆပ်ရတဲ့ လိမ်ညာမှုတွေကို ရပ်တန့်ဖို့၊
တာဝန်ယူမှုအတွက် တင်းကျပ်စွာ ကိုင်တွယ်ဖို့နဲ့ ပြစ်မှုကျူးလွန်သူတွေကို တရားစီရင်ဖို့၊
နိုင်ငံတကာဥပဒေကို ချိုးဖောက်သူတွေဆီ လက်နက်စီးဆင်းမှုကို ရပ်တန့်ဖို့ စတဲ့ လုပ်ဆောင်မှုတွေ ဆောင်ရွက်ကြရအောင်ပါ။
လူမှုကူညီပေးလုပ်သားတွေကို တိုက်ခိုက်ခြင်းက လူသားမျိုးနွယ်တွေကို တိုက်ခိုက်ခြင်း ဖြစ်တယ်ဆိုတာ အတူတကွ တစ်သံတည်း ပြောကြရအောင်ပါ။
နောက်ပြီး လူသားမျိုးနွယ်တွေအတွက် အတူတကွ ဆောင်ရွက်ကြရအောင်ပါ။