ဒီကနေ့ကျရောက်တဲ့ လူ့အခွင့်အရေးနေ့မှာ ခါးသီးကြမ်းတမ်းတဲ့ အမှန်တရားတစ်ခုနဲ့ ကျွန်တော်တို့ ရင်ဆိုင်နေရပါတယ်။
လူ့အခွင့်အရေးတွေ ချိုးဖောက်ခံနေရတယ်။
ကိုဗစ်-၁၉ ကမ္ဘာ့ကပ်ရောဂါဘေးကနေ အပြည့်အဝ နလန်မထူနိုင်သေးတဲ့ ပညာရေးစနစ်တွေ၊ ချို့တဲ့တဲ့ ကျန်းမာရေး၊ ငတ်မွတ်ခေါင်းပါးမှုနဲ့ ဆင်းရဲတွင်းတွေထဲ လူသန်းပေါင်းများစွာဟာ နစ်မြုပ်နေပါတယ်။
ကမ္ဘာတစ်လွှားမှာ သာတူညီမျှမှုမရှိတာတွေ အလျင်အမြန် ကြီးထွားပျံ့နှံ့နေပါတယ်။
ပဋိပက္ခတွေက ပြင်းထန်နေတယ်။
နိုင်ငံတကာ ဥပဒေကို တမင်တကာ မျက်ကွယ်ပြုထားကြတယ်။
ပြည်သူလူထုရဲ့ လှုပ်ရှားဆောင်ရွက်နိုင်ခွင့်တွေ ကျဥ်းမြောင်းလာနေချိန်မှာ အာဏာရှင်စနစ်က ကြီးထွားလာနေတယ်။
အမုန်းပွားစေတဲ့ အဟောအပြောတွေက ခွဲခြားဆက်ဆံမှု၊ စိတ်ဝမ်းကွဲမှုနဲ့ အကြမ်းဖက်မှုတွေဖြစ်ပွားအောင် လှုံ့ဆော်နေတယ်။
နောက်ပြီး တရားဥပဒေတွေနဲ့ အလေ့အကျင့်တွေမှာ အမျိုးသမီးတွေရဲ့ အခွင့်အရေးတွေက ဆက်လက် ဆုတ်ယုတ်နေတယ်။
လူ့အခွင့်အရေးတွေဆိုတာ အနာဂတ်ကို တည်ဆောက်ဖို့ဖြစ်တယ် အခုချက်ချင်းလုပ်ဆောင်ဖို့ဆိုတာကို ဒီနှစ်ရဲ့ဆောင်ပုဒ်က ကျွန်တော်တို့ကို အမှတ်ရစေပါတယ်။
လူ့အခွင့်အရေး အားလုံးဟာ ခွဲခြားလို့ မရပါဘူး။
စီးပွားရေးဖြစ်စေ၊ လူမှုရေးဖြစ်စေ၊ အရပ်ဘက်ဖြစ်စေ၊ ယဉ်ကျေးမှု ဒါမှမဟုတ် နိုင်ငံရေးဖြစ်စေ၊ အခွင့်အရေးတစ်ခုခု ချိုးဖောက်ခံရရင် အခွင့်အရေးတွေအားလုံး ချိုးဖောက်ခံရတာ ဖြစ်ပါတယ်။
ကျွန်တော်တို့တွေဟာ အခွင့်အရေးတွေအားလုံးအတွက် အမြဲတမ်း ရပ်တည်ရပါမယ်။
အချင်းချင်းစိတ်ဝမ်းကွဲမှုတွေကို ကုသပြင်ဆင်ပြီး၊ ငြိမ်းချမ်းရေးကို တည်ဆောက်တာ၊
ဆင်းရဲမွဲတေမှုနဲ့ ငတ်မွတ်ခေါင်းပါးမှု ဘေးဆိုးတွေကို ကိုင်တွယ်ဖြေရှင်းတာ၊
ကျန်းမာရေးစောင့်ရှောက်မှုတွေနဲ့ အားလုံးအတွက် ပညာရေးတွေကို သေချာစေတာ၊
အမျိုးသမီးတွေ၊ မိန်းကလေးတွေနဲ့ လူနည်းစုလူမျိုးစုတွေအတွက် တရားမျှတမှုနဲ့ သာတူညီမျှမှု မြှင့်တင်ပေးတာ၊
ဒီမိုကရေစီ၊ စာနယ်ဇင်းလွတ်လပ်ခွင့်နဲ့ အလုပ်သမားတွေရဲ့ အခွင့်အရေးတွေအတွက် ရပ်တည်ပေးတာ၊
ဘေးကင်းလုံခြုံ၊ သန့်ရှင်း ကျန်းမာပြီး ရေရှည်တည်တံ့တဲ့ ပတ်ဝန်းကျင်ရရှိဖို့ အခွင့်အရေးကို မြှင့်တင်တာ၊
နောက်ပြီး လူ့အခွင့်အရေးကာကွယ်စောင့်ရှောက်သူတွေအနေနဲ့ သူတို့ရဲ့ အရေးကြီးတဲ့အလုပ်တွေ ဆောင်ရွက်ရာမှာ အကာအကွယ်ပေးတာတွေ ဖြစ်ပါတယ်။
မကြာသေးမီက အတည်ပြုပြဌာန်းလိုက်တဲ့ အနာဂတ်အတွက် သဘောတူညီချက်က အပြည်ပြည်ဆိုင်ရာလူ့အခွင့်အရေးကြေညာစာတမ်းကိုလေးစားလိုက်နာဖို့ ကမ္ဘာ့ကြီးရဲ့ကတိကဝတ်ကို ပိုမိုခိုင်မာစေခဲ့ပါတယ်။
ဒီ အရေးပါတဲ့နေ့မှာ လူသားအားလုံးအတွက် လူ့အခွင့်အရေးအားလုံးကို မြှင့်တင် ကာကွယ် စောင့်ရှောက်ကြရအောင်ပါ။