သတင်းထုတ်ပြန်ချက်

ပူးတွဲသတင်းထုတ်ပြန်ချက်၊ မြန်မာ့စားနပ်ရိက္ခာဖူလုံမှုအခြေအနေ ဆိုးရွားလာချိန် WFP ထံ ဥရောပသမဂ္ဂက ရံပုံငွေများ ထပ်ဆောင်းပေးအပ်

၂၀၂၄ ခုနှစ် အောက်တိုဘာလ ၃၁ ရက်။

ရန်ကုန် – လက်နက်ကိုင်ပဋိပက္ခ၊ ရာသီဥတုဒဏ်နှင့် ငွေကြေးဖောင်းပွမှုတို့ကြောင့် မြန်မာနိုင်ငံအတွင်း ဖြစ်ပေါ်လာသော စားနပ်ရိက္ခာအခက်အခဲများကို တုံ့ပြန်ဖြေရှင်းသည့်လုပ်ငန်းများအား ပံ့ပိုးသည့်အနေဖြင့် ဥရောပ သမဂ္ဂ (EU) သည် ကုလသမဂ္ဂကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် (WFP) ထံ ထပ်ဆောင်း ရံပုံငွေ ယူရို ၁ ဒသမ ၂ သန်း (အမေရိကန်ဒေါ်လာ ၁ ဒသမ ၃ သန်း) ကို ‌ပေးအပ်ထောက်ပံ့ခဲ့သည်။

ဥရောပသမဂ္ဂ၏ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီပေးရေးဌာန (ECHO) မှတစ်ဆင့် ပေးအပ်ခဲ့သည့် အဆိုပါရံပုံငွေဖြင့် ရေကြီးရေလျှံမှုဒဏ်ကို ထိခိုက်ခံစားခဲ့ရသူများအား အရေးပေါ်အသက်ကယ်စားနပ်ရိက္ခာများကို ထောက်ပံ့ပေးသွားမည်ဖြစ်ပါသည်။ အဆိုပါရေကြီးရေလျှံမှုအတွင်း လူဦးရေ ၁ သန်းနီးပါး ရေဘေးသင့်ခဲ့ကြရပြီး စိုက်ပျိုးမြေ ဧက ၁ သန်းလည်း ထိခိုက်ပျက်စီးခဲ့သည်။ 

လက်ရှိတွင် မြန်မာနိုင်ငံ၌ လူလေး‌ဦးလျှင် တစ်ဦးနှုန်းဖြင့် စုစုပေါင်းလူဦးရေ ၁၃.၃ သန်းသည် စားနပ်ရိက္ခာအခက်အခဲ ကြုံနေကြရပြီး ထိုထဲကမှ လူဦးရေ ၂ ဒသမ ၇ သန်းသည် စားနပ်ရိက္ခာအခက်အခဲ အရေးပေါ်အခြေအနေကို ရင်ဆိုင်နေကြရသည်။ အခြေခံစားသောက်ကုန်များ၏ ကုန်စျေးနှုန်းသည်လည်း မနှစ်ကနှင့် နှိုင်းယှဥ်ပါက ၅၀ ရာခိုင်နှုန်း တိုးမြင့်လာခဲ့သည်။ တစ်ချိန်တည်းမှာပင် မြန်မာနိုင်ငံတွင် နေရပ်စွန့်ခွာသူ လူဦးရေ ၃ ဒသမ ၄ သန်းခန့်အထိရှိလာပြီး ၎င်းမှာ လွန်ခဲ့သည့် ၃ နှစ်ခန့်ကရှိခဲ့သည့် လူဦးရေ ၃ သိန်း ထက် အဆများစွာတိုးများလာခဲ့ခြင်း ဖြစ်သည်။

“မြန်မာနိုင်ငံရဲ့ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အခြေအနေတွေက တကယ့်ကိုစိုးရိမ်စရာပါ။ လက်ရှိဖြစ်ပွားနေတဲ့ ပဋိပက္ခတွေက နယ်မြေသစ်တွေဆီ ဆက်လက်ကူးစက်မှုနဲ့အတူ ထပ်တလဲလဲ ဖြစ်နေတဲ့ သဘာဝဘေးအန္တရာယ်တွေကြောင့်  အရပ်သားပြည်သူတွေအဖို့ တစ်ပူပေါ်နှစ်ပူဆင့်ဖြစ်‌နေကြရရှာပါတယ်။ လက်ရှိမှာ မြန်မာနိုင်ငံ လူဦးရေရဲ့ လေးပုံတစ်ပုံဟာ စားနပ်ရိက္ခာ မလုံလောက်တဲ့အခြေအနေကို ရင်ဆိုင်နေကြရပါတယ်။ ဥရောပသမဂ္ဂအနေနဲ့ အခုလို ဆိုးရွားနေတဲ့အခြေအနေမှာ ထိခိုက်အလွယ်ဆုံးသော အရပ်သားပြည်သူတွေကို ပံ့ပိုးကူညီဖို့ ကတိကဝတ်ပြုထားဆဲပါ။” ဟု မြန်မာနိုင်ငံရှိ ဥရောပသမဂ္ဂ၏ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အစီအစဉ်များကို ကြီးကြပ်သူ Mr. Luc Verna က ပြောကြားသည်။ 

“အခက်အခဲမျိုးစုံ ရိုက်ခတ်မှုမျိုးစုံ ကြုံတွေ့နေရသူတွေများလာတာမို့ စားနပ်ရိက္ခာဖူလုံမှုအခြေအနေဟာ မြန်မာနိုင်ငံရဲ့ ခေတ်သစ်သမိုင်းမှာ တစ်ခါမှ ဒီလောက်ထိ ဆိုးရွားတာမျိုး မရှိခဲ့ဖူးပါဘူး။” ဟု WFP ၏ မြန်မာနိုင်ငံဆိုင်ရာ ဌာနေကိုယ်စားလှယ် Mr. Paolo Mattei က ပြောသည်။ "သန်းပေါင်းများစွာသော ပြည်သူလူထုရဲ့ အခက်ဒုက္ခတွေကို ဖြေလျှော့ပေးနိုင်ဖို့ရာ ဥရောပသမဂ္ဂက ရက်ရက်ရောရာ ပေးအပ်တဲ့လှူဒါန်းမှုလို နိုင်ငံတကာအသိုက်အဝန်းရဲ့ ပံ့ပိုးကူညီမှုတွေကို ကျွန်တော်တို့ အားကိုးအားထားပြုရပါတယ်။" ဟု Mr. Mattei က ဆက်လက်ပြောသည်။ 

ဤထပ်ဆောင်းရံပုံငွေအပါအဝင် ယခုနှစ်အတွက် ဥရောပသမဂ္ဂ၏ စုစုပေါင်းထောက်ပံ့မှုပမာဏသည် ယူရို ၇ ဒသမ ၂ သန်း (အမေရိကန်ဒေါ်လာ ၈ သန်း) အထိ ရှိခဲ့ပြီဖြစ်သည်။ အဆိုပါရန်ပုံငွေသည် မြန်မာနိုင်ငံတစ်ဝန်းရှိ လူဦးရေပေါင်း ၂ သန်းကျော်အတွက် အသက်ကယ်ဆယ်ရေး စားနပ်ရိက္ခာနှင့် အာဟာရများ ပေးအပ်ကူညီသွားမည့် WFP ၏ အထောက်အပံ့လုပ်ငန်းများအား ပံ့ပိုးပေးရန် ရည်ရွယ်ပါသည်။

WFP အနေဖြင့် အကူအညီအလိုအပ်ဆုံးရပ်ရွာလူထုများထံ ဥရောပသမဂ္ဂ၏ အထောက်အပံ့များ တိုက်ရိုက်ရောက်ရှိနိုင်စေရေးအတွက် စေတနာ့ဝန်ထမ်းများ၊ ပြည်တွင်း အစိုးရမဟုတ်သည့်အဖွဲ့အစည်း (NGO) များနှင့် လက်တွဲဆောင်ရွက်သွားမည်ဖြစ်ပါသည်။ 

ဓာတ်ပုံများကို ဤ link တွင် ရယူနိုင်ပါသည်။

EU Civil Protection and Humanitarian Aid အကြောင်း 

ဥရောပသမဂ္ဂနှင့် ၎င်း၏အဖွဲ့ဝင်နိုင်ငံများသည် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများကိုပေးအပ်နေသည့် ကမ္ဘာ့ဦးဆောင်အလှူရှင်နိုင်ငံများဖြစ်သည်။ ကယ်ဆယ်ရေးအကူအညီများကိုပေးအပ်ခြင်းသည် ဥရောပသမဂ္ဂအနေဖြင့် ကမ္ဘာတစ်ဝန်းလုံးရှိ အကူအညီလိုအပ်နေသူများနှင့် တစ်သားတည်းရပ်တည်ကြောင်း ဖော်ပြသည့် စည်းလုံးညီညွတ်မှု ပြယုဂ်တစ်ခုပင်ဖြစ်သည်။ ၎င်းအကူအညီသည် လူ့အသက်များကိုကယ်တင်ရန်၊ လူသားများဆင်းရဲဒုက္ခခံစားရခြင်းမှ တားဆီးကာကွယ်ရန်နှင့် သက်သာရာရစေရန်၊ဘေးအန္တရာယ်များနှင့် အကြပ်အတည်းများကြောင့် ထိခိုက်ခံစားရသူများ၏ ဂုဏ်သိက္ခာကိုကာကွယ်ရန် ရည်ရွယ်သည်။ ဥရောပသမဂ္ဂ၏ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီပေးရေးဌာနမှတစ်ဆင့် နှစ်စဉ်နှစ်တိုင်း ပဋိပက္ခနှင့် ဘေးအန္တရာယ်များကြောင့်ထိခိုက်ခဲ့ရသည့် သန်းနှင့်ချီသော အကူအညီလိုအပ်နေသူများကိုကူညီပံ့ပိုးပေးလျက်ရှိပါသည်။ ဥရောပသမဂ္ဂ ၏ ရုံးချုပ်သည် Brussels တွင်တည်ရှိပြီး ကမ္ဘာအရပ်ရပ်ရှိ ရုံးခွဲများမှတစ်ဆင့် လူသားချင်းစာနာထောက်ထားမှု လိုအပ်ချက်များအပေါ် အခြေခံ၍ အထိခိုက်လွယ်ဆုံးသောသူများကို အကူအညီများပေးအပ်လျက်ရှိပါသည်။ 

ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် (WFP) အကြောင်း

ကုလသမဂ္ဂ ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ်သည် ကမ္ဘာ့အကြီးမားဆုံး လူသားချင်းစာနာထောက်ထားမှု အကူအညီပေးအပ်ရေး အဖွဲ့အစည်းဖြစ်သည်။ အရေးပေါ်အခြေအနေများတွင် လူ့အသက် ကယ်တင်ခြင်းနှင့် စားနပ်ရိက္ခာအထောက်အပံ့များမှတစ်ဆင့်  ပဋိပက္ခ၊ သဘာဝဘေး အန္တရာယ်များနှင့် ရာသီဥတုပြောင်းလဲခြင်း အကျိုးသက်ရောက်မှုများမှ ပြန်လည်ထူထောင်ကာ ငြိမ်းချမ်းရေး၊ တည်ငြိမ်မှုနှင့် သာယာဝပြောမှုတို့ကို ဖော်ဆောင်တည်ဆောက်လျက်ရှိပါသည်။  

WFP ကို X (ယခင်က တွစ်တာ) တွင် @WFP_Media နှင့် @WFPAsiaPacific တို့မှတစ်ဆင့် ချိတ်ဆက်နိုင်ပါသည်။    
 

Htet Oo Linn

ထက်ဦးလင်း

WFP
ဆက်သွယ်ဆက်ဆံရေးအရာရှိ

Lisa Hastert

EU
Humanitarian Aid Regional Office

ဤလုပ်ငန်းတွင်အဓိကပါဝင်နေသည့် ကုလသမဂ္ဂရုံးများ

EU
European Union
WFP
ကုလသမဂ္ဂ ကမ္ဘာ့စားနပ်ရိက္ခာ အစီအစဉ်

လုပ်ငန်းရပ်များဖြင့်ပံ့ပိုးပေးနေသော ပန်းတိုင်များ