ကမ္ဘာတစ်ဝန်းမှာ ခန့်မှန်းခြေ လူ ရှစ်ဦးမှာ တစ်ဦးဟာ စိတ်ပိုင်းဆိုင်ရာ မကျန်းမာမှု (mental disorder) တစ်ခုခုနဲ့ ရှင်သန်နေထိုင်နေရပါတယ်။ ဘယ်ရပ်ရွာဝန်းကျင် သို့မဟုတ် လူမှုအဖွဲ့အစည်းတိုင်းမှာမှ မလွတ်ကင်းနိုင်ပါဘူး။ မိမိကိုယ်ကို အဆုံးစီရင်မှုတွေက လူငယ်တွေအကြားမှာ အဓိကကျတဲ့ သေဆုံးခြင်း အကြောင်းအရင်းတစ်ရပ် ဖြစ်နေဆဲဖြစ်ပြီး၊ လူ သန်းပေါင်းများစွာဟာ တိတ်တဆိတ် ခံစားနေရဆဲဖြစ်ပါတယ်။
ဒီနှစ် ကမ္ဘာ့စိတ်ကျန်းမာရေးနေ့မှာ လုပ်ငန်းခွင် စိတ်ကျန်းမာရေးကို အလေးထားဖို့ အဓိကဖော်ပြလိုပါတယ်။ အသက် ၁၅-နှစ်အထက်ရှိသူတွေရဲ့ ၆၀-ရာခိုင်နှုန်းဟာ အလုပ်လုပ်ကိုင်နေသူတွေဖြစ်ကြပြီး၊ သူတို့ရဲ့ အချိန်အတော်များများဟာ လုပ်ငန်းခွင်တွင်းမှာပဲ ကုန်ဆုံးနေကြရတာပါ။ နောက်ပြီး အဲဒီနယ်ပယ်တွေမှာကလည်း ကိုယ့်ရဲ့အလုပ်တွေဘဲ လုပ်ကိုင်ဆောင်ရွက်ကြရတာတွေထက် အများကြီး ပို၍ကျယ်ပြန့်ပါတယ်။ ဘေးကင်းလုံခြုံပြီး ကျန်းမာရေးနဲ့ညီညွတ်ပြည့်စုံတဲ့ လုပ်ငန်းခွင်နေရာတွေက ရည်မှန်းချက်၊ ဆက်နွယ်မှုနဲ့ တည်ငြိမ်မှုစတဲ့ သဘောသဘာဝကို ပေးစွမ်းနိုင်သလို ဖိနှိပ်ချုပ်ချယ်တဲ့ သို့မဟုတ် ပရမ်းပတာဖြစ်နေတဲ့ လုပ်ငန်းခွင်ပတ်ဝန်းကျင်တွေကတော့ အဲဒီမှာလုပ်ကိုင်နေသူတွေရဲ့ စိတ်ကျန်းမာရေးကို များစွာ ထိခိုက်နိုင်ပါတယ်။
ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် အိမ်ကနေ အလုပ်လုပ်ရတဲ့ ခေတ်သစ်တစ်ခု စတင်ခဲ့တာနဲ့အမျှ လုပ်ငန်းခွင်နဲ့ နေအိမ်အကြား နယ်နမိတ်တွေ တဖြည်းဖြည်းပျောက်ကွယ်လာနေပြီး ဝန်ထမ်းတွေရဲ့ စိတ်ကျန်းမာရေးကို ကာကွယ်စောင့်ရှောက်ရေးမှာ စိန်ခေါ်မှုတွေ ပိုမို ကြီးထွားလာနေပါတယ်။
အလုပ်အကိုင်က ကျန်းမာသုခရရှိဖို့အတွက် အရေးပါတယ်ဆိုပေမယ့် ကျန်းမာသုခရှိတာကလည်း အလုပ်လုပ်ကိုင်ရာမှာ အရေးပါပါတယ်။ အလုပ်ရှင်တွေအနေနဲ့ သူတို့ရဲ့ ဝန်ထမ်းတွေရဲ့ စိတ်ကျန်းမာရေးကို ထိခိုက်စေတဲ့ အန္တရာယ်တွေကို ကိုင်တွယ်ဖြေရှင်းရာမှာ စိတ်ဓာတ်ပိုင်းဆိုင်ရာ မြှင့်တင်ပေးတာ၊ အလုပ်ပျက်ကွက်မှု လျော့နည်းစေတာနဲ့ ဝန်ထမ်းတွေရဲ့ ပြောဆိုဆက်ဆံမှုနဲ့ ထုတ်လုပ်နိုင်စွမ်းကို မြှင့်တင်တာတွေက သူတို့ရဲ့ စီးပွားလုပ်ငန်းတွေ သာမက ကျွန်တော်တို့အားလုံးရဲ့ စီးပွားရေးအခြေအနေတွေကိုပါ ခိုင်မာအားကောင်းစေပါတယ်။
လူတိုင်း လုပ်ငန်းခွင်ထဲမှာသာမက လုပ်ငန်းခွင်ပြင်ပမှာပါ စိတ်ကျန်းမာရေးကို အလေးထားဖို့အတွက် အသိပညာနဲ့ အရင်းအမြစ်တွေရှိရမယ့်အပြင် ရှက်ရွံ့သိမ်ငယ်မှု သို့မဟုတ် အတားအဆီးတို့ မရှိဘဲ အရည်အသွေးပြည့်မီတဲ့ စိတ်ကျန်းမာရေး ဝန်ဆောင်မှုတွေကို ရယူနိုင်ရပါမယ်။
ဒီကနေ့ကျရောက်တဲ့ ကမ္ဘာ့ စိတ်ကျန်းမာရေးနေ့နဲ့ နေ့စဉ်နေ့တိုင်းမှာ စိတ်ကျန်းမာရေးမပြည့်စုံဘဲ အလုံးစုံ ကျန်းမာရေး မရနိုင်တာကို အမှတ်ရကြရအောင်ပါ။ လူအများ တိုးတက်အောင်မြင်နိုင်ရာ ဘေးကင်းလုံခြုံပြီး ကျန်းမာရေးနဲ့ညီညွတ်ပြည့်စုံတဲ့ လုပ်ငန်းခွင်ပတ်ဝန်းကျင်တွေကို ဖန်တီး ထိန်းသိမ်းကြဖို့ ကတိကဝတ်ပြုကြရအောင်ပါ။