မိန့်ခွန်း
ကမ္ဘာ့လူသားများအခြေချနေထိုင်မှုနေ့အတွက် ကုလသမဂ္ဂအတွင်းရေးမှူးချုပ်၏ သတင်းစကား
၂၀၂၄ ခုနှစ် အောက်တိုဘာလ ၀၇ ရက်။
(အလွတ်သဘော ဘာသာပြန်ဆိုချက်)
“လူငယ်များကို ပါဝင်စေခြင်းဖြင့် ပိုမိုကောင်းမွန်သော မြို့ပြအနာဂတ်တစ်ခု ဖန်တီးခြင်း”
ကမ္ဘာ့လူသားများအခြေချနေထိုင်မှုနေ့မှာ ဘေးကင်းလုံခြုံတဲ့ အိမ်ရာဆိုင်ရာ အခြေခံအခွင့်အရေးကို ထပ်မံ အတည်ပြုပြီး၊ မြို့ပြပတ်ဝန်းကျင်တွေ အသွင်ကူးပြောင်းလာနေတာကို ဆင်ခြင်သုံးသပ်မိပါတယ်။
ယခုနှစ်ရဲ့ ဆောင်ပုဒ်က ပိုမိုကောင်းမွန်တဲ့ မြို့ပြအနာဂတ်ကို ဖန်တီးရာမှာ လူငယ်တွေရဲ့ အရေးပါတဲ့ အခန်းကဏ္ဍကို အလေးပေးထားပါတယ်။ သက္ကရာဇ်၂၀၃၀ တွင် မြို့ပြနေထိုင်သူ ၆၀ ရာခိုင်နှုန်းမှာ အသက် ၁၈ နှစ်အောက်တွေ ဖြစ်မယ်လို့ ခန့်မှန်းထားပါတယ်။ မြို့ကြီးတွေ ဖွံ့ဖြိုးတိုးတက်လာသလို မြို့ပြရဲ့ စိန်ခေါ်မှုများကို အခွင့်အလမ်းတွေအဖြစ် ပြောင်းလဲရာမှာ လူငယ်တွေရဲ့ စွမ်းအင်ကို အသုံးချဖို့ အခွင့်အလမ်းကလည်း တိုးမြင့်လာနေပါတယ်။
ပြီးခဲ့တဲ့လက ကျင်းပခဲ့တဲ့ အနာဂတ် ညီလာခံ (Summit of the Future)မှာ ရှင်းလင်းဖော်ပြထားတဲ့အတိုင်း လူငယ်တွေဟာ ပိုမို သာတူညီမျှပြီး ရေရှည်တည်တံ့တဲ့ အနာဂတ် တည်ဆောက်ရေးမှာ အရေးပါ ပါတယ်။ အဲဒီစွမ်းပကားတွေကို အပြည့်အဝအသုံးချနိုင်ဖို့အတွက် ပညာရေးမှာ ရင်းနှီးမြုပ်နှံတာ၊ ဒစ်ဂျစ်တယ်ကျွမ်းကျင်မှုတွေကို ချဲ့ထွင်တာ၊ စွန့်ဦးတီထွင်မှုတွေကို မြှင့်တင်တာနဲ့ ရာသီဥတုဆိုင်ရာ တုံ့ပြန်ဆောင်ရွက်မှု၊ တန်ဘိုးသင့် အိမ်ရာနဲ့ ရေရှည်တည်တံ့တဲ့ သယ်ယူပို့ဆောင်ရေးတွေနဲ့ပတ်သက်ပြီး လူငယ်တွေဦးဆောင်တဲ့ ကနဦးခြေလှမ်းတွေကို အားပေးမြှင့်တင်တာတွေ လုပ်ဆောင်ဖို့ လိုအပ်ပါတယ်။
တက်ကြွကာ အားလုံးပါဝင်ပြီး ခံနိုင်ရည်ရှိတဲ့ မြို့ကြီးတွေကို ပုံဖော်ဖို့နဲ့ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေးရည်မှန်းချက် ပန်းတိုင်တွေ ပြည့်မီဖို့တို့အတွက် မရှိမဖြစ်လိုတာက အဲဒါတွေအားလုံးအပြင် ထို့ထက်ပိုပါတယ်။
ကမ္ဘာ့လူသားများအခြေချနေထိုင်မှုနေ့ကို ဂုဏ်ပြုကျင်းပသလို နေရာစုံက လူငယ်တွေကို ပံ့ပိုးပေးကြရအောင်ပါ။ လူငယ်တွေကို ဆုံးဖြတ်ချက်ချရာတွေမှာလည်း ပါဝင်ခွင့်ပေးကြရအောင်ပါ။ နောက်ပြီး အသက်အရွယ်မရွေး လူသားအားလုံး ရှင်သန်နေထိုင်နိုင်တဲ့ မြို့ကြီးတွေကို တည်ဆောက်ကြရအောင်ပါ။
မိန့်ခွန်းပြောသူ
အန်တိုနီယို ဂူတာရက်စ်
ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်
လုပ်ငန်းရပ်များဖြင့်ပံ့ပိုးပေးနေသော ပန်းတိုင်များ
ဤလုပ်ငန်းတွင်အဓိကပါဝင်နေသည့် ကုလသမဂ္ဂရုံးများ
ဤလုပ်ငန်းတွင်ပါဝင်သောအခြားအဖွဲ့အစည်းများ
AfDF
African Development Fund