မျှော်လင့်ခြင်းအတွက်မိုးရေစက် - Tametotto မိုးရေသိုလှောင်မှုစနစ်ပံ့ပိုးပေးခြင်းကြောင့် ရန်ကုန်မြို့၏ အလွတ်သဘော အခြေချနေထိုင်မှုများတွင် နေထိုင်သော ရပ်ရွာလူထု၏ ကျန်းမာရေးနှင့် လူမှုစီးပွားဘဝ တိုးတက်ပြောင်းလဲမှုများ။
UN-Habitat ၏ Tametotto မိုးရေသိုလှောင်စနစ်သည် ရန်ကုန်မြို့၏ အလွတ်သဘော အခြေချနေထိုင်မှုများတွင် ထိခိုက်လွယ်ရပ်ရွာလူထုကို တစ်နှစ်ပတ်လုံးရေရရှိရေး ပံ့ပိုးပေးပါသည်။
လူစည်ကားသော ရန်ကုန်မြို့တွင် ပဋိပက္ခဒဏ်ခံရသော ဒေသများမှ ပြည်သူများ ခိုလှုံလာမှုကြောင့် ရေရှားပါးမှုနှင့် ရေညစ်ညမ်းမှု ပိုမိုဆိုးရွားလာသည်။ အိမ်ထောင်စုများ၏ ၆ ရာခိုင်နှုန်းသာ ရေသွယ်ပိုက်မှ ရေကို သုံးစွဲခွင့်ရရှိသော ဤရန်ကုန်မြို့၏ အလွတ်သဘောအခြေချနေထိုင်မှုများတွင် နေထိုင်ကြသော လူများသည် ၎င်းတို့၏ နေ့စဉ်လိုအပ်ချက်များ အတွက် ဘေးကင်းလုံခြုံစိတ်ချရမှု မရှိသော ရေအရင်းအမြစ်များမှ ရေကို အချိန်အတော်ကြာ မှီခိုအသုံးပြုခဲ့ကြသည်။ အဆိုပါ အလွတ်သဘော အခြေချနေထိုင်မှုများတွင် မကြာခဏ ရေကြီးလေ့ရှိပြီး၊ စိန်ခေါ်မှု ပြဿနာများ ကို ရင်ဆိုင်ကြုံတွေ့နေရသည်။ ပြဿနာမှာ ရေရှားပါးရုံသာမက ဘေးကင်းသော သန့်ရှင်းသော သောက်သုံးရေ မရနိုင်ခြင်း ဖြစ်ပါသည်။ လူအများစုသည် အများပြည်သူပိုင် သို့မဟုတ် ရပ်ရွာအခြေပြု ပံ့ပိုးပေးသူများမှပေးဝေသောစျေးနှုန်းထက် ပိုမိုကောက်ခံသော ပုဂ္ဂလိက စျေးသည်များအပေါ်တွင် မှီခိုနေရသည်။ ငွေကြေးဖောင်းပွမှု မြင့်တက်လာခြင်းနှင့် လုပ်ခများ မတိုးမြင့်လာခြင်းတို့ကြောင့် အဆိုပါကုန်ကျစရိတ်များကို ပေးဆောင်ရန် ပိုမိုရုန်းကန်လာကြရသည့် အတွက် အိမ်ထောင်စုများသည် ကျန်းမာရေးအတွက်ဘေးကင်းလုံခြုံမှုမရှိသော (သို့မဟုတ်) ယုံကြည်စိတ်ချရမှုမရှိသော ရေအရင်းအမြစ်များကို မဖြစ်မနေ သုံးစွဲနေကြရသည်။
ဤအရေးပေါ်လိုအပ်ချက်ကိုဖြေရှင်းရန်အတွက် UN-Habitat သည် Tametotto မိုးရေသိုလှောင်စနစ်ကို ထိခိုက်လွယ်ဆုံးသော ရပ်ရွာလူထုအတွက် အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ပါသည်။ "မြို့ပြ အလွတ်သဘောအခြေချနေထိုင်မှုများတွင် အမှိုက်စီမံခန့်ခွဲမှု ပံ့ပိုးပေးခြင်းဖြင့် COVID-19 ကို ခံနိုင်ရည်ရှိအောင် တည်ဆောက်ခြင်း" စီမံကိန်းသည် UN-Habitat နှင့် ဂျပန်ကုမ္ပဏီ Daiken တို့ ပူးပေါင်းဆောင်ရွက်ခြင်းဖြင့် Tametotto မိုးရေသိုလှောင်စနစ်ကို မြန်မာနိုင်ငံတွင် ပထမဦးဆုံးအကြိမ် မိတ်ဆက်အကောင်အထည်ဖော်ခဲ့သည်။ ရေတန်ချိန် ၁၅၀ ကျော် ဆံ့သည့် ဤမိုးရေသိုလှောင်ကန်သည် ခြောက်သွေ့လများအပါအဝင် တစ်နှစ်ပတ်လုံး ဘေးကင်းလုံခြုံသောရေကို ထောက်ပံ့ပေးသည်။ ဤသဘာဝအခြေခံစနစ်သည် စုဆောင်းရရှိထားသော မိုးရေများကို စိတ်ချစွာ သောက်သုံးနိုင်ပြီး စျေးကြီးသော ရေသန့်ဗူးများ သို့မဟုတ် ရေရှည်မတည်တံ့နိုင်သော မြေအောက်ရေထုတ်ယူမှုအပေါ် မှီခိုအားထားရမှုကို လျှော့ချပေးပါသည်။
ရပ်ရွာမိုးရေသိုလှောင်ကန်သည် အထူးသဖြင့် အကျိုးရှိသော သက်ရောက်မှုများ ရှိခဲ့သည်။ အဆိုပါ မိုးရေကန် တည်ဆောက် တပ်ဆင်ခြင်းသည် စီမံကိန်းဒေသများရှိ စာသင်ကျောင်းများတွင် သိသာထင်ရှားသော ပြောင်းလဲမှုများ ဖြစ်ပေါ်ခဲ့သည်။ အဆိုပါကျောင်းများအနက်မှ အသက် ၁၄ နှစ်အရွယ် ကျောင်းသူတစ်ဦးဖြစ်သူ မသီတာက “အရင်ကဆို ရေက သောက်ဖို့ ဘေးကင်းလုံခြုံမှုမရှိတဲ့အတွက် အိမ်ကနေ ရေယူလာရတယ်။ အခုတော့ ကန်ထဲကရေကို သောက်နိုင်ပါပြီ။ နေမကောင်းဖြစ်မှာကိုလည်း စိုးရိမ်စရာ မလိုပါဘူး။" ဟု ဆိုသည်။
ရပ်ရွာလူထုကိုလည်း မိုးရေသိုလှောင်ကန်စနစ် ပြုပြင်ထိန်းသိမ်းနည်းသင်တန်းများ ပို့ချပေးခဲ့ပါသည်။ စီမံကိန်းတွင် ပါ၀င်သည့် ရပ်ရွာစည်းရုံးရေးမှူး ဦးဆန်းဝင်းက “မိုးရေသိုလှောင်ကန်စနစ်သည် အလွန်ထိရောက်ပြီး ပြုပြင်ထိန်းသိမ်းရ လွယ်ကူသည်။ ကျွန်ုပ်တို့သည် ရပ်ရွာလူထုနှင့် ကျောင်းဆရာ၊ ဆရာမ များကို မိုးရေသိုလှောင်ကန်စနစ် စီမံခန့်ခွဲခြင်းနှင့် ပြုပြင်ထိန်းသိမ်းသည့် နည်းလမ်းများကို သင်ကြားပို့ချပေးခဲ့ပြီး၊ သူတို့ကလည်း ထူးချွန်စွာ လုပ်ဆောင်ခဲ့ကြသည်။ ဤရိုးရှင်းသောဖြေရှင်းနည်းက ကြီးမားသော အပြောင်းအလဲ ဖြစ်စေခဲ့သည်ကို မြင်ရတာ ဝမ်းမြောက်စရာပါ" ဟု ပြောသည်။ မိုးရေသိုလှောင်ကန်များကို နေရာလွတ်သက်သာစေရန် ဒီဇိုင်းထုတ်ထားပြီး ၎င်းတို့အပေါ်ရှိ ဧရိယာအား ကစားကွင်းများ သို့မဟုတ် ကားရပ်နားရန်နေရာများအဖြစ် အသုံးပြုနိုင်ခြင်းက ဤလူနေထူထပ်သောမြို့ပြဒေသများတွင် မရှိမဖြစ်အင်္ဂါရပ်တစ်ခုဖြစ်သည်။
ဤစီမံကိန်းသည် UN-Habitat ၏ ပိုမိုကျယ်ပြန့်သော လုပ်ပိုင်ခွင့်—ရေရှည်တည်တံ့သော မြို့ပြဖွံ့ဖြိုးတိုးတက်မှုကို မြှင့်တင်ရန်—လူနေမှုဘဝကို တိုက်ရိုက်တိုးတက်စေနိုင်ပုံ၏ သာဓက တစ်ခုဖြစ်သည်။ ရေ ဘေးကင်းလုံခြုံမှုကို ဖြေရှင်းခြင်းအားဖြင့် စီမံကိန်းသည် ချက်ချင်းလိုအပ်ချက်ကို ဖြည့်ဆည်းရုံသာမက လူထုများ၏ ရာသီဥတုပြောင်းလဲခြင်းကြောင့် ဖြစ်ပေါ်လာမည့် အခက်အခဲများကို ရင်ဆိုင်နိုင်ရန် ရေရှည်ခံနိုင်ရည်အားကိုလည်း မြှင့်တင်ပေးပါသည်။ ဤနည်းပညာကို အောင်မြင်စွာ အကောင်အထည်ဖော်ခြင်းသည် နိုင်ငံတကာ မိတ်ဖက်အဖွဲ့အစည်းများ ပူးပေါင်းဆောင်ရွက်မှု၏ ထိရောက်မှုကို ပြသပြီး မြို့ပြပြဿနာများကို ကိုင်တွယ်ဖြေရှင်းရန် ဆန်းသစ်သော ဖြေရှင်းနည်းများအတွက် အလားအလာကို မီးမောင်းထိုးပြပါသည်။
ဤစီမံကိန်းသည် မြန်မာနိုင်ငံအနှံ့ အဆင့်မြင့်နည်းပညာမလိုအပ်သော၊ ကုန်ကျစရိတ်သက်သာသော မိုးရေသိုလှောင်စနစ်ကို ကျယ်ပြန့်စွာ တိုးချဲ့လျက်ရှိရာ အလွတ်သဘောအခြေချနေထိုင်မှုများတွင် ဘေးကင်းလုံခြုံမှုမရှိသောသောက်သုံးရေပြဿနာကို ကိုင်တွယ်ဖြေရှင်းရန် စံနမူနာ တစ်ခုဖြစ်သည်။ UN-Habitat သည် ဤအစီအစဉ်၏ တစ်စိတ်တစ်ပိုင်းအဖြစ် ရန်ကုန်မြို့၏ အလွတ်သဘော အခြေချနေထိုင်မှုများတွင် မိုးရေသိုလှောင်ရေကန်စနစ် ၁၀ လုံးကို တည်ဆောက် တပ်ဆင်ခဲ့သည်။ ဤကြိုးပမ်းအားထုတ်မှုသည် မှန်ကန်သောပံ့ပိုးကူညီမှုနှင့် နည်းပညာဖြင့်၊ ထိခိုက်လွယ်ဆုံးသောရပ်ရွာလူထုပင်လျှင် ပိုမိုကျန်းမာပြီး ပိုမိုရေရှည်တည်တံ့သောအနာဂတ်ကို ရရှိနိုင်ကြောင်း သက်သေပြနေပါသည်။
ကမ္ဘာ့လူသားချင်းစာနာထောက်ထားမှုနေ့ ၂၀၂၄ တွင် "လူသားချင်းစာနာမှုအတွက်လုပ်ဆောင်ပါ" ဟူသော ဆောင်ပုဒ်ကို ပြန်လည်သုံးသပ်ခြင်းဖြင့်၊ ဤစီမံကိန်းသည် လိုအပ်နေသူများအတွက် ဆန်းသစ်တီထွင်သော လူသားချင်းစာနာမှုထောက်ထားမှုဆိုင်ရာကြိုးပမ်းအားထုတ်မှုများအပေါ် သက်ရောက်မှုရှိနိုင်ကြောင်း မီးမောင်းထိုးပြထားသည်။ ဤလုပ်ဆောင်မှုမှ ရရှိသော ရေတစ်စက်စီသည် ရန်ကုန်မြို့၏ ထိခိုက်လွယ်ဆုံးသော ရပ်ရွာလူထုအတွက် ပိုမိုတောက်ပပြီး၊ ကျန်းမာသော အနာဂတ်ဆီသို့ ခြေလှမ်းတစ်လှမ်းကို ကိုယ်စားပြုနေသည်။
“ဆန်းသစ်တီထွင်သောဖြေရှင်းနည်းများသည် ထိခိုက်လွယ်ဆုံးသောရပ်ရွာလူထုအတွက် ကွဲပြားသောကမ္ဘာတစ်ခုကို ဖန်တီးပေးနိုင်သည်။ UN-Habitat သည် #actforhumanity ကို ကတိကဝတ်ပြုပြီး ရပ်ရွာလူထု၏ ကြံ့ကြံ့ခံနိုင်ရည်အား မြှင့်တင်ရန် ဆက်လက်လုပ်ဆောင်သွားမည်ဖြစ်သည်။
ဒီ ကမ္ဘာ့လူသားချင်းစာနာထောက်ထားမှုနေ့ မှာ မြန်မာနိုင်ငံတွင် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ လုပ်ငန်းများ လုပ်ဆောင်နေကြသောကျွန်ုပ်တို့၏ ဝန်ထမ်းများ၊ စေတနာ့ဝန်ထမ်းများနှင့် ဝန်ဆောင်မှုပေးနေသော ဒေသခံလူထုများ၏ လုံခြုံရေးအတွက် အကာအကွယ်ပေးဖို့ တောင်းဆိုပါတယ်” ဟု Country Programme Manager a.i, UN-Habitat, Myanmar မှ Ms. Catarina Camarinhas က ပြောကြားခဲ့သည်။
ဤဆောင်းပါးကို UN-Habitat Myanmar ဝက်ဘ်ဆိုက်ဒ် တွင် မူရင်းရေးသားထုတ်ဝေထားပါသည်။