ဆူဒန်ကနေ ယူကရိန်း၊ အရှေ့အလယ်ပိုင်းမှသည် မြန်မာနဲ့ ကွန်ဂို ဒီမိုကရက်တစ် သမ္မတနိုင်ငံတွေသာမက တခြားဒေသတွေမှာပါ ပဋိပက္ခ၊ ရာသီဥတု ဖောက်ပြန်မှုနဲ့ မတည်မငြိမ်ဖြစ်မှုတွေကြောင့် စံချိန်တင် လူဦးရေ အများအပြား အိုးအိမ်စွန့်ခွာ ထွက်ပြေးနေကြရပြီး ကြီးမားတဲ့ လူသားဘေးဒုက္ခတွေနဲ့ ကြုံတွေ့ ခံစားနေကြရပါတယ်။
နောက်ဆုံးထွက်ရှိထားတဲ့ ကိန်းဂဏန်းများအရ ကမ္ဘာတစ်ဝန်းမှာ ဒုက္ခသည် ၄၃.၅ သန်းအပါအဝင် လူပေါင်း သန်း ၁၂၀ ကျော်ဟာ အတင်းအကျပ် အိုးအိမ်စွန့်ခွာ ထွက်ပြေးခဲ့ရပါတယ်။
ဒါကြောင့် ကမ္ဘာ့ ဒုက္ခသည်များနေ့ဟာ သူတို့ရဲ့ စွမ်းအားနဲ့ သတ္တိကို ချီးကျူးဂုဏ်ပြုတာ ဖြစ်သလို သူတို့ရဲ့ ဘဝခရီးလမ်းတလျှောက် ခြေတလှမ်းတိုင်းမှာ ပံ့ပိုး ကူညီဖို့နဲ့ အကာအကွယ်ပေးဖို့ ကြိုးပမ်းမှုတွေ အရှိန်မြင့် လုပ်ဆောင်တာ ဖြစ်ပါတယ်။
ဒုက္ခသည်တွေဟာ ကမ္ဘာလုံးဆိုင်ရာ ပေါင်းစည်း ညီညွတ်မှု လိုအပ်သလို သူတို့ရဲ့ ဘဝတွေ သိက္ခာရှိရှိ ပြန်လည် တည်ဆောက်နိုင်ဖို့ စွမ်းရည်လည်း လိုအပ်ပါတယ်။
အခွင့်အရေးပေးမယ်ဆိုရင် ဒုက္ခသည်တွေဟာ သူတို့ကို လက်ခံထားတဲ့ လူမှုအသိုက်အဝန်းအတွက် သိသာထင်ရှားတဲ့ ဆောင်ရွက်ချက်တွေ လုပ်ဆောင်နိုင်ပါတယ်။ ဒါပေမဲ့ တူညီတဲ့ အခွင့်အရေး၊ အလုပ်အကိုင်၊ အိမ်ယာနဲ့ ကျန်းမာရေး စောင့်ရှောက်မှုတွေ လက်လှမ်းမီ ရရှိဖို့တော့ လိုပါတယ်။
လူငယ် ဒုက္ခသည်တွေအနေနဲ့လည်း သူတို့ရဲ့ အိမ်မက်တွေကို အကောင်အထည်ဖော်နိုင်ဖို့ အရည်အသွေးပြည့်မီတဲ့ ပညာရေး လိုအပ်ပါတယ်။
ဒါ့အပြင် သဘောထားကြီးစွာ လက်ခံတဲ့ နိုင်ငံတွေ၊ အများအားဖြင့် ဝင်ငွေနည်းတဲ့ ဒါမှမဟုတ် ဝင်ငွေအလယ်အလတ်ရှိတဲ့ နိုင်ငံတွေဟာလည်း လူမှုအဖွဲ့အစည်းတွေနဲ့ စီးပွားရေးတွေမှာ ဒုက္ခသည်တွေကို ပြည့်ပြည့်ဝဝ ပါဝင်စေဖို့ဆိုရင် ပံ့ပိုးမှုတွေနဲ့ အရင်းအမြစ်တွေ လိုအပ်ပါတယ်။
ဒုက္ခသည်တွေကို လက်ခံကြိုဆိုဖို့နဲ့ ကူညီထောက်ပံ့ဖို့၊ ခိုလှုံခွင့်တောင်းခံနိုင်တဲ့ အခွင့်အရေးအပါအဝင် သူတို့ရဲ့ လူ့အခွင့်အရေးတွေကို ထိန်းသိမ်းဖို့၊ ဒုက္ခသည်တွေကို အကာအကွယ်ပေးရေး စနစ်ရဲ့ ဂုဏ်သိက္ခာကို ကာကွယ်ဖို့နဲ့၊ နောက်ဆုံးအနေနဲ့ ပဋိပက္ခတွေကို ဖြေရှင်းဖို့၊ စတဲ့ တစ်ကမ္ဘာလုံးက စုပေါင်း တာဝန်ယူကြရမှာတွေကို ထပ်မံအတည်ပြုဖို့ ကတိကဝတ် ပြုကြရအောင်ပါ။ ဒါမှသာ သူတို့ရဲ့ ရပ်ရွာတွေကနေ အိုးအိမ်စွန့်ခွာ ထွက်ပြေးလာကြရသူတွေ နေရပ်ပြန်နိုင်မှာ ဖြစ်ပါတယ်။