သတင်းထုတ်ပြန်ချက်

ကုလသမဂ္ဂအတွင်းရေးမှူးချုပ် ပြောခွင့်ရ ပုဂ္ဂိုလ်၏ မြန်မာနိုင်ငံဆိုင်ရာ ထုတ်ပြန်ချက်

၂၀၂၄ ခုနှစ် မတ်လ ၁၈ ရက်။

ဖာရန်ဟာ့ခ် (Farah Haq) အတွင်းရေးမှူးချုပ်၏ ဒုတိယပြောရေးဆိုခွင့်ရှိသူ

(အလွတ်သဘော ဘာသာပြန်ဆိုချက်)

မြန်မာနိုင်ငံအတွင်း အခြေအနေများ ပိုမိုဆိုးရွားခြင်းနှင့် ပဋိပက္ခများ ပိုမိုပြင်းထန်လာနေခြင်းတို့နှင့်ပတ်သက်၍ ကုလသမဂ္ဂ အတွင်း‌ရေးမှူးချုပ်အနေဖြင့် အထူးစိုးရိမ်နေဆဲ ဖြစ်ပါသည်။ အကြမ်းဖက်မှုအားလုံးကို ရှုတ်ချပြီး၊ နိုင်ငံတကာ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ဥပဒေနှင့်အညီ ကူညီရေးလုပ်သားများအပါအဝင် အရပ်သားပြည်သူများကို အကာအကွယ်ပေးရေး၊ အပစ်အခတ်ရပ်စဲရေးနှင့် လူသားချင်းစာနာထောက်ထားမှုအကူအညီများ ပေးအပ်နိုင်ရေးလမ်းကြောင်းတို့အတွက် ထပ်မံတောင်းဆိုပါသည်။
 
ရခိုင်ပြည်နယ်အတွင်း ပဋိပက္ခများ တိုးမြင့်ဖြစ်ပွားနေခြင်းကြောင့် အိုးအိမ်စွန့်ခွာထွက်ပြေးနေကြရပြီး ယခင်ကရှိနှင့်ပြီးသည့် ထိရှလွယ်မှုများနှင့် ခွဲခြားဆက်ဆံမှုများကလည်း ပိုမိုဆိုးရွားလာနေပါသည်။ အတွင်းရေးမှူးချုပ်သည်  ဒေသတွင်း လူမျိုးရေး တင်းမာမှုများ ထပ်မံ မဖြစ်ပေါ်စေရန် တားဆီးကြဖို့ကိုလည်း ပါဝင်ပတ်သက်သူအားလုံးအား တိုက်တွန်းထားပါသည်။ ယနေ့ မင်းပြားမြို့နယ်တွင်း လေကြောင်းမှတိုက်ခိုက်မှုကြောင့် အရပ်သားပြည်သူများစွာ သေဆုံး ဒဏ်ရာရကြောင်း သိရှိရသည့် ဖြစ်စဥ်အပါအဝင်၊ စစ်တပ်မှ ဆက်လက်လုပ်ဆောင်နေသည့် လေကြောင်းတိုက်ခိုက်မှု သတင်းများနှင့် ပတ်သက်၍ ထိတ်လန့် တုန်လှုပ်မိပါသည်။ ရိုဟင်ဂျာများအပါအဝင် လူငယ်များကို အတင်းအကျပ် ဖမ်းဆီးခြင်းနှင့် တပ်သားစု‌ဆောင်းခြင်းတို့နှင့် စပ်လျဥ်းသည့် သတင်းများနှင့် အတင်းအဓမ္မ စစ်မှုထမ်းခြင်းကြောင့် မြန်မာနိုင်ငံတွင်းရှိ လူမှုအသိုက်အဝန်းများ၏ လူနေမှုပုံစံနှင့် လူ့အခွင့်အရေးများအပေါ် သက်ရောက်မှုရှိလာနိုင်ခြင်း တို့နှင့်ပတ်သက်၍လည်း စိုးရိမ်ပူပန်နေပါသည်။
 
ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်အနေဖြင့်  နှိပ်စက်ညှဥ်းပန်းမှုနှင့် အကြမ်းဖက်မှုများကြောင့် ထွက်ပြေးလာသူများအား လက်ခံသည့် နိုင်ငံများနှင့် တာဝန်မျှဝေယူခြင်း၊ ဒေသတွင်း ဒုက္ခသည်များ အကာအကွယ်ပေးရေး ကြိုးပမ်းမှုများကို ပိုမိုအားကောင်းအောင် ဆောင်ရွက်ခြင်း တို့အပါအဝင် မြန်မာနိုင်ငံ၏ အကျပ်အတည်းကို ဒေသတွင်းနှင့် နိုင်ငံတကာမှ စဥ်ဆက်မပြတ် အာရုံစိုက်ကြရန်အတွက် တောင်းဆိုပါသည်။ မြန်မာနိုင်ငံတွင်း စနစ်တကျ ခွဲခြားဆက်ဆံမှုများ၏ အခြေခံအကြောင်းရင်းများကို ကိုင်တွယ်ခြင်းနှင့် နိုင်ငံတကာ ဥပဒေကို ကြီးလေးစွာ ချိုး‌ဖောက်မှုများအတွက် တာဝန်ခံမှုရှိစေခြင်းတို့သည် ဤအကျပ်အတည်းကို ရေရှည် ဖြေရှင်းနိုင်မည့် အဓိကအချက် ဖြစ်ပါသည်။
 
ကုလသမဂ္ဂသည် ရေရှည်တည်တံ့သည့် ငြိမ်းချမ်းရေး ရရှိစေရန်အလို့ငှာ အာဆီယံနှင့် အခြား ဒေသတွင်းရှိ လှုပ်ရှားဆောင်ရွက်သူများအပါအဝင် ပါဝင်ပတ်သက်သူအားလုံးနှင့် ဆက်လက် လက်တွဲ‌ဆောင်ရွက်သွားမည် ဖြစ်သလို မြန်မာနိုင်ငံတွင်းမှာ ဆက်လက် ရပ်တည်ပြီး လုပ်ငန်း တာဝန်များ ဆက်လက် ထမ်းရွက်သွားဖို့ သန္နိဌာန်ချထားပါသည်။

ဤလုပ်ငန်းတွင်အဓိကပါဝင်နေသည့် ကုလသမဂ္ဂရုံးများ

UN
ကုလသမဂ္ဂ

လုပ်ငန်းရပ်များဖြင့်ပံ့ပိုးပေးနေသော ပန်းတိုင်များ