သတင်းထုတ်ပြန်ချက်

ကုလသမဂ္ဂအတွင်းရေးမှူးချုပ် ပြောခွင့်ရ ပုဂ္ဂိုလ်၏ မြန်မာနိုင်ငံဆိုင်ရာ ထုတ်ပြန်ချက်

၂၀၂၃ ခုနှစ် နိုဝင်ဘာလ ၁၅ ရက်။

(အလွတ်သဘော ဘာသာပြန်ဆိုချက်)

ရခိုင်ပြည်နယ်အပါအဝင် မြန်မာနိုင်ငံတွင်း ပဋိပက္ခများ တိုးမြင့်ဖြစ်ပွားနေသည့်အပေါ် ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်အနေဖြင့် အထူးစိုးရိမ်မကင်း ဖြစ်မိပါသည်။ သက်ဆိုင်သူအားလုံးအနေဖြင့် နိုင်ငံတကာ လူသားချင်းစာနာမှုဆိုင်ရာ ဥပဒေကို လေးစားလိုက်နာရန်နှင့် အရပ်သားပြည်သူများအား ကာကွယ်စောင့်ရှောက်ရေး အစွမ်းကုန် ဆောင်ရွက်ရန်တို့ကိုလည်း ကုလသမဂ္ဂအတွင်းရေးမှူးချုပ်က တောင်းဆိုလိုက်ပါသည်။

ယခုအထိ မြန်မာနိုင်ငံအတွင်း နေရပ်စွန့်ခွာထွက်ပြေးရသူအရေအတွက် ၂ သန်းကျော် သွားပြီ ဖြစ်ပါသည်။

လုံခြုံရေးကောင်စီ ဆုံးဖြတ်ချက် ၂၆၆၉ (၂၀၂၂) နှင့်အညီ အကြမ်းဖက်မှုများ အဆုံးသတ်စေရေးအတွက်  ကုလသမဂ္ဂအတွင်းရေးမှူးချုပ်အနေဖြင့် အရှေ့တောင်အာရှနိုင်ငံများအသင်း အာဆီယံအဖွဲ့၊ ဒေသတွင်းနှင့် နိုင်ငံတကာ မိတ်ဖက်အဖွဲ့အစည်းများဖြင့် လက်တွဲလုပ်ဆောင်ဖို့ ကတိကဝတ် ဆက်လက် ပြုထားပါသည်။

နိုင်ငံတကာ လူသားချင်းစာနာမှုဆိုင်ရာ ဥပဒေနှင့်အညီ အရပ်သားပြည်သူများကို အကာအကွယ်ပေးသင့်ပြီး ထိုဥပဒေကို ချိုးဖောက်မှုများအတွက် တာဝန်ရှိသူများကိုလည်း တာဝန်ခံမှု တာဝန်ယူမှု ရှိစေရေး လုပ်ဆောင်ရမည်ဟု ကုလသမဂ္ဂအတွင်းရေးမှူးချုပ်က ထပ်လောင်းအတည်ပြုလိုက်ပါသည်။

လူသားချင်းစာနာထောက်ထားမှု အရေးပေါ် အကူအညီများနှင့် မဖြစ်မနေ လိုအပ်သည့် ဝန်ဆောင်မှုများ ပေးအပ်ဆောင်ရွက်နိုင်ရေးအတွက် လမ်းကြောင်းအားလုံးကနေ အတားအဆီး မရှိ ဝင်ရောက်သွားလာခွင့်ရဖို့ကိုလည်း အတွင်းရေးမှူးချုပ်က တောင်းဆိုလိုက်ပါသည်။

အတွင်းရေးမှူးချုပ်အနေဖြင့် အားလုံးပါဝင်သည့် တရားမျှတပြီး ငြိမ်းချမ်းတဲ့ အနာဂတ်တစ်ခုအတွက် မြန်မာပြည်သူများနှင့် သူတို့၏ ပြင်းပြသည့် ဆန္ဒများနှင့်အတူ တသားတည်း ရှိနေကြောင်း ထပ်လောင်း ပြောဆိုလိုက်ပါသည်။

Generic Profile

Stephane Dujarric

UN Secretary-General Spokesperson

ဤလုပ်ငန်းတွင်အဓိကပါဝင်နေသည့် ကုလသမဂ္ဂရုံးများ

UN
ကုလသမဂ္ဂ

လုပ်ငန်းရပ်များဖြင့်ပံ့ပိုးပေးနေသော ပန်းတိုင်များ