သတင်းထုတ်ပြန်ချက်

ဆိုင်ကလုန်းမုန်တိုင်း မိုခါ မတိုက်ခတ်မီ WFP အသင့်ပြင်ထား

၂၀၂၃ ခုနှစ် မေလ ၁၃ ရက်။

ခေါင်းစဉ်-ရခိုင်ပြည်နယ်ရှိ WFP ဂိုဒေါင်များတွင် ကယ်ဆယ်ရေး ရိက္ခာများ သိုလှောင်ထားသည်ကို တွေ့ရစဉ်။
ဓာတ်ပုံ - © WFP

စစ်တွေ – ယခုလာမည့် တနင်္ဂနွေနေ့တွင် မြန်မာနိုင်ငံနှင့် ဘင်္ဂလားဒေ့ရှ် နိုင်ငံအတွင်း ကျရောက်မည်ဟု ခန့်မှန်းထားသည့် ဆိုင်ကလုန်းမုန်တိုင်း မိုခါကို ကမ္ဘာ့စားနပ်ရိက္ခာအစီအစဥ် (WFP) အနေဖြင့် ဂရုတစိုက် စောင့်ကြည့်လေ့လာလျက်ရှိပါသည်။ ဆိုင်ကလုန်းမုန်တိုင်း တိုက်ခတ်နိုင်ခြေရှိသည့် နယ်မြေဒေသများတွင် ကြိုတင်ပြင်ဆင်မှုများကို ဆောင်ရွက်လျက်ရှိပါသည်။

မိတ်ဖက်အဖွဲ့အစည်းများနှင့်အတူလက်တွဲ၍ WFP သည် အရေးပေါ်အခြေအနေ အကြီးစားတုံ့ပြန်ရေးလုပ်ငန်းတစ်ရပ် ဆောင်ရွက်နိုင်အောင် အသင့်ပြင်နေပါသည်။ အရေးပေါ်အစီအစဉ်များရေးဆွဲချမှတ်ပြီးဖြစ်သလို၊ စားနပ်ရိက္ခာ၊ ကယ်ဆယ်ရေးအထောက်အပံ့များ၊ မော်တော်ယာဉ်များနှင့် အရေးပေါ်ကယ်ဆယ်ရေးပစ္စည်းကိရိယာများအားလည်း ကြိုတင်နေရာချထားလျက်ရှိပါသည်။

လက်ရှိတွင် WFP သည် မြန်မာနိုင်ငံ ရခိုင်ပြည်နယ်နှင့် အနီးအနားဒေသများရှိ လူဦးရေပေါင်း ၄၀၀,၀၀၀ ကျော်တို့၏ လိုအပ်ချက်များကို တစ်လကြာ ပံ့ပိုးပေးနိုင်သည်အထိ လုံလောက်သော စားနပ်ရိက္ခာများကို ကြိုတင်နေရာချထားပြီးဖြစ်ပါသည်။

ထို့အတူ ပေါ်ပေါက်လာနိုင်သည့် သယ်ယူပို့ဆောင်ရေး နှင့် ဆက်သွယ်ရေးဆိုင်ရာ ပြတ်တောက်ကြန့်ကြာမှုများကို ကြိုတင်ခန့်မှန်းပြင်ဆင်သည့်အနေဖြင့် WFP ဝန်ထမ်းများသည် လူသားချင်းစာနာမှုဆိုင်ရာမိတ်ဖက်အဖွဲ့အစည်းများ၏ မုန်တိုင်းအသင့်ပြင်မှုနှင့် တုံ့ပြန်မှုလုပ်ငန်းများတွင် အသုံးပြုနိုင်ရန် ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးစနစ်များကိုလည်း တပ်ဆင်လျက်ရှိပါသည်။

အကူအညီလိုအပ်လျက်ရှိသော ရပ်ရွာလူထုထံ လူသားချင်းစာနာမှုအထောက်အပံ့များ အပြည့်အဝ သွားရောက်ကူညီခွင့် နှင့် ရပ်ရွာလူထု၏ ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ပေးမှုတို့ရှိမှသာ ဆိုင်ကလုန်းမုန်တိုင်း၏ လတ်တလော အကျိုးဆက်များကို တုံ့ပြန်ဆောင်ရွက်ရေးနှင့် ရေရှည် ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို ထိရောက်စွာ ဆောင်ရွက်နိုင်မည်ဖြစ်ပါသည်။

 

WFP ၏ မြန်မာနိုင်ငံဆိုင်ရာ ဒုတိယဌာနေကိုယ်စားလှယ် Ms. Sheela Matthew ၏ မှတ်ချက်စကား

“ကျွန်ုမတို့ WFP အနေနဲ့ အဆိုးဆုံးအတွက် ကြိုတင်ပြင်ဆင်လျက်ရှိသလို၊ အကောင်းဆုံးဖြစ်လာနိုင်ဖို့ကိုလည်း မျှော်လင့်ထားပါတယ်။ ဆိုင်ကလုန်းမုန်တိုင်း မိုခါရဲ့လမ်းကြောင်းဟာ ပဋိပက္ခနဲ့ဆင်းရဲမွဲတေမှုကိုခံစားနေကြရပြီး၊ ကြံ့ကြံ့ခံနိုင်စွမ်းအားနည်းတဲ့ ဒေသတွေဆီကို ဦးတည်လျက်ရှိပါတယ်။ အဲ့ဒီဒေသတွေက မုန်တိုင်းဒဏ်ခံရနိုင်ခြေရှိတဲ့ လူများစွာဟာ လက်ရှိမှာတောင် WFP ရဲ့ လူသားချင်းစာနာမှု အကူအညီတွေကို ပုံမှန်အားဖြင့် မှီခိုအားထားနေကြရတဲ့အခြေအနေမှာ ရှိနေကြတာပါ။ သူတို့အနေနဲ့ နောက်ထပ် ဘေးအန္တရာယ်တစ်ခုကို ဘယ်လိုမှ ခံနိုင်စွမ်းမရှိကြပါဘူး။”

  • ဆိုင်ကလုန်း မုန်တိုင်းမိုခါ သက်ရောက်နိုင်ခြေအလားအလာအပေါ် WFP ၏ ဆန်းစစ်လေ့လာမှု (live update) link
  •  သတင်းဓါတ်ပုံများရယူနိုင်ရန် link

 

ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ်အကြောင်း

ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ်သည် ၂၀၂၀ ခုနှစ်  ငြိမ်းချမ်းရေးနိုဘယ်ဆုရှင်ဖြစ်သည်။ ကျွန်ုပ်တို့သည် ကမ္ဘာ့အကြီးမားဆုံး လူသားချင်းစာနာထောက်ထားမှု အကူအညီပေးအပ်ရေး အဖွဲ့အစည်းဖြစ်သည်။ အရေးပေါ် အခြေအနေများတွင် လူ့အသက် ကယ်တင်ခြင်းနှင့် စားနပ်ရိက္ခာအထောက်အပံ့များမှတစ်ဆင့် ပဋိပက္ခ၊ သဘာဝဘေး အန္တရာယ်များနှင့် ရာသီဥတုပြောင်းလဲခြင်း အကျိုးသက်ရောက်မှုများမှ ပြန်လည်ထူထောင်ကာ ငြိမ်းချမ်းရေး၊ တည်ငြိမ်မှုနှင့် သာယာဝပြောမှုတို့ကို ဖော်ဆောင်တည်ဆောက်ရန် ကြိုးပမ်းဆောင်ရွက်လျက်ရှိပါသည်။

 

WFP ကို တွစ်တာတွင် @WFP_Media နှင့် @WFPAsiaPacific တို့မှတစ်ဆင့် ချိတ်ဆက်နိုင်ပါသည်။

ပိုမိုသိရှိလိုပါက ဆက်သွယ်ရန် 

Elise Gibergues-Newton: ဆက်သွယ်ဆက်ဆံရေးအရာရှိ၊ WFP အာရှနှင့် ပစိဖိတ်ဒေသ။ အီးမေးလ် elise.giberguesnewton@wfp.org, ဖုန်း +08 1130 1966

ထက်ဦးလင်း: ဆက်သွယ်ဆက်ဆံရေးအရာရှိ၊ WFP မြန်မာ။ အီးမေးလ် htetoo.linn@wfp.org, ဖုန်း +95 9 97060 8171

 

Elise Gibergues-Newton

WFP
Communications Officer
Htet Oo Linn

ထက်ဦးလင်း

WFP
ဆက်သွယ်ဆက်ဆံရေးအရာရှိ

ဤလုပ်ငန်းတွင်အဓိကပါဝင်နေသည့် ကုလသမဂ္ဂရုံးများ

WFP
ကုလသမဂ္ဂ ကမ္ဘာ့စားနပ်ရိက္ခာ အစီအစဉ်

လုပ်ငန်းရပ်များဖြင့်ပံ့ပိုးပေးနေသော ပန်းတိုင်များ