သတင်းထုတ်ပြန်ချက်

မြန်မာနိုင်ငံအတွင်း စားနပ်ရိက္ခာအခက်အခဲများ မြင့်တက်လာသည့်အခြေအနေကို ဖြေရှင်းနိုင်ရန် WFP အား ဥရောပသမဂ္ဂ ပံ့ပိုးကူညီ

၂၀၂၂ ခုနှစ် ဒီဇင်ဘာလ ၀၇ ရက်။

ရန်ကုန်။ ။ မြန်မာနိုင်ငံအတွင်း ဆောင်ရွက်နေသည့်  ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် (WFP) ၏ လူသားချင်းစာနာမှုအထောက်အပံ့လုပ်ငန်းများကို ပံ့ပိုးသည့်အနေဖြင့် ဥရောပသမဂ္ဂက ယူရိုငွေ ၆.၅ သန်း လှူဒါန်းသည်။ လက်ရှိအချိန်တွင် မြန်မာနိုင်သူနိုင်ငံသားပေါင်း ၁၅ သန်းခန့်သည် ဝမ်းရေးအခက်အခဲကို အလယ်အလတ် သို့မဟုတ် အပြင်းအထန် ကြုံတွေ့ရင်ဆိုင်နေကြရပါသည်။

စက်သုံးဆီများနှင့် စားသောက်ကုန် စျေးနှုန်းများ မြင့်တက်လာသည့်အတွက် (အခြေခံစားသောက်ကုန် စျေးနှုန်းမှာ တစ်နှစ်အတွင်း ၆၂ ရာခိုင်နှုန်း မြင့်တက်လာသည်) လူအများအပြားမှာ အခြေခံစားသောက်ကုန်များဖြစ်သည့် ဆန်နှင့် စားသုံးဆီကိုပင် ဝယ်ယူရန် လက်လှမ်းမမီကြတော့ပေ။ ထို့အတူ နိုင်ငံတွင်း နေရာအနှံ့အပြားတွင် ဆက်လက်ဖြစ်ပွားနေသော ပဋိပက္ခများနှင့် နေရပ်စွန့်ခွာလာရမှု များပြားလာခြင်းတို့သည် ကုန်စည်စီးဆင်းမှုနှင့် စျေးကွက်လည်ပတ်မှုအပေါ် ထိခိုက်စေလျက်ရှိပြီး သန်းနှင့်ချီသော ပြည်သူများ၏ နေ့စဥ်ဝမ်းရေးကို ခြိမ်းခြောက်လျက်ရှိပါသည်။

ရပ်ရွာလူထုများ၊ ဒေသခံ အစိုးရမဟုတ်သော အဖွဲ့အစည်းများနှင့် မြေပြင်တွင် ပူးပေါင်းဆောင်ရွက်ခြင်းမှတစ်ဆင့် WFP သည် ပဋိပက္ခဒဏ်ခံစားနေရသော ဒေသများရှိ ထိခိုက်အလွယ်ဆုံးသော မိသားစုများအတွက် အသက်ကယ်စားနပ်ရိက္ခာ၊ ငွေသားနှင့် အာဟာရ အထောက်အပံ့များကို ပံ့ပိုးပေးသွားမည်ဖြစ်သည်။ ဥရောပသမဂ္ဂ၏ လူသားချင်းစာနာမှုဆိုင်ရာ ရန်ပုံငွေပံ့ပိုးမှုဖြင့် မြန်မာနိုင်ငံအရှေ့တောင်ပိုင်းဒေသများ၊ အနောက်မြောက်ပိုင်းဒေသများ၊ နယ်စပ်ဒေသများနှင့်  ရန်ကုန်မြို့ရှိ ဆင်းရဲနွမ်းပါးသည့် မြို့နယ်များရှိ လူဦးရေ စုစုပေါင်း ၈ သိန်းကျော်ကို ထောက်ပံ့ပေးနိုင်မည်ဖြစ်သည်။ အဆိုပါ ပံ့ပိုးကူညီမှုကို ဥရောပသမဂ္ဂ၏ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီပေးရေးဌာန (ECHO) မှတစ်ဆင့် ပေးအပ်ခဲ့ခြင်းဖြစ်ပါသည်။

“ပဋိပက္ခနဲ့ ဝမ်းရေးအခက်အခဲတွေဟာ ကံမကောင်းစွာနဲ့ပဲ အမြဲ ဒွန်တွဲလျက်ရှိနေပါတယ်” ဟု WFP ၏ မြန်မာနိုင်ငံဆိုင်ရာ ဌာနေကိုယ်စားလှယ် Mr. Stephen Anderson က ပြောသည်။ “ဥရောပသမဂ္ဂရဲ့ အခုလိုအချိန်မီပေးအပ်တဲ့ လူသားချင်းစာနာမှု ရန်ပုံငွေကြောင့် ကျွန်တော်တို့ WFP အနေနဲ့ နေ့စဥ်ဝမ်းရေးပူပန်နေရတဲ့ မိသားစုတွေကို ဆက်လက်ကူညီပေးသွားနိုင်မှာ ဖြစ်ပါတယ်။ လက်ရှိအချိန်မှာ လူသန်းပေါင်းများစွာဟာ WFP ရဲ့ စားနပ်ရိက္ခာအထောက်အပံ့ကို မရှိမဖြစ်အားကိုးမှီခိုနေကြရတဲ့ အခြေအနေဖြစ်နေပါတယ်။ ကျွန်တော်တို့မှန်းဆရသလောက် အနာဂတ်ကာလမှာလည်း WFP ရဲ့ အထောက်အပံ့တွေဟာ အရေးပါတဲ့ ပံ့ပိုးမှုမျိုးအဖြစ် ဆက်လက်တည်ရှိနေဦးမှာပါ။” ဟု Mr. Stephen Anderson ပြောသည်။

၂၀၂၂ ခုနှစ်အစောပိုင်းမှစတင်၍ WFP သည် နိုင်ငံတစ်ဝန်းရှိ လူဦးရေပေါင်း သုံးသန်း နီးပါးအတွက် စားနပ်ရိက္ခာ၊ အာဟာရနှင့် အသက်မွေးဝမ်းကြောင်းဆိုင်ရာ အကူအညီများကို ‌ပေးအပ်နိုင်ခဲ့ပြီးဖြစ်ပါသည်။ လက်ရှိတွင် မကြာသေးခင်ကဖြစ်ပွားခဲ့သော အကြမ်းဖက်မှုများကြောင့် အထူးသဖြင့် ချင်း၊ ကယား၊ မကွေးနှင့် စစ်ကိုင်းတိုင်းဒေသကြီးတို့ရှိ အကူအညီအလိုအပ်ဆုံးသောရပ်ရွာလူထုများထံ သွားရောက်ကူညီနိုင်ရေးမှာ ကန့်သတ်ချက်များစွာရှိနေဆဲဖြစ်သည်။ ထို့အတွက် ဥရောပသမဂ္ဂ နှင့် WFP တို့အနေဖြင့် လူသားချင်းစာနာမှုဆိုင်ရာအကူအညီများ  စဉ်ဆက်မပြတ် သွားရောက်ပေးအပ်ခွင့်ရရှိရေး တောင်းဆိုပါသည်။ နိုင်ငံတကာအသိုင်းအဝန်းအနေနှင့်လည်း မြန်မာနိုင်ငံသူ နိုင်ငံသားများအတွက် ဘဏ္ဍာရေးဆိုင်ရာ အကူအညီများကို ထပ်မံတိုးမြှင့်ပေးအပ်သွားရန် အရေးကြီးလိုအပ်နေပါသည်။

 

သတင်းဓါတ်ပုံများကို  ဤနေရာ တွင် ရယူနိုင်ပါသည်။

 

#                             #                             #

 

ကုလသမဂ္ဂ ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ်အကြောင်း

ကုလသမဂ္ဂ ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ်သည် ၂၀၂၀ ခုနှစ်  ငြိမ်းချမ်းရေးနိုဘယ်ဆုရှင်ဖြစ်သည်။ ကျွန်ုပ်တို့သည် ကမ္ဘာ့အကြီးမားဆုံး လူသားချင်းစာနာထောက်ထားမှု အကူအညီပေးအပ်ရေး အဖွဲ့အစည်းဖြစ်သည်။ အရေးပေါ် အခြေအနေများတွင် လူ့အသက် ကယ်တင်ခြင်းနှင့် စားနပ်ရိက္ခာအထောက်အပံ့များမှတစ်ဆင့် ပဋိပက္ခ၊ သဘာဝဘေး အန္တရာယ်များနှင့် ရာသီဥတုပြောင်းလဲခြင်း အကျိုးသက်ရောက်မှုများမှ ပြန်လည်ထူထောင်ကာ ငြိမ်းချမ်းရေး၊ တည်ငြိမ်မှုနှင့် သာယာဝပြောမှုတို့ကို ဖော်ဆောင်တည်ဆောက်ရန် ကြိုးပမ်းဆောင်ရွက်လျက်ရှိပါသည်။

 

WFP ကို တွစ်တာတွင် @WFP_Media နှင့် @WFPAsiaPacific တို့မှတစ်ဆင့် ချိတ်ဆက်နိုင်ပါသည်။

EU Civil Protection and Humanitarian Aid အကြောင်း

ဥရောပသမဂ္ဂနှင့် ၎င်း၏အဖွဲ့ဝင်နိုင်ငံများသည် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများကို ပေးအပ်နေသည့် ကမ္ဘာ့ဦးဆောင်အလှူရှင်နိုင်ငံများဖြစ်သည်။ ကယ်ဆယ်ရေးအကူအညီများကိုပေးအပ်ခြင်းသည် ဥရောပသမဂ္ဂအနေဖြင့် ကမ္ဘာတစ်ဝန်းလုံးရှိ အကူအညီလိုအပ်နေသူများနှင့် တစ်သားတည်း ရပ်တည်ကြောင်း ဖော်ပြသည့် စည်းလုံးညီညွတ်မှု ပြယုဂ်တစ်ခုပင်ဖြစ်သည်။ ၎င်းအကူအညီသည် လူ့အသက်များကို ကယ်တင်ရန်၊ လူသားများဆင်းရဲဒုက္ခခံစားရခြင်းမှ တားဆီးကာကွယ်ရန်နှင့် သက်သာရာရစေရန်၊ သဘာဝဘေးအန္တရာယ်များနှင့် လူလုပ်အကြပ်အတည်းများကြောင့် ထိခိုက်ခံစားရသည့် လူများ၏ ဂုဏ်သိက္ခာကို ကာကွယ်ရန် ရည်ရွယ်သည်။

ဥရောပသမဂ္ဂ၏ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီပေးရေးဌာနမှတစ်ဆင့် နှစ်စဉ်နှစ်တိုင်း ပဋိပက္ခနှင့် ဘေးအန္တရာယ်များကြောင့်ထိခိုက်ခဲ့ရသည့် သန်းနှင့်ချီသော ဒုက္ခသည်များကို ကူညီပံ့ပိုးပေးလျက်ရှိပါသည်။ ဥရောပသမဂ္ဂ ၏ရုံးချုပ်သည် Brussels တွင်တည်ရှိပြီး ကမ္ဘာအရပ်ရပ်ရှိ ရုံးခွဲများမှတစ်ဆင့် လူသားချင်းစာနာထောက်ထားမှု လိုအပ်ချက်များအပေါ် အခြေခံ၍ အထိခိုက်လွယ်ဆုံးသောသူများကို အကူအညီများ ပေးအပ်လျက်ရှိပါသည်။

generic profile

ခွမ်းလီ

WFP
အာရှနှင့် ပစိဖိတ်ဒေသဆိုင်ရာ ဌာနချုပ်၊ ဘန်ကောက်မြို့၊ ထိုင်းနိုင်ငံ။
generic profile

Peter Biro

EU Bangkok

ဤလုပ်ငန်းတွင်အဓိကပါဝင်နေသည့် ကုလသမဂ္ဂရုံးများ

WFP
ကုလသမဂ္ဂ ကမ္ဘာ့စားနပ်ရိက္ခာ အစီအစဉ်

လုပ်ငန်းရပ်များဖြင့်ပံ့ပိုးပေးနေသော ပန်းတိုင်များ