သတင်းထုတ်ပြန်ချက်

ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်၏ ပြောရေးဆိုခွင့်ရပုဂ္ဂိုလ်မှ မြန်မာနိုင်ငံဆိုင်ရာ ထုတ်ပြန်ချက်

၂၀၂၁ ခုနှစ် မေလ ၁၁ ရက်။

နယူးယောက်မြို့ - စစ်တပ်မှ အာဏာသိမ်းယူပြီး ရက်ပေါင်းတစ်ရာ ပြည့်လာချိန်တွင် အရပ်သားရာနှင့်ချီ သေဆုံးခဲ့ရပြီး တရားဥပဒေမဲ့ ဖမ်းဆီးခြင်းနှင့် အခြားလူ့အခွင့်အရေးချိုးဖောက်မှုပေါင်းများစွာ ဖြစ်ပေါ်ခဲ့ရာ ကုလသမဂ္ဂအထွေထွေအတွင်းရေးချုပ်က မြန်မာစစ်တပ်အနေဖြင့် ပြည်သူများ၏ ဆန္ဒကိုလေးစားရန်နှင့် နိုင်ငံ၏ အေးချမ်းတည်ငြိမ်ရေးကို အလေးထား၍ ဆောင်ရွက်ရန် ထပ်မံတိုက်တွန်းလိုက်ပါ သည်။ 

ထို့ပြင်အာဆီယံအသင်းကိုလည်း ၎င်းတို့ ဆောင်ရွက်နေသည့်ကိစ္စများအား အချိန်မဆိုင်းဘဲ ဆက်လက်လုပ်ဆောင်ရန်နှင့် နိုင်ငံတကာအသိုင်းအဝိုင်းကိုလည်း စစ်တပ်၏ ဖိနှိပ်မှုများ အဆုံးသတ်ရေး ဒေသတွင်းအဆင့် ကြိုးပမ်းအားထုတ်မှုများကို ပံ့ပိုးကူညီပေးရန် အထွေထွေအတွင်းရေးမှူးချုပ်က တိုက်တွန်းအားပေးပါသည်။ နိုင်ငံတကာအသိုင်းအဝန်းအနေဖြင့် တိုးပွားလာသော လူသားချင်း စာနာထောက်ထားမှု လိုအပ်ချက်များကို တုံ့ပြန်ဖြေဆည်းပေးကြရန်လည်း တိုက်တွန်းပါသည်။

ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်၏ အထူးကိုယ်စားလှယ် Christine Schraner Burgener သည် ယခုအချိန်တွင် အာဆီယံဒေသသို့ ရောက်ရှိနေပြီး မြန်မာနိုင်ငံအကျပ်အတည်းကြောင့် ပိုမို ကျယ်ပြန့်သော ရိုက်ခတ်မှုများ ဖြစ်ပေါ်နိုင်သောကြောင့် အဓိကကျသည့် အကျိုးဆက်စပ်သက်ဆိုင်သူ အမျိုးမျိုးနှင့် အားသွန်ခွန်စိုက် ဆွေးနွေးညှိနှိုင်းနေပါသည်။ သူမအနေဖြင့် နိုင်ငံတကာလုပ်ဆောင်မှုများ အချိတ်အဆက်မိမိဖြစ်စေရေး ဆက်လက်အားပေးဆောင်ရွက်နေပါသည်။   

 ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်သည် မြန်မာပြည်သူများနှင့်အတူ ဆက်လက်ရပ်တည်သွားမည်ဖြစ်ပါသည်။

Generic Profile

Stephane Dujarric

UN Secretary-General Spokesperson

ဤလုပ်ငန်းတွင်အဓိကပါဝင်နေသည့် ကုလသမဂ္ဂရုံးများ

UN
ကုလသမဂ္ဂ

လုပ်ငန်းရပ်များဖြင့်ပံ့ပိုးပေးနေသော ပန်းတိုင်များ