သတင်းထုတ်ပြန်ချက်

မြန်မာနိုင်ငံအတွင်း လျှင်မြန်စွာမြင့်တက်လာသော ဆာလောင်မွတ်သိပ်မှုကိုတုံ့ပြန်နိုင်ရန် WFP က အ‌ထောက်အပံ့လုပ်ငန်းများ တိုးမြှင့်ဆောင်ရွက်ပေးသွားမည်

၂၀၂၁ ခုနှစ် ဧပြီလ ၂၂ ရက်။

ရန်ကုန်၊ မြန်မာ -  ကုလသမဂ္ဂကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် (WFP) သည် မြန်မာနိုင်ငံ၏ အဓိကမြို့ကြီးများနှင့် မကြာသေးမီကဖြစ်ပွားခဲ့သည့် နေရပ်ရွှေ့ပြောင်းနေထိုင်မှုများဖြစ်ပွားရာ အခြားဒေသများရှိ ဆင်းရဲနွမ်းပါးသော မြို့နယ်များတွင်နေထိုင်နေကြသည့် ထိခိုက်လွယ်သူ လူဦးရေ ( ၂) သန်းကျော်အတွက် စားနပ်ရိက္ခာအထောက်အပံ့ စီမံချက်အသစ်တစ်ခုကို စတင်အကောင်အထည်ဖော်မည်ဖြစ်ပါသည်။

နဂိုရှိရင်းစွဲ ဆင်းရဲနွမ်းပါးမှု၊ COVID-19 ရိုက်ခတ်မှု နှင့် လက်ရှိနိုင်ငံရေးပဋိပက္ခတို့ ဆင့်ကဲသက်ရောက်မှုကြောင့် မြန်မာနိုင်ငံတစ်ဝှမ်းတွင် ဆာလောင်မွတ်သိပ်မှုများနှင့် (အကူအညီမဲ့မှုကြောင့်ဖြစ်ပေါ်လာသော) ပူပန်သောကများ လျှင်မြန်စွာတိုးမြင့်လာလျက်ရှိသည်။ WFP ၏ ခန့်မှန်းချက်အရ လာမည့် ခြောက်လအတွင်းတွင် နိုင်ငံ့အဝှမ်း ထပ်တိုးလူဦးရေ (၃.၄) သန်းကျော် (အထူးသဖြင့် မြို့ပြဒေသများတွင်နေထိုင်ကြသူများ) သည် ဆာလောင်မွတ်သိပ်မှုကို ရင်ဆိုင်ကြရလိမ့်မည်ဖြစ်ပါသည်။

“ဆင်းရဲနွမ်းပါးတဲ့သူတွေဟာ အလုပ်အကိုင်တွေ ဆုံးရှုံးနေကြပြီး၊ ထမင်းဟင်းစားဝယ်ခြမ်းစားသောက်ဖို့ မတတ်နိုင်တော့တဲ့ အခြေအနေဖြစ်နေပါတယ်” ဟု WFP ၏ မြန်မာနိုင်ငံဆိုင်ရာ ဌာနေကိုယ်စားလှယ် Mr Stephen Anderson က ပြောပါသည်။ “ပြည်သူလူထုအနေနဲ့ မကြာခင်ဒုက္ခဝေဒနာခံစားကြရမယ့်အခြေအနေကို ရှောင်ရှားနိုင်ဖို့၊ ဒါ့အပြင် စားနပ်ရိက္ခာဖူလုံမှုအခြေအနေ စိုးရိမ်ရလောက်အောင် ယိုယွင်းလာတာကို ကာကွယ်နိုင်ဖို့ဆိုရင် ကျွန်တော်တို့အားလုံး တစ်ညီတစ်ညွတ်တည်းတုံ့ပြန်ဆောင်ရွက်ဖို့လိုပါတယ်။”

လက်ရှိမှာပင် ရန်ကုန်မြို့တွင်းနှင့် မြို့ပတ်ဝန်းကျင်တွင် နေထိုင်ကြသော မိသားစုများအနေဖြင့် ဆက်လက်အသက်ရှင် ရပ်တည်နိုင်ရန်အတွက် အစားအသောက်များကို အကြိမ်ရေလျှော့ချစားသောက်နေကြရခြင်း၊ အာဟာရပိုမိုနည်းပါးသော အစားအစာများကို ရွေးချယ်စားသုံးနေရခြင်းနှင့် ကြွေးငွေချေးယူနေရခြင်းစသည့် အင်မတန်ကြပ်တည်းသည့် အခြေအနေသို့ရောက်ရှိနေကြသည့် လက္ခဏာများကို တွေ့မြင်နေရပါသည်။ 

WFP ၏ တုံ့ပြန်မှုစီမံချက်ကို အများအားဖြင့် နေထိုင်မှုအတည်တကျမရှိသေးသည့် အခြေချသူများရှိရာ ရန်ကုန်တိုင်းဒေသကြီး၏ ဆင်းရဲနွမ်းပါးမှုအမြင့်မားဆုံးရှိသည့် မြို့နယ် (၁၀) ခု တွင် အကောင်အထည်ဖော် ဆောင်ရွက်သွားမည် ဖြစ်ပါသည်။ WFP သည် နိုင်ငံ၏ အခြားဒေသများရှိ အခြေအနေများကိုလည်း စောင့်ကြည့်လျက်ရှိပြီး၊ လက်နက်ကိုင် ပဋိပက္ခကြောင့် မကြာသေးမီက အိုးအိမ်စွန့်ခွာတိမ်းရှောင်သူများ အပါအ၀င် ထိခိုက်နစ်နာသော ရပ်ရွာလူထုများအား လိုအပ်ပါက ကူညီထောက်ပံ့ပေးရန် အဆင်သင့်ပြင်ဆင်ထားပါသည်။

WFP ၏ ‌ စားနပ်ရိက္ခာဈေးနှုန်း စောင့်ကြည့်လေ့လာမှု နောက်ဆုံးတွေ့ရှိချက်များအရ ရန်ကုန်တိုင်း‌ဒေသကြီးအပါအဝင် နိုင်ငံ့အဝှမ်း၌ ဆန် ပျမ်းမျှစျေးနှုန်းသည် ဇန်နဝါရီလမှစတင်ကာ (၅) ရာခိုင်နှုန်းမြင့်တက်လာပြီး၊ စားသုံးဆီ ပျမ်းမျှစျေးနှုန်းသည် ဖေဖော်ဝါရီလမှ စတင်ကာ (၁၈) ရာခိုင်နှုန်း မြင့်တက်လာသည်။ ရန်ကုန်တိုင်း‌ဒေသကြီးတွင် စားသုံးဆီ စျေးနှုန်း (၂၅) ရာခိုင်နှုန်းအထိ မြင့်တက်သွားသည်ကို တွေ့ရှိရပါသည်။ ထူးခြားကုန်စျေးနှုန်းမြင့်တက်မှုများကို ကချင်၊ ချင်းနှင့် ရခိုင်ပြည်နယ်များ အပါအဝင် နယ်စပ်ဒေသအချို့၌ လေ့လာတွေ့ရှိရပါသည်။ ဥပမာအားဖြင့် ကချင်ပြည်နယ်၏ မြို့နယ်အချို့တွင် ဆန်စျေးနှုန်းများသည် (၄၃) ရာခိုင်နှုန်းအထိ မြင့်တက်သွားခဲ့ပြီး၊ စားသုံးဆီစျေးနှုန်းများသည် (၃၂) ရာခိုင်နှုန်းအထိ မြင့်တက်သွားခဲ့ပါသည်။ လောင်စာဆီစျေးနှုန်းသည် နိုင်ငံ့အဝှမ်း (၃၀) ရာခိုင်နှုန်းခန့် မြင့်တက်ခဲ့ပါသည်။

အခြေအနေများမတည်ငြိမ်သည့်ကြားမှပင် WFP သည် ကာလရှည်ပဋိပက္ခများကြောင့် ထိခိုက်ခံရသည့် နေရပ်စွန့်ခွာ ရွှေ့ပြောင်းရသူများနှင့် အခြားထိခိုက်လွယ်သည့် ရပ်ရွာလူထုများအတွက် ပေးအပ်လျက်ရှိသည့် လူသားချင်းစာနာမှု အကူအညီများကို ဆက်လက်ပေးအပ်လျက်ရှိပါသည်။ မတ်လတွင် WFP ၏ အထောက်အပံ့များသည် ကချင်ပြည်နယ်၊ ချင်းပြည်နယ်တောင်ပိုင်း၊ ရခိုင်ပြည်နယ်နှင့် ရှမ်းပြည်နယ်မြောက်ပိုင်းရှိ ပဋိပက္ခဘေးဒဏ်သင့်ဒေသများရှိ လူဦးရေပေါင်း (၃၇၄,၀၀၀) ထံ ရောက်ရှိကူညီနိုင်ခဲ့ပါသည်။

လာမည့် လများအတွင်း WFP သည် လူဦးရေ (၁.၃) သန်းမှသည်  (၃.၃) သန်းအထိ သုံးဆနီးပါးတိုးမြှင့် ထောက်ပံ့ကူညီသွားမည်ဖြစ်ပါသည်။ ဤသို့လုပ်ဆောင်နိုင်ရန်အတွက် အမေရိကန်ဒေါ်လာ (၁၀၆) သန်းကို အရေးပေါ်လိုအပ်ပါသည်။

“တကယ့်ကိုကြီးမားတဲ့ ကပ်ဘေးတစ်ခု ကျွန်တော်တို့မျက်မှောက်မှာ ဖြစ်သွားတာမျိုး မကြုံရအောင်လို့ ကျွန်တော်တို့ မဖြစ်မနေလုပ်ဆောင်ရပါမယ်။ မြန်မာပြည်သူပြည်သားတွေအတွက် ဆက်လက်ရပ်တည်ကြဖို့ နိုင်ငံတကာအသိုင်းအဝိုင်းကို ကျွန်တော်တို့မျှော်လင့်အားကိုးပါတယ်။” ဟု Mr Stephen Anderson က ပြောပါသည်။

သတင်းအချက်အလက်အရင်းအမြစ်များ

  • WFP Myanmar Analysis of the Economic Fallout & Food Insecurity (link)
  • WFP ၏ ‌ စားနပ်ရိက္ခာဈေးနှုန်း စောင့်ကြည့်လေ့လာမှုအစီရင်ခံစာ (မတ် ၂၀၂၁) (link)

ကုလသမဂ္ဂ ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ်သည် ၂၀၂၀ ခုနှစ်  ငြိမ်းချမ်းရေးနိုဘယ်ဆုရှင်ဖြစ်သည်။ ကျွန်ုပ်တို့သည် ကမ္ဘာ့အကြီးမားဆုံး လူသားချင်းစာနာထောက်ထားမှု အကူအညီပေးအပ်ရေး အဖွဲ့အစည်းဖြစ်သည်။ အရေးပေါ် အခြေအနေများတွင် လူ့အသက် ကယ်တင်ခြင်းနှင့် စားနပ်ရိက္ခာအထောက်အပံ့များမှတစ်ဆင့် ပဋိပက္ခ၊ သဘာဝဘေး အန္တရာယ်များနှင့် ရာသီဥတုပြောင်းလဲခြင်း အကျိုးသက်ရောက်မှုများမှ ပြန်လည်ထူထောင်ကာ ငြိမ်းချမ်းရေး၊ တည်ငြိမ်မှုနှင့် သာယာဝပြောမှုတို့ကို ဖော်ဆောင်တည်ဆောက်ရန် ကြိုးပမ်းဆောင်ရွက်လျက်ရှိပါသည်။

WFP ကို တွစ်တာတွင် @WFP_Media နှင့် @WFPAsiaPacific တို့မှတစ်ဆင့် ချိတ်ဆက်နိုင်ပါသည်။

generic profile

ခွမ်းလီ

WFP
အာရှနှင့် ပစိဖိတ်ဒေသဆိုင်ရာ ဌာနချုပ်၊ ဘန်ကောက်မြို့၊ ထိုင်းနိုင်ငံ။

ဤလုပ်ငန်းတွင်အဓိကပါဝင်နေသည့် ကုလသမဂ္ဂရုံးများ

WFP
ကုလသမဂ္ဂ ကမ္ဘာ့စားနပ်ရိက္ခာ အစီအစဉ်

လုပ်ငန်းရပ်များဖြင့်ပံ့ပိုးပေးနေသော ပန်းတိုင်များ