ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်၏ ပြောရေးဆိုခွင့်ရပုဂ္ဂိုလ်မှ ထုတ်ပြန်သော မြန်မာနိုင်ငံဆိုင်ရာ ထုတ်ပြန်ချက်
၂၀၂၁ ခုနှစ် မတ်လ ၂၇ ရက်။
ယနေ့ မြန်မာနိုင်ငံတွင် လုံခြုံရေးတပ်ဖွဲ့များမှ ကလေးများနှင့် လူငယ်များအပါအဝင် အရပ်သားများကို ဒါဇင်နှင့်ချီ၍ သတ်ဖြတ်ခဲ့ခြင်းအား ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်မှ အပြင်းထန်ဆုံး ရှုတ်ချလိုက်သည်။
စစ်အာဏာသိမ်းမှုကို ကန့်ကွက်ဆန္ဒပြမှုများ ယခင်လမှ စတင်ခဲ့သည့်နောက်ပိုင်း နေ့စဉ်လူသေဆုံးမှုများ ရှိခဲ့ပြီး ယနေ့တွင် သေဆုံးသူအရေအတွက် အများဆုံး ဖြစ်ခဲ့သည်။ ထိုသို့ စစ်တပ်၏ အကြမ်းဖက်ဖြိုခွင်းမှုများ ဆက်တိုက်ပြုလုပ်နေမှုသည် လုံးဝလက်သင့်ခံနိုင်စရာ မရှိသည့်အတွက် နိုင်ငံတကာမှ တစ်စုတစည်းတည်း ခိုင်ခိုင်မာမာ ပြတ်ပြတ်သားသား တုံ့ပြန်ဆောင်ရွက်ကြရန် တောင်းဆိုလိုက်ပါသည်။ ဤအကျပ်အတည်းအခြေအနေအား အဆောတလျင်အဖြေရှာကြရန် အလွန်ပင် အရေးကြီးနေပြီ ဖြစ်ပါသည်။
အထွေထွေအတွင်းရေးမှူးချုပ်မှ စစ်တပ်အား အကြမ်းဖက်မှုများနှင့် ဖိနှိပ်မှုများ မပြုလုပ်ရန် အရေးတကြီး တောင်းဆိုထားပြီးဖြစ်ကာ ယခုနောက်ထပ်တစ်ကြိမ် ထပ်မံတောင်းဆိုလိုက်သည်။ မြန်မာနိုင်ငံတွင် ကျူးလွန်နေသည့်ဆိုးရွားသောလူ့အခွင့်အရေး ချိုးဖောက်မှုများအတွက် တာဝန်ရှိသူများကို တာဝန်ခံစေရန် လုပ်ဆောင်ရမည်ဖြစ်သည်။