မိန့်ခွန်း
ကုလသမဂ္ဂအတွင်းရေးမှူးချုပ်၏ အမုန်းစကားဆန့်ကျင်ရေး အပြည်ပြည်ဆိုင်ရာနေ့အတွက် သတင်းစကား
၂၀၂၆ ခုနှစ် ဇွန်လ ၁၈ ရက်။
(အလွတ်သဘော ဘာသာပြန်ဆိုချက်)
အမုန်းစကားဆိုတာ လူ့ဂုဏ်သိက္ခာ ညှိုးနွမ်းကျဆင်းစေတဲ့ လမ်းကြောင်းပေါ် တွန်းပို့လိုက်တဲ့ ပထမခြေလှမ်းဖြစ်ပြီးတော့ မကြာခဏ အကြမ်းဖက်မှုတွေ၊ ပဋိပက္ခတွေနဲ့ ဆိုးရွားတဲ့ ရာဇဝတ်မှုတွေဆီကို ဦးတည်သွားတတ်ပါတယ်။ တကယ်တော့ ဒါဟာ သီးခြား အစုအဖွဲ့တွေဖြစ်တဲ့ အမျိုးသမီးတွေ၊ ရွှေ့ပြောင်းနေထိုင်သူတွေ၊ ဒုက္ခသည်တွေ၊ LGBTQIA+ တွေ၊ မသန်စွမ်းသူတွေနဲ့ တခြား လူနည်းစုတွေကို ပစ်မှတ်ထားကာ အများအားဖြင့်တော့ နိုင်ငံရေးအမြတ်ထုတ်ဖို့အတွက် သွေးခွဲတဲ့ လက်နက်တစ်ခုဖြစ်ပါတယ်။
အခုလို ဒစ်ဂျစ်တယ်ခေတ်ကြီးထဲမှာ အမုန်းစကားတွေဟာ ပိုလို့ မြန်မြန်ဆန်ဆန် ပျံ့နှံ့နေပါတယ်။ ဒါဟာ ထိန်းချုပ်မှုမရှိတဲ့ ပလက်ဖောင်းတွေကအားဖြည့်ပေးနေသလို၊ အေအိုင် ဉာဏ်ရည်တုနည်းပညာတွေကြောင့်လည်း ပိုပြီး ပြင်းထန်လာတာပါ။ အယ်လဂိုရီသမ် အတော်များများက စိတ်ဆိုးဒေါသထွက်စရာတွေနဲ့ သွေးခွဲတာတွေကို ပိုပြီး နေရာပေးနေကြတယ်။ ဒါကြောင့် 'likes' ရဖို့အတွက် လိမ်ညာတာတွေကို အားပေးသလိုဖြစ်နေပြီး 'views' ရဖို့အတွက် အကြမ်းဖက်မှုတွေကို မြှောက်ပင့်ပေးနေကြပါတယ်။ ဒါ့အပြင် အွန်လိုင်းပေါ်မှာ ကိုယ်ဘယ်သူဘယ်ဝါဆိုတာ ဖုံးကွယ်ထားလို့ရနေတာကြောင့် ကျူးလွန်သူတွေကို အရေးယူဖို့ ပိုပြီး ခက်ခဲစေပါတယ်။
ဒါပေမဲ့ လက်တွေ့ကျတဲ့ ဖြေရှင်းနည်းတွေနဲ့ ဒီ အန္တရာယ် စက်ဝန်းကို ဖြတ်တောက်နိုင်ပါတယ်။ အမုန်းစကားတွေကို ခွဲခြားသိမြင်ပြီး ငြင်းပယ်တတ်အောင် ပညာပေးတာ၊ အမုန်းစကားကြောင့် ထိခိုက်ခံစားရသူတွေကို ကူညီပံ့ပိုးပေးတာ၊ ပြီးတော့ အစိုးရတွေနဲ့ နည်းပညာကုမ္ပဏီတွေဘက်က ပိုပြီး ထိထိရောက်ရောက် ဝင်ရောက်ကိုင်တွယ်တာ စတဲ့ဖြေရှင်းနည်းတွေ ဖြစ်ပါတယ်။ နိုင်ငံတွေအနေနဲ့လည်း အမုန်းပွားအောင် လှုံ့ဆော်မှုတွေကို နှိမ်နင်းဖို့၊ အားလုံးပါဝင်မှုကို မြှင့်တင်ဖို့၊ ကွဲပြားခြားနားမှုတွေကို လေးစားဖို့နဲ့ စည်းလုံးညီညွတ်ဖို့ အပြည်ပြည်ဆိုင်ရာဥပဒေအရ ရှင်းလင်းတဲ့ တာဝန်ဝတ္တရားတွေ ရှိပါတယ်။ တစ်ချိန်တည်းမှာပဲ လွတ်လပ်စွာ ထုတ်ဖော်ပြသခွင့်ဆိုတာ ဘေးဥပဒ်ဖြစ်စေတဲ့ သတင်းစကားတွေကို ဖြန့်ဝေဖို့အတွက် ဆင်ခြေတစ်ခု ဘယ်တော့မှ မဖြစ်ရပါဘူး။
ကုလသမဂ္ဂ၏ အမုန်းစကားဆန့်ကျင်ရေးဆိုင်ရာ မဟာဗျူဟာနှင့် လုပ်ငန်းစီမံချက်က လျှောက်လှမ်းရမည့်လမ်းကို ညွှန်ပြထားပြီး၊ သတင်းအချက်အလက်များလုံခြုံရေးအတွက် ကမ္ဘာလုံးဆိုင်ရာ မူဝါဒက ပိုမိုဘေးကင်းပြီး ကျင့်ဝတ်နဲ့ညီညွတ်တဲ့ ဒစ်ဂျစ်တယ်ဂေဟစနစ်ဆီကို ဦးတည်တဲ့ လမ်းပြမြေပုံကို ပံ့ပိုးပေးထားပါတယ်။
ပဉ္စမအကြိမ်မြောက် အမုန်းစကားဆန့်ကျင်ရေး အပြည်ပြည်ဆိုင်ရာနေ့မှာ မလိုမုန်းထားမှု ပုံစံအားလုံးကို ငြင်းပယ်ကြရအောင်ပါ။ လူ့အခွင့်အရေး၊ လူ့ဂုဏ်သိက္ခာနဲ့ အပြန်အလှန် လေးစားမှုတို့အပေါ် အခြေခံတဲ့ ကမ္ဘာကြီးတစ်ခု တည်ဆောက်နိုင်ဖို့ အတူတကွ လက်တွဲဆောင်ရွက်ကြရအောင်ပါ။
မိန့်ခွန်းပြောသူ
အန်တိုနီယို ဂူတာရက်စ်
UN
ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်
လုပ်ငန်းရပ်များဖြင့်ပံ့ပိုးပေးနေသော ပန်းတိုင်များ
ဤလုပ်ငန်းတွင်အဓိကပါဝင်နေသည့် ကုလသမဂ္ဂရုံးများ