မိန့်ခွန်း
ကုလသမဂ္ဂအတွင်းရေးမှူးချုပ်၏ ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ သတင်းစကား
၂၀၂၄ ခုနှစ် ဇွန်လ ၀၅ ရက်။
(အလွတ်သဘော ဘာသာပြန်ဆိုချက်)
ဒီနှစ် ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ရဲ့ ဆောင်ပုဒ်က “သဲကန္တာရတိုက်ဖျက်ရေးနှင့် မိုးခေါင်ရေရှားဒဏ်ခံနိုင်ရေး မြေယာပြန်လည်ပြုပြင်ပေး” ဖြစ်ပါတယ်။
လူသားမျိုးနွယ်တွေဟာ မြေပြင်အပေါ် မှီခိုရပါတယ်။ ဒါပေမဲ့ ကမ္ဘာတစ်ဝန်းလုံးမှာ လေထုညစ်ညမ်းမှု၊ ရာသီဥတုဖောက်ပြန်မှုနဲ့ ဇီဝမျိုးကွဲများ ပြုန်းတီးမှုတွေရဲ့ အဆိပ်သင့် ပေါင်းစပ်မှုကြောင့် ကောင်းမွန်တဲ့ မြေယာတွေဟာ ကန္တာရတွေအဖြစ် ပြောင်းလဲလာနေပြီး၊ ဂေဟစနစ်တွေက သက်မဲ့ဇုန်တွေအဖြစ် ကြီးထွားလာနေပါတယ်။ သစ်တောတွေနဲ့ မြက်ခင်းပြင်တွေလည်း ပျက်စီးလာနေပြီး၊ ဂေဟစနစ်တွေ၊ လယ်ယာစိုက်ပျိုးရေးနဲ့ လူမှုအသိုက်အဝန်းကို ပံ့ပိုးတဲ့ မြေပြင်ရဲ့ စွမ်းရည်လည်း လျော့ပါးလာနေပါတယ်။
ဆိုလိုတာက ကောက်ပဲသီးနှံတွေ ပျက်စီးပြီး အထွက်နှုန်းကျဆင်းလာတာ၊ ရေအရင်းအမြစ်တွေ ကွယ်ပျောက်လာတာ၊ စီးပွားရေးတွေ ဆုတ်ယုတ်လာပြီး လူမှုအသိုက်အဝန်းအတွက် အန္တရာယ် ရှိလာပါတယ်။ ဒီဒဏ်တွေကို အဆင်းရဲဆုံး သူတွေက အဆိုးဆုံး ခံနေရပါတယ်။ ရေရှည်တည်တံ့တဲ့ ဖွံ့ဖြိုးတိုးတက်မှု ထိခိုက်ကျဆင်းလာနေပါတယ်။ နောက်ပြီး ကမ္ဘာမြေကို ပူနွေးစေတဲ့ ကာဗွန်ဒိုင်အောက်ဆိုဒ် ထုတ်လွှတ်မှုတွေရဲ့ ၁၁ ရာခိုင်နှုန်းက မြေအသုံးချမှုတွေကြောင့် ဖြစ်တာမလို့ ကျွန်တော်တို့တွေဟာ အန္တရာယ် စက်ဝန်းတစ်ခုထဲမှာ ပိတ်မိနေတာပါ။ ဒါတွေကို အဆုံးသတ်ဖို့ အချိန်တန်ပါပြီ။
နိုင်ငံတွေအနေနဲ့ ပျက်စီးယိုယွင်းနေတဲ့ ဂေဟစနစ်တွေနဲ့ မြေယာတွေကို ပြန်လည်ထူထောင်ဖို့နဲ့ ကူမင်း-မွန်ထရီရယ် ကမ္ဘာ့ဇီဝမျိုးစုံ ထိန်းသိမ်းရေး မူဘောင် (Kunming-Montreal Global Biodiversity Framework) တစ်ခုလုံးအပေါ် ထားရှိတဲ့ ကတိကဝတ်အားလုံးကို လိုက်နာကြရပါမယ်။ သက္ကရာဇ် ၂၀၃၀ မှာ သစ်တောပြုန်းတီးမှုကို ရပ်တန့်နိုင်ပြီး ပြန်လည်ပြုပြင်နိုင်တဲ့ နည်းလမ်းတွေ ချမှတ်ဆောင်ရွက်နိုင်ရေးအတွက် နိုင်ငံအဆင့် ရာသီဥတုဆိုင်ရာ စီမံချက်အသစ်တွေကို အသုံးပြုရပါမယ်။ နောက်ပြီး ဖွံ့ဖြိုးဆဲနိုင်ငံတွေ ရာသီဥတု ကြမ်းတမ်းမှုကို ခံနိုင်ရည်ရှိဖို့၊ သဘာဝပတ်ဝန်းကျင်ကို ကာကွယ်နိုင်ဖို့နဲ့ ရေရှည်တည်တံ့တဲ့ ဖွံ့ဖြိုးတိုးတက်မှုကို ပံ့ပိုးနိုင်ဖို့တို့အတွက် ရန်ပုံငွေထောက်ပံ့မှုကို ထိထိရောက်ရောက် တိုးမြှင့်ရပါမယ်။
မဆောင်ရွက်ဘဲနေတာက ပျက်စီးဆုံးရှုံးမှု များပါတယ်။ ဒါပေမဲ့ မြန်ဆန်ပြီး ထိရောက်တဲ့ လုပ်ဆောင်ချက်က စီးပွားရေးအရ အကျိုးအမြတ် ရှိပါတယ်။ ဂေဟစနစ်ထူထောင်ရေးမှာ တစ်ဒေါ်လာ ရင်းနှီးတိုင်း ဒေါ်လာ ၃၀ ထိ အကျိုးအမြတ် ရပါတယ်။
ကျွန်တော်တို့တွေဟာ ကမ္ဘာတစ်ဝန်း ဂေဟစနစ် ပြန်လည်ထူထောင်ရေးတွေ လုပ်ဆောင်နေတဲ့ မျိုးဆက် (Generation Restoration) ဖြစ်ပါတယ်။ ဒါကြောင့် မြေပြင်တစ်ခုလုံးနဲ့ လူသားမျိုးနွယ်တို့အတွက် ရေရှည်တည်တံ့တဲ့ အနာဂတ်တစ်ခုကို အတူ တည်ဆောက်ကြရအောင်ပါ။
မိန့်ခွန်းပြောသူ
အန်တိုနီယို ဂူတာရက်စ်
ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်
လုပ်ငန်းရပ်များဖြင့်ပံ့ပိုးပေးနေသော ပန်းတိုင်များ
ဤလုပ်ငန်းတွင်အဓိကပါဝင်နေသည့် ကုလသမဂ္ဂရုံးများ