ပဋိပက္ခများအတွင်း နေရပ်စွန့်ခွာနေထိုင်ကြရသည့် အမျိုးသမီးများနှင့် မိန်းကလေးငယ်များ အခက်အခဲကြား ကြံ့ကြံ့ခံရပ်တည်နိုင်မှုနှင့် သူတို့၏ ဂုဏ်သိက္ခာနှင့် မျှော်လင့်ချက်အတွက် ပံ့ပိုးကူညီ
UNFPA မှ အရေးတကြီး လိုအပ်ချက်များသာမက အမျိုးသမီးများနှင့် မိန်းကလေးငယ်များ၏ ကျန်းမာရေး၊ အကာအကွယ်နှင့် သူတို့၏ အခွင့်အရေး၊ ဂုဏ်သိက္ခာရရှိစေရန် ဦးတည်ပါသည်။
“စစ်ဘေးရှောင်စခန်းမှာ အမျိုးသမီးသုံး တစ်ကိုယ်ရေသန့်ရှင်းမှုပစ္စည်းတွေ ရရှိနိုင်မှုက အရမ်းအကန့်အသတ် ရှိပါတယ်။ အခုလိုအခြေအနေမှာ ကျွန်မတို့ မရှိမဖြစ်လိုအပ်တဲ့ပစ္စည်းများကို လက်လှမ်းမီ ရရှိဖို့ တော်တော်ခက်တယ်။ ကျွန်မတို့ အမျိုးသမီးတွေ သင့်လျော်တဲ့ တစ်ကိုယ်ရေ သန့်ရှင်းမှု မရရှိတဲ့အခါ တော်တော်လေး စိတ်မသက်မသာ ခံစားရသလို အခြားကျန်းမာရေးဆိုင်ရာ ပြဿနာတွေ၊ ရောဂါကူးစက်မှု အန္တရာယ်တွေ တိုးလာစေပါတယ်” ဟု ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ်မှ စစ်ဘေးရှောင်အမျိုးသမီး နန်ဒွယ်က ပြောပါတယ်။
လက်နက်ကိုင်ပဋိပက္ခနှင့် ရာသီဥတုဆိုင်ရာ အကျပ်အတည်းများက မြန်မာနိုင်ငံတွင် လူသားချင်းစာနာထောက်ထားမှုလိုအပ်ချက်များနှင့် နေရပ်စွန့်ခွာရွေ့ပြောင်းမှုများ ဖြစ်ရန် တွန်းအားပေးလျက်ရှိသည်။ UNOCHA အစီရင်ခံစာအရ မြန်မာနိုင်ငံမှာ လက်ရှိနေရပ်ရွှေ့ပြောင်းနေရသူ ၁.၈ သန်းကျော်ရှိပြီး ၂၀၂၁ ခုနှစ် စစ်တပ်က အာဏာရယူပြီးကတည်းက ပဋိပက္ခနဲ့ မလုံခြုံမှုတွေကြောင့် နေရပ်စွန့်ခွာနေထိုင်သူ ၁.၅ သန်း ရှိသည်။ အဆိုပါ လူဦးရေများထဲတွင် အမျိုးသမီးများနှင့် မိန်းကလေးငယ်များက အကျပ်အတည်းများ၏သက်ရောက်မှုကို မမျှတစွာ ပိုမိုခံစားကြရသည်။ ၂၀၂၄ ခုနှစ် မြန်မာနိုင်ငံ လူသားချင်းစာနာထောက်ထားမှု လိုအပ်ချက်များနှင့် တုံ့ပြန်ရေးစီမံချက်အရ ၂၀၂၄ ခုနှစ်တွင် လူ ၅.၃ သန်းကို အကူအညီပေးရန် ဦးတည်ထားမည်ဖြစ်ပြီး ၎င်းတို့အနက် ၂.၈ သန်း တနည်းအားဖြင့် ၅၂ ရာခိုင်နှုန်းသည် အမျိုးသမီးများနှင့် မိန်းကလေးများဖြစ်ပါသည်။ စိန်ခေါ်မှုများနှင့် ငွေကြေးထောက်ပံ့မှု အကန့်အသတ်များရှိနေသော်လည်း နိုင်ငံအတွင်း လုပ်ဆောင်နေသည့် လူသားချင်းစာနာမှုဆောင်ရွက်နေသည့် အဖွဲ့များသည် အမျိုးသမီးများနှင့် မိန်းကလေးများ အပါအဝင် ထိခိုက်လွယ်ဆုံးလူများအတွက် အရေးကြီးသော အသက်ကယ်အကူအညီများကို ဆက်လက် ပံ့ပိုးပေးနေပါသည်။
လိင်နှင့်မျိုးဆက်ပွားကျန်းမာရေးဆိုင်ရာ ကုလသမဂ္ဂအဖွဲ့ UNFPA သည် မြန်မာနိုင်ငံတွင် လက်ရှိဖြစ်ပေါ်နေသော လူသားချင်းစာနာထောက်ထားမှုအခြေအနေကြောင့် ထိခိုက်ခံစားရသော အမျိုးသမီးများနှင့် မိန်းကလေးငယ်များအတွက် အမျိုးသမီး တစ်ကိုယ်ရေကျန်းမာရေး သုံးပစ္စည်းထုပ်များ ထောက်ပံ့ပေးရာတွင် ပြည်တွင်းရှိ မိတ်ဖက်အဖွဲ့အစည်းများနှင့် အနီးကပ်ပူးပေါင်းဆောင်ရွက်လျက်ရှိသည်။ အမျိုးသမီးသုံးပစ္စည်းထုပ်များတွင် သန့်ရှင်းရေးသုံးပစ္စည်းများ၊ ဆပ်ပြာ၊ အတွင်းခံ၊ ဓာတ်မီးနှင့် အခြားတစ်ကိုယ်ရေသန့်ရှင်းရေး ထုတ်ကုန်များကဲ့သို့သော မရှိမဖြစ်ပစ္စည်းများပါဝင်ပြီး အကျပ်အတည်းကာလအတွင်း အမျိုးသမီးများ၏ တစ်ကိုယ်ရေသန့်ရှင်းမှု၊ ဘေးကင်းမှုနှင့် ဂုဏ်သိက္ခာကို ထိန်းသိမ်းရန် အထောက်အပံ့ဖြစ်စေပါသည်။ ပစ္စည်းဖြန့်ဝေခြင်းနှင့်အတူ ကျားမအခြေပြုအကြမ်းဖက်မှု နှင့်ပတ်သက်၍ အသိပညာမြှင့်တင်ရန်နှင့် ထိုအတွက် ရရှိနိုင်သောဝန်ဆောင်မှုများ၊ စိတ်ကျန်းမာရေးနှင့် စိတ်လူမှုဆိုင်ရာပံ့ပိုးမှု၊ လိင်ပိုင်းနှင့် မျိုးဆက်ပွားကျန်းမာရေးဆိုင်ရာ ဝန်ဆောင်မှု အချက်အလက်များ ပေးခြင်းများကို တွဲဖက်ဆောင်ရွက်လျက်ရှိသည်။
နေရပ်ရွှေ့ပြောင်းနေထိုင်ရသည့်အခြေအနေတွင် အမျိုးသမီးသုံးပစ္စည်းထုပ်များသည် အမျိုးသမီးများနှင့် မိန်းကလေးများ၏ အခြေခံတစ်ကိုယ်ရေသန့်ရှင်းရေး အတွက် လွန်စွာအရေးကြီးပါသည်။ သူတို့ကို မျှော်လင့်ချက်နဲ့ ဂုဏ်သိက္ခာ ရရှိစေသည်။ အထူးသဖြင့် စစ်ရှောင်စခန်းများတွင် အမျိုးသမီးလစဥ်သုံးပစ္စည်းများနှင့် တစ်ကိုယ်ရေသန့်ရှင်းရေးသုံးပစ္စည်းများကို ရရှိဖို့ အမျိုးသမီးများနှင့် အရွယ်ရောက်ပြီး မိန်းကလေးများအတွက် စိန်ခေါ်မှုများစွာရှိသည်။ “ပတ်ဝန်းကျင်က အခြေအနေတွေ တစတစယိုယွင်းလာတဲ့ကြားမှာ နေရတဲ့အခြေအနေမှာ အမျိုးသမီးသုံးပစ္စည်းထုပ်တွေက ကျွန်မတို့ အရေးပါနေသေးတယ်လို့ သတိပေးတယ်” ဟု ရှမ်းပြည်တောင်ပိုင်း စစ်ဘေးရှောင်စခန်းတစ်ခုမှ အသက် ၂၀ အရွယ် မိန်းကလေးတစ်ဦးမှ ပြောပြသည်။
ပဋိပက္ခများအတွင်း အမျိုးသမီးများနှင့် မိန်းကလေးများ၏ အထူးလိုအပ်ချက်များကို မကြာခဏ ဆိုသလို လျစ်လျူရှု မေ့လျော့နေတတ်ကြပါသည်။ UNFPA ၏ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အထောက်အပံ့သည် အရေးတကြီး လိုအပ်ချက်များကို ကူညီပေးရုံသာမက အမျိုးသမီးများနှင့် မိန်းကလေးငယ်များ၏ ကျန်းမာရေး၊ အကာအကွယ်နှင့် သူတို့၏ အခွင့်အရေး၊ ဂုဏ်သိက္ခာရရှိစေရန် ဦးတည်ပါသည်။
UNFPA ၏ လူသားချင်းစာနာမှုဆိုင်ရာ အစီအစဥ်အရာရှိ ဒေါက်တာကျော်ဇက “လူသားချင်းစာနာမှုဆိုင်ရာအခြေအနေတွေမှာ အမျိုးသမီးတွေနဲ့ မိန်းကလေးများ၏ ဂုဏ်သိက္ခာအတွက် အမျိုးသမီးသုံးပစ္စည်းထုပ်တွေ ပံ့ပိုးပေးမှုက အရမ်းအရေးကြီးပါတယ်။ ဒါက သူတို့ရဲ့ရုပ်ပိုင်းဆိုင်ရာ အခက်အခဲ အဆင်ပြေပြီး သက်တောင့်သက်သာရှိဖို့သက်သက်ပဲ မဟုတ်ပါဘူး၊ စိတ်ကျန်းမာရေးနှင့် စိတ်လူမှုပိုင်းဆိုင်ရာသုခ ရရှိအဆင်ပြေစေဖို့လည်း ဖြစ်ပါတယ်”ဟုပြောသည်။ ဤပစ္စည်းများသည် အခြေခံတစ်ကိုယ်ရေသန့်ရှင်းမှုရရှိဖို့ လိုအပ်တဲ့ အရေးပေါ်အကူအညီ ဖြစ်ရုံသာမက ပဋိပက္ခဖြစ်ပွားနေချိန်တွင် အမျိုးသမီးများနှင့် မိန်းကလေးငယ်များ သူတို့၏အခွင့်အရေးနှင့် ဂုဏ်သိက္ခာကို ပြန်လည်ရရှိနိုင်စေရန် ကူညီစွမ်းဆောင်ပေးပါသည်။
မြန်မာနိုင်ငံအတွင်း ပဋိပက္ခဖြစ်ပွားရာဒေသများရှိ နေရပ်ရွှေ့ပြောင်း အမျိုးသမီးများနှင့် မိန်းကလေးငယ်များအတွက် UNFPA ၏ အမျိုးသမီး တစ်ကိုယ်ရေကျန်းမာရေးသုံးပစ္စည်းထုပ်များ ပံ့ပိုးပေးမှုကို DFAT-Australia၊ Central Emergency Response Fund (CERF)၊ Canada နှင့် Women and Girls First Programme တို့မှ ရန်ပုံငွေထောက်ပံ့ပေးထားပါသည်။
*ဤဆောင်းပါးကို UNFPA Myanmar website တွင် မူရင်းထုတ်ဝေထားပါသည်။