ဒီကနေ့ကျရောက်တဲ့ နိုင်ငံတကာ အကြမ်းမဖက်ရေးနေ့ဟာ မဟတ္တမ ဂန္ဒီမွေးနေ့ကို အထိမ်းအမှတ် ပြုတာ ဖြစ်သလို အပြန်အလှန် လေးစားမှု၊ နားလည်မှု၊ တရားမျှတမှုနဲ့ အကြမ်းမဖက် ငြိမ်းချမ်းတဲ့နည်းနဲ့ ဆောင်ရွက်မှုရဲ့ အစွမ်းသတ္တိ စတဲ့ သူအမြဲ ရပ်တည်ကာကွယ်ခဲ့တဲ့ တန်ဖိုးတွေကို အသိအမှတ်ပြုတာလည်း ဖြစ်ပါတယ်။
ကျွန်တော်တို့ရဲ့ ကမ္ဘာကြီးဟာ ကြီးမားတဲ့ စိန်ခေါ်ချက်တွေနဲ့ ရင်ဆိုင်နေရပါတယ်။ မညီမျှမှုတွေ၊ တင်းမာမှုတွေနဲ့ ပဋိပက္ခတွေ တဟုန်ထိုး တိုးလာသလို ရာသီဥတု ဖောက်ပြန်မှုဒဏ်တွေကိုလည်း ဆိုးဆိုးရွားရွား ခံနေရပါတယ်။
ဒီမိုကရေစီစနစ် ခြိမ်းခြောက်ခံနေရတာ၊ အမုန်းစကားတွေနဲ့ ချီတက်ဆန္ဒပြမှုတွေကို လက်မခံတာတွေနဲ့ပတ်သက်လို့ နိုင်ငံတွေ အချင်းချင်းကြား သဘောထားကွဲလွဲမှုတွေ ပိုမို နက်ရှိုင်းလာတာကို ကျွန်တော်တို့ တွေ့မြင်နေရပါတယ်။
ဒီဒုက္ခတွေကို ကျွန်တော်တို့ ကျော်ဖြတ်နိုင်ပြီး၊ ပိုမိုတောက်ပပြီး ပိုမိုငြိမ်းချမ်းတဲ့ အနာဂတ်ဆီကို ရှေးရှုတဲ့ လမ်းကြောင်းဆီကို ဦးတည်နိုင်ပါတယ်။
ဂန္ဒီ နားလည်ခဲ့သလို လူ့လောက မိသားစု ကမ္ဘာရဲ့ အံ့ဖွယ်ဘနန်း မတူကွဲပြားမှုဟာ ခြိမ်းခြောက်မှု တစ်ခု မဟုတ်ဘဲ ရတနာတပါးသာ ဖြစ်တယ်လို့ ကျွန်တော်တို့ နားလည်ကြရပါမယ်။
လူ့အဖွဲ့အစည်းတွေကြား သဟဇာတဖြစ်မှု အတူပေါင်းစည်းမှုတွေမှာ ရင်းနှီးမြှုပ်နှံကြရပါမယ်၊ ညှိနှိုင်းဆောင်ရွက်ဖို့ သတ္တိနဲ့ အတူလက်တွဲလုပ်ဆောင်ဖို့ သန္နိဋ္ဌာန်ကို ပြုစုပျိုးထောင်ကြရပါမယ်။
အဆင့်အတန်း၊ နောက်ခံအကြောင်းတရား၊ အခြေအနေ ဒါမှမဟုတ် ကိုးကွယ်ယုံကြည်မှုတွေကို ပဓာနမထားဘဲ ကျွန်တော်တို့အားလုံး ဂုဏ်သိက္ခာရှိပြီး အခွင့်အရေးတွေနဲ့ အခွင့်အလမ်းတွေပိုင်ဆိုင်တဲ့ ဘဝတွေမှာ နေထိုင်နိုင်ကြရပါမယ်။
တူညီတဲ့ လူသားဖြစ်တည်မှုကို ကျွန်တော်တို့အားလုံး လက်ခံကြရပါမယ်။
“မတူကွဲပြားမှုတွေကြားမှာ ညီညွတ်အောင် လုပ်နိုင်စွမ်းဟာ ကျွန်တော်တို့ လူ့ယဥ်ကျေးမှုရဲ့ အလှတရားနဲ့ စမ်းသပ်ချက်ပဲ ဖြစ်တယ်” လို့ ဆိုတဲ့ ဂန္ဒီရဲ့ အမြော်အမြင်ရှိတဲ့ သြဝါဒကို သတိရကြပါ။
ဒီကနေ့မှာ သူ့ရဲ့ စကားတွေကို အလေးထားပြီး ဒီအရေးပါတဲ့ ရည်မှန်းချက်ပန်းတိုင်ဆီ ရောက်အောင် ကျွန်တော်တို့ ထပ်မံ ကတိပြုကြရအောင်ပါ။