မြန်မာနိုင်ငံရှိ နည်းပညာပိုင်းဆိုင်ရာလုပ်ငန်းနယ်ပယ်က အမျိုးသမီးတွေရဲ့ အခွင့်အလမ်းများ နဲ့ စိန်ခေါ်မှုများ
နည်းပညာနယ်ပယ်ကအမျိုးသမီးတစ်ဦးဖြစ်သည့်မဆန်းယဉ်ဟာဒီနေ့လိုအနေအထားမျိုးဖြစ်လာဖို့ကျား၊မခွဲခြားမှုနဲ့ပတ်သက်တဲ့ပုံစံခွက်တွေအပါအဝင်အခက်အခဲများစွာကိုကျော်ဖြတ်ခဲ့ရပါတယ်။
"စိုက်ပျိုးရေးနည်းပညာပိုင်းထဲ စပြီး ခြေချကတည်းက ဒီအပိုင်းနဲ့ အလုပ်တစ်ခု ရအောင်လုပ်ပြီး ဒေသတောင်သူတွေ အကျိုးကျေးဇူး ဖြစ်ထွန်းအောင် အလုပ်လုပ်ပေးချင်ခဲ့တာပါ" လို့ မဆန်းယဉ် က ပြောပါတယ်။ သူ့အသံကတဆင့် သူ့ရဲ့ စိတ်လှုပ်ရှားမှုကို ခံစားမိပါတယ်။
ရခိုင်ပြည်နယ် မြောက်ဦးဒေသခံတစ်ယောက် ဖြစ်တဲ့ အသက် ၂၄နှစ်အရွယ် မဆန်းယဉ်က သူရည်မှန်းထားခဲ့တဲ့ အလုပ်ကို ရခဲ့ပါပြီ။ ဒါပေမဲ့လည်း အမျိုးသားတွေ ကြီးစိုးနေတဲ့ ဒီပတ်ဝန်းကျင်ထဲမှာ လွယ်ကူအဆင်ပြေခဲ့ တာ တော့ မဟုတ်ပါဘူး။ မဆန်းယဉ်က UNOPS မှ စီမံခန့်ခွဲပြီး အလှူရှင်များ စုပေါင်းထည့်ဝင်ထားတဲ့ LIFT ရန်ပုံငွေမှ ပံ့ပိုးပေးထားတဲ့ East-West Seed အဖွဲ့ရဲ့ မြောက်ဦး စီမံချက်မှာ နည်းပညာပိုင်းဆိုင်ရာ ကွင်းဆင်းကြီးကြပ်ရေး အရာရှိအဖြစ်နဲ့ တာဝန်ထမ်းဆောင်နေပါတယ်။ လက်ရှိမှာတော့ စီမံချက်ရွာပေါင်း ၁၆ရွာက တောင်သူတွေ အတွက် အသိပညာပေးလုပ်ငန်းတွေကို ကြီးကြပ်ဆောင်ရွက်နေတာမို့ တာဝန်ယူထားရတဲ့ လုပ်ငန်းပိုင်းတွေ မနည်းလှပါဘူး။
ပညာရေးနဲ့ စိတ်အားထက်သန်မှုက အခရာကျတဲ့ အပိုင်းတွေ ဖြစ်ပါတယ်
"စီမံချက်စတဲ့ ၂၀၂၂ ခုနှစ် ဩဂုတ်လ ကတည်းက တာဝန်ထမ်းဆောင်နေတာ ဖြစ်ပါတယ်။ တစ်ပတ်မှာ အနည်းဆုံး လေးရက်က ကွင်းထဲမှာပဲ ရှိပါတယ်။ မနက် ၁၀နာရီလောက်ကနေ ညနေပိုင်းအထိ စီမံချက်ရွာတွေ ထဲက တောင်သူတွေနဲ့ တွေ့တယ်၊ သင်တန်းတွေပေးတယ်၊ သူတို့လိုအပ်တဲ့ နည်းပညာတွေ ပေးတယ်" လို့ စိုက်ပျိုးရေး သိပ္ပံ (ကျောက်တော်) က စိုက်ပျိုးရေးကျောင်းဆင်းတစ်ယောက်ဖြစ်တဲ့ မဆန်းယဉ်က ရှင်းပြပါတယ်။
"သိတဲ့အတိုင်းပဲလေနော်၊ ဘွဲ့လေးတစ်ခုရှိရုံနဲ့ အလုပ် အလွယ်တကူ ရဖို့ မဖြစ်နိုင်ဘူးလေ။ ဒါကြောင့် အပြင်မှာ အခွင့်အလမ်းရရင် ရသလို စိုက်ပျိုးရေးနည်းပညာပိုင်းတွေကို ဆက်ပြီးလေ့လာဖို့ ဆုံးဖြတ်လိုက်တယ်။ မြန်မာ့ဆန်စပါးအသင်းချုပ်က စီစဉ်တဲ့ စိုက်ပျိုးနည်းပညာသင်တန်းကို ကျွန်မတက်ခဲ့ပါတယ်"
ကျား၊မ ခွဲခြားမှုနဲ့ပတ်သက်တဲ့ ပုံစံခွက်တွေကြောင့် နည်းပညာအလုပ်တွေထဲက အမျိုးသမီးတွေ ဟာ ချန်ထားခံနေရဆဲ ဖြစ်ပါတယ်
အားလုံးအဆင်ပြေနေတာလို့ ထင်ကြပေမယ့် တကယ်တမ်းမှာ မလွယ်လှပါဘူး။ နေရာတစ်ခုကို တက်လှမ်းနိုင်ဖို့အတွက်ဆိုရင် အမျိုးသမီးတွေက ပိုပြီးကြိုးစားအောင်မြင်မှသာ ရပါတယ်။
သူ အခုလိုမျိုး အခြေအနေဖြစ်လာအောင် လျှောက်ခဲ့ရတဲ့ ခရီးလမ်းက မလွယ်လှပါဘူး။ ပညာရေး နဲ့ ပတ်သက်တဲ့ စည်းမျည်းစည်းကမ်းတွေနဲ့တင် အမျိုးသမီးတွေအပေါ် ခွဲခြားထားပြီး အောင်မြင်အောင် လုပ်ဆောင်ဖို့ ပိုပြီး ခက်ခဲနေစေပါတယ်။
"မြန်မာနိုင်ငံမှာက တက္ကသိုလ်ဝင်တန်းမှာရတဲ့ အမှတ်အပေါ်မူတည်ပြီး တက်ရောက်ရတဲ့ တက္ကသိုလ်ကွာပါတယ်။ မိန်းကလေးတွေအတွက်ဆိုရင် ယောက်ျားလေးတွေထက် အမှတ်ပိုပြီး မြင့်မှရတယ်။ ကျွန်မတို့ စိုက်သိပ္ပံမှာဆိုရင် ကျွန်မတို့လို မိန်းကလေးတွေက တက္ကသိုလ်ဝင်တန်းမှာ အနည်းဆုံး အမှတ် ၃၅၀ ရမှ ဝင်လို့ရပေမယ့် ယောကျ်ားလေးတွေကျ အမှတ် ၃၀၀ ရရင်ကို တက်လို့ရနေပြီလေ။"
သူ ဘွဲ့ရပြီးတဲ့နောက်ပိုင်းမှာ ပိုအဆင်ပြေလာတယ်။ ပြည်တွင်း NGO အဖွဲ့တစ်ခုရဲ့ စိုက်ပျိုးရေးအပိုင်းမှာ စီမံချက်လက်ထောက်အနေနဲ့ အလုပ်ရခဲ့ပါတယ်။ အဲဒီကစပြီး ပြည်တွင်းနဲ့ နိုင်ငံတကာအဖွဲ့အစည်းတွေမှာ အလုပ်လုပ်ဖို့ ဖြစ်လာခဲ့တာပါပဲ။
ဦးဆောင်တောင်သူတွေရဲ့ အသက်မွေးဝမ်းကျောင်းဖွံ့ဖြိုးတိုးတက်ဖို့အတွက် လုပ်ဆောင်နေပါတယ်
လက်ရှိမှာတော့ မဆန်းယဉ်ဟာ စီမံချက်ရွာ ၁၆ရွာက ဦးဆောင်တောင်သူတွေနဲ့ လက်တွဲပြီး တောင်သူတွေအတွက် အသိပညာဗဟုသုတပိုင်း တိုးတက်ရေးအတွက် နည်းပညာအထောက်အပံ့ပေးပြီး အသက်မွေးဝမ်းကျောင်းလုပ်ငန်းတွေ အားကောင်းအောင် လုပ်ဆောင်နေပါတယ်။
"ဦးဆောင်တောင်သူအဖြစ်နဲ့ ရွေးချယ်ခံရဖို့အတွက် သတ်မှတ်ချက်တွေ ပြည့်မီရပါတယ်။ တောင်သူတစ်ဦးမှာ စိုက်ပျိုးမြေရှိမယ်၊ စိုက်ပျိုးဖို့ လိုအပ်တဲ့ ပစ္စည်းတွေရှိမယ်၊ အဲဒါဆိုရင် ကျွန်မတို့က ဦးဆောင်တောင်သူအနေနဲ့ ရွေးလိုက်ပါတယ်။ အဲဒီတောင်သူတွေကို သီးနှံဖြစ်ထွန်းသည်အထိ သွင်းအားစုတွေ၊ နည်းပညာတွေ နဲ့ စိုက်ကိရိယာတွေ ပံ့ပိုးပေးပါတယ်။ တကယ်လို့ ကျွန်မမှာ အလုပ်တွေ အရမ်းပိလို့ ကွင်းမဆင်းနိုင်တဲ့ ရက်မျိုးတွေဆိုရင်လည်း တောင်သူတွေကို ဖုန်းနဲ့ချိတ်ပြီး လိုတဲ့ စိုက်နည်းစနစ်တွေ ပေးတာမျိုးတွေ လုပ်ပါတယ်"
စိုက်ပျိုးရေးကဏ္ဍက ဓလေ့ထုံးစံတွေ သိထားဖို့ နဲ့ ကျား၊မရေးရာ အခက်အခဲများ
ဒေသတွင်းက လူအမျိုးမျိုးနဲ့ အတူတူ လက်တွဲပြီး သင်တန်းတွေပေးရတာမို့ ဓလေ့ထုံးတမ်းစဉ်လာတွေနဲ့ မသွေဖယ်သွားအောင် ဂရုတစိုက် အလေးထားပြီး လုပ်ဆောင်ဖို့က အရေးကြီးပါတယ်လို့ မဆန်းယဉ်က ရှင်းပြပါတယ်။
"ရွာမှာ သင်တန်းပေးတဲ့အခါကျရင် တောင်သူအများစု အားနိုင်တဲ့ ရက်မျိုးကို ရွေးရတယ်။ မွတ်စလင်မ်ရွာတွေမှာ သင်တန်းပေးတဲ့အခါမျိုးဆိုရင် ဘုရားရှိခိုးတဲ့နေ့ဖြစ်တဲ့ သောကြာနေ့တွေဆို ရှောင်ပြီး ပေးရတာပေါ့။ ရခိုင်ရွာတွေမှာကျ ဘာသာရေး လူမှုရေး အခမ်းအနားတွေရှိတတ်တာမို့ ရွာခံတောင်သူတွေနဲ့ ညှိနှိုင်းပြီး သင်တန်းတက်ဖို့ အဆင်ပြေတဲ့ရက်ကို ရွေးရတယ်။ တောင်သူတစ်ဦးချင်းရဲ့ ကွင်းထဲထိ လိုက်ပြီး မျိုးကျဲတဲ့အချိန်ကစလို့ လိုတဲ့ နည်းပညာတွေ ပေးပါတယ်။ ဒါကတော့ ရေရှည်ပေးရတာမျိုးပေါ့။ ပိုးကျတဲ့အခါမျိုးတို့ ဘာတို့ဆိုရင်တော့ အခြေအနေနဲ့ အကိုက်အညီဆုံးဖြစ်မယ့် နည်းလမ်းမျိုးတွေနဲ့ ဖြေရှင်းနိုင်အောင် ကူညီပေးတာတွေလည်း လုပ်ပါတယ်။
နည်းပညာပိုင်းမှာ အလုပ်လုပ်နေတဲ့ အမျိုးသမီးတစ်ယောက်ဖြစ်ပြီး အကူအညီလိုအပ်နေတဲ့ ရပ်ရွာလူထု အတွက် အလုပ်လုပ်နေတာကြောင့် ရခိုင်ပြည်နယ်က ရပ်ရွာလူထုတွေနဲ့ အလုပ်လုပ်တဲ့အခါမှာ ကျား၊မရေးရာနဲ့ ပတ်သက်တဲ့ အခက်အခဲတွေ၊ မတူကွဲပြားမှုတွေနဲ့ ပတ်သက်ပြီးလည်း စိတ်ဝင်တစား လေ့လာပါတယ်။ စိုက်ပျိုးရေးလုပ်ငန်းတွေမှာ အမျိုးသမီးတွေ ပါဝင်နိုင်တာက နေရာတိုင်းမှာ တွေ့ရလေ့ရှိတဲ့ ထုံးစံတစ်ခုရယ်လို့တော့ မဖြစ်နေသေးပါဘူး။ "တချို့ရွာတွေမှာက အမျိုးသမီးတွေပါဝင်ပေမယ့် တချို့ရွာတွေမှာကျတော့ အမျိုးသားပါဝင်မှု ပိုများပါတယ်။ ကျွန်မတာဝန်ယူထားတဲ့ ၁၆ရွာမှာ မွတ်စလင်မ်ရွာ နှစ်ရွာပါ ပါပါတယ်။ အဲဒီရွာဘက်ခြမ်းတွေမှာ အမျိုးသားတွေနဲ့ နှိုင်းယှဉ်ရင် အမျိုးသမီးပါဝင်မှုက သိသိသာသာ နည်းပါတယ်။ ဒါပေမဲ့လည်း အသိအမြင်ဖွင့်သင်တန်းတွေလည်းပေးတော့ အမျိုးသမီးတွေ စွမ်းဆောင်ရည်မြင့်မားဖို့ လုပ်ဆောင်တာတွေမှာ တဖြေးဖြေး တိုးတက်မှုတော့ရှိပါတယ်"
ကိုယ့်အလုပ်နဲ့ပတ်သက်လို့ စီမံချက်ရွာတွေမှာ ပြောဆိုဆက်ဆံရတဲ့အခါမှာ တချို့သော အရိုးစွဲပုံစံတွေကို မဆန်းယဉ်လည်း တွေ့ကြုံခဲ့ရဖူးပါတယ်။
"တချို့ရွာတွေကျတော့ ကျွန်မကိုယ်တိုင်လည်း စိတ်မသက်မသာ ဖြစ်ရတာမျိုးတွေ ရှိခဲ့ဖူးတယ်။ ဒီစိုက်ပျိုးရေးမှာ နှစ်တွေအများကြီး လုပ်ခဲ့တဲ့ တချို့တောင်သူတွေဆိုရင် ကျွန်မလို အမျိုးသမီးငယ်လေးတစ်ယောက်က စိုက်ပျိုးရေးနည်းပညာသင်တန်းတွေ ပေးတဲ့အခါကျတော့ သူတို့လောက်တောင် တတ်ကျွမ်းမှု မရှိလောက်ဖူးဆိုပြီး ထင်နေကြတာမျိုးတွေရှိတယ်။ ဒါပေမဲ့လည်း မိရိုးဖလာနည်းနဲ့ နှစ်တွေကြာအောင် စိုက်ခဲ့ကြတယ် ဆိုသည့်တိုင်အောင် ခေတ်မီစိုက်ပျိုးနည်းစနစ်တွေကို အားတက်သရော လေ့လာချင်ကြတဲ့သူတွေလည်း အများကြီး ရှိပါတယ်။ သူတို့တွေကျတော့ အထွက်နှုန်းတိုးဖို့ အောင်မြင်ဖို့အတွက်ဆို ဘယ်လိုနည်းပညာမျိုးမဆို စိတ်ပါလက်ပါ သုံးချင်ကြတယ်"
အမျိုးသားတွေလောက်တောင် တတ်ကျွမ်းမှု မရှိလောက်ဖူးဆိုပြီး ထင်နေကြတာမျိုးတွေရှိတယ်။ ဒါပေမဲ့လည်း မိရိုးဖလာနည်းနဲ့ နှစ်တွေကြာအောင် စိုက်ခဲ့ကြတယ် ဆိုသည့်တိုင်အောင် အထွက်နှုန်းတိုးဖို့ အောင်မြင်ဖို့အတွက်ဆို ခေတ်မီစိုက်ပျိုးနည်းစနစ်တွေကို အားတက်သရော လေ့လာချင်ကြတဲ့သူတွေလည်း အများကြီး ရှိပါတယ်။
အမျိုးသမီးငယ်တွေနဲ့ မိန်းကလေးတွေအတွက် သူတို့အိပ်မက်တွေ လက်တွေ့ဖြစ်လာဖို့ ပေးချင်တဲ့ အကြံညဏ်
ငယ်ရွယ်သူတစ်ယောက် ဖြစ်ပေမဲ့လည်း မဆန်းယဉ်ဟာ ဒီနေ့လိုအနေအထားမျိုးဖြစ်လာဖို့ အတွက် အခက်အခဲတွေ အများကြီးကို ကျော်ဖြတ်နိုင်ခဲ့ပါတယ်။ သူ့လိုမျိုး နည်းပညာပိုင်းဆိုင်ရာမှာ အသက်မွေးဝမ်းကျောင်းပြုချင်ကြတဲ့ အမျိုးသမီးတွေကိုလည်း အားပေးအကြံပြုချင်ပါတယ်။
ဒီနေ့ခတ်မှာ အိုင်တီနည်းပညာပိုင်း ကျွမ်းကျင်ဖို့ လိုအပ်နေတာကြောင့် မဆန်းယဉ်လို လူငယ်အတတ်ပညာရှင်တွေက အမျိုးသမီးတွေအတွက် အားကျအတုယူဖွယ်ဖြစ်ပါတယ်။
အိုင်တီနည်းပညာဟာ ကွန်ပျူတာ၊ အင်တာနက် နဲ့ တခြားလုပ်ဆောင်ချက်တွေရဲ့ အသုံးပြုပုံကစလို့ အရာရာကို လွှမ်းခြုံနေပါတယ်။
လုပ်ငန်းခွင်မှာ ကျား၊ မ ခွဲခြားဆက်ဆံမှုတွေဟာ အမျိုးသမီးတွေကို အလွန်အမင်းထိခိုက်စေတာကြောင့် အောင်မြင်လိုတဲ့ အမျိုးသမီးတွေကိုလည်း ထိုလုပ်ငန်းခွင်တွေဆီ မရောက်ဖို့ မျှော်လင့်မိပါတယ်။
နောက်ဆုံးအနေနဲ့ အမျိုးသမီးတွေ ကိုယ့်ကိုကိုယ် ယုံကြည်မှုရှိဖို့ တိုက်တွန်းချင်ပါတယ်။
“ဒေသတွင်း ဖွံ့ဖြိုးတိုးတက်ရေး စီမံချက်တွေကို အကောင်အထည်ဖော်ဆောင်ရွက်နေကြတဲ့ နိုင်ငံတကာနဲ့ ပြည်တွင်း အဖွဲ့အစည်းတွေအနေနဲ့ အမျိုးသမီးတွေကို လူမှုဆက်ဆံရေး စွမ်းရည်မြှင့်တင်ပေးတဲ့ သင်တန်းတွေ ပို့ချ ပေးကြဖို့လည်း အကြံပြုချင်ပါတယ်။”
မဆန်းယဉ်က သူ့လိုမျိုး နည်းပညာပိုင်းဆိုင်ရာမှာ လုပ်ကိုင်ချင်ကြတဲ့ အမျိုးသမီးတွေအတွက် အကြံညဏ်တချို့ကို မျှဝေပေးထားပါတယ်။
"အိပ်မက်တွေ အကောင်ထည်ပေါ်လာဖို့ဆိုရင် ပထမဆုံးကတော့ အိုင်တီနည်းပညာပိုင်းမှာ ကျွမ်းကျင်အောင် လုပ်ထားဖို့ လိုပါတယ်။ အခုခေတ်မှာ ကိုယ်သိချင်တာ၊ လိုချင်တာတွေကို အင်တာနက်ကနေ အိုင်တီနည်းပညာသုံးပြီး အလွယ်တကူ လေ့လာနေနိုင်ပါပြီ။ ဒုတိယအချက်ကတော့ ကျား၊မ မခွဲခြားတဲ့ အဖွဲ့အစည်းတွေမှာ အလုပ်စပြီး လုပ်ဖို့ပါ။ ပထမဆုံးအလုပ်မှာတင် ခွဲခြားဆက်ဆံခံရရင် ဘဝတလျှောက်လုံးမှာလည်း စိတ်ပိုင်းဆိုင်ရာ ထိခိုက်ပါတယ်။ အဲဒီအခါကျတော့ သက်ဆိုင်ရာ ကဏ္ဍမှာ ကျွမ်းကျင်သူတစ်ယောက်ဖြစ်ဖို့ ကြိုးစားတဲ့အခါမှာလည်း စိန်ခေါ်မှုကြီးကြီးတစ်ခု ဖြစ်သွားနိုင်တယ်။ ကျွန်မတို့ ဒီလို လုပ်ငန်းတွေမှာ နေ့စဉ်လိုလို လူအများနဲ့ ထိတွေ့ဆက်ဆံရပါတယ်။ အထူးသဖြင့် အတန်းပညာမပြည့်စုံခဲ့တဲ့ တောင်သူတွေနဲ့လည်း ပြောဆိုဆက်ဆံရတာတွေ ရှိပါတယ်။ ဒါကြောင့် ကိုယ့်ကိုယ်ကို ယုံကြည်မှုတွေ ပိုရှိဖို့လိုပါတယ်။ ဒေသဖွံ့ဖြိုးရေး စီမံချက်တွေကို ဆောင်ရွက်နေကြတဲ့ ပြည်တွင်းပြည်ပ အဖွဲ့အစည်းတွေဘက်ကလည်း ဝန်ထမ်းတွေကို ပြောဆိုဆက်ဆံရေးပိုင်းတွေ၊ လူမှုရေးအပိုင်းတွေမှာ ကျွမ်းကျင်လာအောင် သင်တန်းတွေပေးသင့်တယ်လို့ ကျွန်မ မြင်မိပါတယ်"