မသေချာမရေရာဝေဝါးနေသောဘဝ များ
မြန်မာနိုင်ငံ၌နိုင်ငံသားဖြစ်ခွင့်ရရှိမှုတွင်လိုအပ်ဆုံးဖြစ်သည့်မွေးစာရင်းမှတ်ပုံတင်မရရှိသေးသောရိုဟင်ဂျာကလေးငယ်များသည်မရေရာသောအနာဂတ်တို့ဖြင့်ကြုံတွေ့လျက်ရှိနေသည်။
အသက် ၅၀ အရွယ်ရှိသော ဘေဂေါမ်သည် ရိုဟင်ဂျာလူမျိုးသားဖွားဆရာမတစ်ယောက်ဖြစ်ပြီး မြန်မာနိုင်ငံ အနောက်ဘက်ပိုင်းဒေသရှိ ရခိုင်ပြည်နယ်အတွင်း နေရပ်စွန့်ခွာရွှေ့ပြောင်းနေထိုင်သူများအား ကြည့်ရှု့ကူညီ လျက်ရှိသည်။ လူမျိုးရေးပဋိပက္ခများကြောင့် သူမ၏မိသားစု အပါအဝင် ထောင်နှင့်ချီသော အခြားမိသားစုများ သည်လည်း နေအိမ်များမှအတင်းအကြပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်ခဲ့ပြီး ၂၀၁၂ ခုနှစ်မှ စ၍ သူမသည် ယခုစခန်း တွင်စတင်နေထိုင်ခဲ့ရသည်။ ထိုအချိန်မှစ၍ သူမကဲ့သို့ ရိုဟင်ဂျာ ၁၃၀,၀၀၀ ကျော် သည်လည်း နေရပ်စွန့်ခွာ ရွှေ့ပြောင်းနေထိုင်ခဲ့ရသည်။
ဘေဂေါမ်သည် စနစ်တကျလေ့ကျင့်သင်ကြားမှုများ မရရှိခဲ့သော်လည်း သူမ၏လုပ်ငန်းပိုင်းဆိုင်ရာ အလေးအနက် ထား လုပ်ကိုင်မှုရှိခြင်းကြောင့် ကလေးအမွှာပူးများ အပါအဝင် ကလေးငယ် ၅၀၀ ကျော်ကို အောင်မြင်စွာမွေးထုတ် ကူညီ ဆောင်ရွက်ပေးနိုင်ခဲ့သည်။
“ကိုယ်ဝန်ဆောင်အမျိုးသမီးအများစုက ပြင်ပမှာဆေးဝါးကုသမှုအကူအညီရဖို့ ခက်ခဲတွေရှိတဲ့အတွက် အခုလိုအကူအညီရဖို့ဆိုရင် ကျွန်မကိုပဲ အားကိုးတတ်ကြပါတယ်” ဟု သူမကရှင်းပြ သည်။
ဒေသအတွင်းဆေးရုံများသို့ သွားရောက်ကုသရာတွင် သက်ဆိုင်ရာအုပ်ချုပ်ရေးမှူးများထံမှ ဖြတ်သန်းသွားလာ နိုင်ရေးခွင့်ပြုချက်များရရှိရန် လိုအပ်သည့်အတွက် ခက်ခဲကြန့်ကြာသောလွှဲပြောင်းမှု လုပ်ငန်းစဉ်အပေါ် မူတည် လျက်ရှိသည်။ အမျိုးသား အစောင့်များ လိုအပ်ခြင်း၊ ညမထွက်ရအမိန့်၊ ဆေးဝါးစရိတ် ကြီးမြင့်ခြင်းနှင့် လုံခြုံရေး စစ်ဆေးရေးဂိတ်များ စသည့် အတားအဆီးများရှိခြင်းတို့ကြောင့် ကိုယ်ဝန်ဆောင်အမျိုးသမီးများအား စခန်းများ တွင်သာ ကလေးမွေးဖွားရန်မှ လွဲ၍ ရွေးချယ်မှုနည်းပါးလျက်ရှိသည်။ နိုင်ငံသားဖြစ်ခွင့်၊ လွတ်လပ်စွာ သွားလာခွင့် နှင့် ကျန်းမာရေးစောင့်ရှောက်မှု တန်းတူညီမျှရရှိခြင်း စသော ရိုဟင်ဂျာများ၏ အခြေခံအခွင့်အရေးများ ရရှိမှုများအား ခွဲခြားဆက်ဆံမှုများရှိနေသည့်မူဝါဒ များက ဆယ်စုနှစ်များစွာ ငြင်းပယ်ထားလျက်ရှိသည်။
ပုံမှန်အားဖြင့်မွေးဖွားမှုများကို မွေးစာရင်းမှတ်ပုံတင်ခြင်း မရှိပေ။ မြန်မာနိုင်ငံတွင် မွေးစာရင်းမှတ်ပုံတင်ရရှိရန် ပထမအဆင့်ဖြစ်သည့် တရားဝင်မွေးစာရင်းတွင် မှတ်တမ်းပြု စာရင်းသွင်းခြင်းကို နိုင်ငံတော်မှ တာဝန်ပေးအပ် ထားသော သူနာပြု သို့မဟုတ် သားဖွားမီးယပ်ဆရာမများကိုသာ ဆောင်ရွက်ခွင့်ပြုထားသည်။ ၂၀၁၂ ခုနှစ် ပဋိပက္ခ နောက်ဆက်တွဲအဖြစ် ရိုဟင်ဂျာလူမှုအသိုင်းအဝန်းသည် နေရပ်စွန့်ခွာ၍စခန်းများသို့ ပြောင်းရွှေ့နေထိုင်ခဲ့ ရပြီး ပြည်နယ်အစိုးရမှ အသိအမှတ်ပြုသူနာပြု၊ သားဖွားမီးယပ်ဆရာမများနှင့် ကုသမှုမရရှိတော့ပေ။ ထို့နောက် ရလဒ် အနေဖြင့် မွေးဖွားမှုအသစ်များသည် တရားဝင်မွေးစာရင်း၌ ထိထိရောက်ရောက် စာရင်းသွင်းခံရခြင်း မရှိတော့ချေ။ အကျိုးဆက်အနေဖြင့် ဘေဂေါမ်မှကူညီမွေးထုတ်ပေးခဲ့သော ကလေးငယ်တစ်ယောက်မျှ မွေးစာရင်းမှတ်ပုံတင် လျှောက်ထားနိုင်ခြင်း မရှိခဲ့သည်ကြောင့် သူမမှာ အမြဲတစေ စိတ်သောက ဖြစ်ရပါသည်။
“မွေးစာရင်း မှတ်ပုံတင်လေးတစ်ခုတောင်မရှိဘဲ ဘယ်တစ်ဦးတစ်ယောက်မှ ဘဝမှာ လူတစ်လုံးသူတစ်လုံး ဖြစ်မလာနိုင်ပါဘူး။ ” လို့ သူမက ဆိုပါတယ်။
မွေးစာရင်းမှတ်ပုံတင်များသည် မြန်မာနိုင်ငံ၌ နိုင်ငံသားဖြစ်ခွင့်လျှောက်ထားရာတွင်လိုအပ်သော အဓိကျသည့် စာရွက်စာတမ်း များစွာထဲတွင် တစ်ခုပါဝင်သည်။ ယင်းတရားဝင်သိအမှတ်ပြု အထောက်အထားမရှိသည့်အတွက် ရိုဟင်ဂျာ ကလေးငယ်များသည် မရေရာသော အနာဂတ်တို့ဖြင့် ရင်ဆိုင်ရလျက်ရှိနေပါသည်။ သူတို့ထဲမှ အများအပြားသည် သူတို့၏အခွင့်အရေးများအား ကူညီကာကွယ်ပေးခံရခြင်းများမှ ကင်းကွာသွားနိုင်သည်။
သူတို့ ကြီးပြင်းလာသည်နှင့်အမျှ တရားဝင်ဖြစ်တည်မှုနှင့် အုပ်ချုပ်ရေးဆိုင်ရာမှတ်တမ်းများအရ အထောက်အထား မဲ့ ပျောက်ကွယ်နေကြသူများအဖြစ် ဖယ်ချန်ရစ်ခဲ့ကာ ကလေးများသည် နိုင်ငံသားစိစစ်ရေးကဒ်များကဲ့သို့ အရေးပါ သည့် စာရွက်စာတမ်းအထောက်အထားများ လျှောက်ထားရယူနိုင်ခြင်းမရှိနိုင်တော့ပေ။ ဒ့ါအပြင်အဆင့်မြင့် ပညာရေး သင်ကြားခွင့်၊ အလုပ်အကိုင်အခွင့်အလမ်းဈေးကွက်တွင် တရားဝင် ဝင်ရောက်လုပ်ကိုင်နိုင်ခွင့်တို့လည်း ရရှိနိုင်လိမ့်မှာမဟုတ်ပေ။ အခွင့်အလမ်းတို့သည် သူတို့အဖို့ အလွန်နည်းသည့် အကန့်အသတ်ဖြင့်သာ ရရှိနိုင်သည် ကြောင့် လူမှုစီးပွား တိုးတက်ဖွံ့ဖြိုးအောင် သွားလာလှုပ်ရှားလုပ်ဆောင်နိုင်ရေး အလားအလာတို့သည် ချို့တဲ့လွန်း ပြီး ရိုဟင်ဂျာလူထုအား ဆင်းရဲတွင်းထဲတွင် ချောင်ပိတ်သံသရာလည်နေစေသည်။
တတ်စွမ်းသရွေ့ အကောင်းဆုံးကူညီသွားရန် ဆုံးဖြတ်ခဲ့သော ဘေဂေါမ်သည် သူမမွေးဖွားပေးခဲ့သော ကလေးငယ် တိုင်း၏ မွေးဖွားရက်တို့ကို ကိုယ်တိုင် စွမ်းစွမ်းတမံ မှတ်တမ်းထား စာရင်းပြုစု ပေးနေသည်။ သူမ၏ အားထုတ်မှု များသည် အုပ်ချုပ်ရေးဆိုင်ရာ အတားအဆီးများနှင့် ခွဲခြားဆက်ဆံခံရမှုများကို ကိုင်တွယ်ဖြေရှင်းနိုင်ရန် ရိုဟင်ဂျာ အသိုင်းအ၀ိုင်းများမှ ကြံဆအသုံးချနေကြသည့် အသုံးတည့်နိုင်ဖွယ် ဖြေရှင်းနည်းများမှ တစ်ခုဖြစ်သည်။ တရားဝင် မှတ်တမ်းတစ်ခုအဖြစ် မဟုတ်သော်လည်း ယင်းမှတ်တမ်းများသည် လူသားချင်းစာနာ ထောက်ထားမှုဆိုင်ရာ အဖွဲ့အစည်းများထံမှ ကူညီထောက်ပံ့သော စခန်းအခြေပြု လူထုအကျိုးပြုဝန်ဆောင်မှုလုပ်ငန်း များအတွက် မကြာခဏ အထောက်အကူဖြစ်စေပါသည်။
“ကျွန်မရဲ့ဆန္ဒကတော့ ဒီမှတ်တမ်းမှတ်ရာတွေဟာ တစ်နေ့နေ့ အထောက်အထားစာရွက်စာတမ်းတွေ လျှောက်ထားရယူရာမှာ ကလေးတွေကို အကူအညီဖြစ်စေဖို့ပါပဲ။ ” ဟု သူမက ဆိုသည်။
နိုင်ငံမဲ့မှုကို လျှော့ချတားဆီးရေး မူဝါဒလမ်းစဉ် ရှိထားသည့်အလျောက် UNHCR သည် ရိုဟင်ဂျာများနှင့် မြန်မာနိုင်ငံတွင်း အခြားသောနိုင်ငံမဲ့လူထုတို့အတွက် ဖြေရှင်းနည်းများကို အကြံပြုဆွေးနွေးလျက်ရှိပါသည်။ သူတို့၏ ဘဝအခြေအနေများနှင့် ကြုံတွေ့ရသည့်အခက်အခဲများကို နားလည်သဘောပေါက်နိုင်ရန် ကျွန်ုပ်တို့မှ ရိုဟင်ဂျာအသိုင်းအဝိုင်းများနှင့် စဉ်ဆက်မပြတ် ဆက်သွယ်ဆောင်ရွက်လျက်ရှိပါသည်။
ဘေဂေါမ်ကဲ့သို့ တစ်ဦးချင်း စီထံမှ ကိုယ်တွေ့အချက်အလက်များကို ရယူခြင်းသည် UNHCR အနေဖြင့် သူတို့အတွက် မွေးစာရင်း မှတ်ပုံတင်ခြင်း နှင့် တရားဝင်စာရွက်စာတမ်းများကို လက်လှမ်းမီနိုင်ဖို့ရာ ရှင်းလင်းတိကျသော လမ်းကြောင်းတစ်ခု စီစဉ်ပေး နိုင်ရေးဦးတည်လျက် မဟာဗျူဟာများ စီမံရေးဆွဲနိုင်ရေးအတွက် အထောက်အကူဖြစ်စေပါသည်။ မွေးစာရင်း မှတ်ပုံတင်ခြင်းသည် အထူးသဖြင့် ကမ္ဘာပေါ်တွင် မွေးဖွားလာသူ ကလေးငယ်တစ်ဦးအဖို့ တရားဝင် အထောက်အထားတစ်ခု လက်ခံရရှိအပ်နှင်းခံရခြင်းဖြစ်ပြီး ယင်းသည်ပင် နိုင်ငံမဲ့ဖြစ်မှုကို တားဆီးပေးနိုင်ရန် လိုအပ်သော ပထမဦးဆုံးခြေလှမ်းဖြစ်ပါသည်။