သတင်းထုတ်ပြန်ချက်

မြန်မာနိုင်ငံရှိ ကျန်းမာရေးဝန်ထမ်းများအတွက် ကုလသမဂ္ဂမှ ပံ့ပိုးမှု

၂၀၂၀ ခုနှစ် ဧပြီလ ၀၆ ရက်။

  • COVID-19 တားဆီးတိုက်ဖျက်ရေးအတွက် မြန်မာအစိုးရနှင့်ပြည်သူတို့၏ နိုင်ငံတဝှမ်း စွမ်းစွမ်းတမံကြိုးပမ်းနေမှုများကို ကုလသမဂ္ဂမှ ဆက်လက်ပံ့ပိုးပေးနေပါသည်။

ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနအတွက် ကာကွယ်ရေးဝတ်စုံ (PPE) ၅၀,၀၀၀ ကို အလှူရှင်များစွာမှ ထောက်ပံ့ကူညီပေးနေသော Access to Health Fund မှတဆင့် ကုလသမဂ္ဂ စီမံကိန်းလုပ်ငန်းများဆိုင်ရာရုံး (UNOPS) မှ ပေးအပ်သွားပါမည်။ အဆိုပါဝတ်စုံများမှာ တစ်ကိုယ်ရေအကာအကွယ်ပစ္စည်းများထဲတွင် အရေးအကြီးဆုံး အစိတ်အပိုင်းတစ်ခုဖြစ်ပြီး COVID-19 ကို ရှေ့တန်းမှတုန့်ပြန်တိုက်ဖျက်နေကြသည့် ကျန်းမာရေးဝန်ထမ်းများကို အထိရောက်ဆုံး ကာကွယ်ပေးနိုင်ပါသည်။ ၎င်းကာကွယ်ရေးဝတ်စုံများကို ပြည်နယ်နှင့်တိုင်းဒေသကြီးအသီးသီးရှိ ရှေ့တန်းကကျန်းမာရေးဝန်ထမ်းများသာမက လူထုအခြေပြု အဖွဲ့အစည်းများ၊ တိုင်းရင်းသားကျန်းမာရေးအဖွဲ့များကို ပေးအပ်သွားရန် စီစဉ်လျက်ရှိပါသည်။

မြန်မာနိုင်ငံနှင့် ကမ္ဘာတဝှမ်းလုံးရှိ ကျန်းမာရေးဝန်ထမ်းများမှာ COVID-19 ဗိုင်းရပ်စ်နှင့် နေ့စဉ်ရင်ဆိုင် နေရပါကြောင်း၊ သူတို့၏လုံခြုံရေးနှင့် အကာအကွယ် ရရှိနိုင်ရေးတို့မှာ လွန်စွာအရေးပါကြောင်း မြန်မာနိုင်ငံရှိ ကုလသမဂ္ဂ၏ဌာနေကိုယ်စားလှယ်/ လူသားချင်းစာနာ ထောက်ထားမှုညှိနှိုင်းရေးတာဝန်ခံ Mr. Ola Almgren မှ ပြောကြားခဲ့ပါသည်။ COVID-19 တိုက်ဖျက်‌ရေးကို အလေးအနက်ထား ကြိုးပမ်းဆောင်ရွက်နေကြသော မြန်မာနိုင်ငံမှ ကျန်းမာရေးဝန်ထမ်းများကို ကုလသမဂ္ဂအဖွဲ့အစည်းကြီး ကိုယ်စား လှိုက်လှိုက်လှဲလှဲကျေးဇူးတင်ပါကြောင်း၊ ကျန်းမာရေးဝန်ထမ်းများ၏ မိမိကိုယ်ကို မငဲ့ကွက်ဘဲ ကြိုးပမ်းပေးမှုများသည် အသက်ပေါင်းများစွာကို နေ့စဉ်ကယ်တင်ပေးနိုင်ပါကြောင်း ဆက်လက်ပြောကြား ခဲ့ပါသည်။

Access to Health Fund သည် PPE ဝတ်စုံများအပြင် ခွဲစိတ်ခန်းသုံးလက်အိတ်များ၊ ဖိနပ်အကာများ၊ N95 နှာခေါင်းစည်းများကို လည်း ဆက်လက်ဖြန့်ဖြူးသွားမည်ဖြစ်ပါသည်။ မြန်မာနိုင်ငံတွင် ဖြစ်ပွားနေသော ရောဂါပြန့်ပွားမှုကို တားဆီးတုန့်ပြန်ရန် ကုလသမဂ္ဂအထူးအေဂျင်စီများ၊ ရံပုံငွေနှင့် အကူအညီပေးရေးအစီအစဉ်များမှာ သက်ဆိုင်ရာ အစိုးရဌာနများနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိပါသည်။

COVID-19 တားဆီးကာကွယ်တုန့်ပြန်နေသော မြန်မာအစိုးရ၏ လက်ရှိဆောင်ရွက်မှုများကို ကုလသမဂ္ဂမှ ပံ့ပိုးပေးလျက်ရှိပါကြောင်း၊ ယခင်ကတည်းကဖြစ်ပွားခဲ့ခြင်းမရှိသည့် အဆိုပါအကြပ်အတည်းတွင် အားလုံးမှာ ထိခိုက်ခံစားကြရပါကြောင်း၊ အားလုံးစုပေါင်းတိုက်ခိုက်မှသာ အဆိုပါဗိုင်းရပ်စ်ရန်ကို တွန်းလှန်နိုင်မည်ဖြစ်ကြောင်းကို Mr. Almgren က ပြောကြားခဲ့ပါသည်။ ထို့ပြင် စစ်ဆေးခြင်း၊ ရောဂါရှိသူများနှင့် ထိတွေ့မိသူများကို ဆက်လက်ရှာဖွေခြင်း၊ ထိတွေ့မိသူများကို သီးခြားခွဲထားခြင်းစသည့် ပျံ့နှံ့မှုကို တားဆီးရာတွင် အရေးပါသော ရှေ့ဦးဆောင်ရွက်ချက်များ အကြောင်းကိုလည်း ထည့်သွင်းပြောကြားသွားပါသည်။

Public Information and Advocacy Officer

Valijon Ranoev

OCHA
Public Information and Advocacy Officer

ဤလုပ်ငန်းတွင်အဓိကပါဝင်နေသည့် ကုလသမဂ္ဂရုံးများ

UN
ကုလသမဂ္ဂ
UNOPS
ကုလသမဂ္ဂ စီမံကိန်းလုပ်ငန်းများဆိုင်ရာရုံး

လုပ်ငန်းရပ်များဖြင့်ပံ့ပိုးပေးနေသော ပန်းတိုင်များ