သတင်းထုတ်ပြန်ချက်

မြန်မာနိုင်ငံဆိုင်ရာ လူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးမှူး (ယာယီ) မစ္စတာ မာကိုလူဝီဂျီ ကော်စီ၏ မြန်မာပြည်မှ မထွက်ခွာမီ သတင်းထုတ်ပြန်ချက်

၂၀၂၅ ခုနှစ် ဇွန်လ ၂၀ ရက်။

မြန်မာပြည်သူတွေရဲ့ ပျက်ယွင်းစပြုလာတဲ့ ကြံ့ကြံ့ခံနိုင်စွမ်း - အရေးတယူ ဆောင်ရွက်ဖို့ အချိန်ဟာ အခုပါ။

မြန်မာနိုင်ငံအတွက် လူသားချင်းစာနာမှုဆိုင်ရာ ယာယီ ညှိနှိုင်းရေးမှူးအဖြစ် ကျွန်တော် တာဝန်ထမ်းဆောင်ခဲ့တဲ့ တစ်နှစ်ခွဲအတွင်း နိုင်ငံတစ်ဝန်းက လူ့အဖွဲ့အစည်းတွေရဲ့ ထူးခြားလှတဲ့ ကြံ့ကြံ့ခံနိုင်မှုကို မျက်ဝါးထင်ထင် တွေ့မြင်ခဲ့ရပါတယ်။ မရေမတွက်နိုင်တဲ့ အမျိုးသား၊ အမျိုးသမီးနဲ့ ကလေးတွေဟာ ပိုကောင်းတဲ့အနာဂတ်တစ်ခုအတွက် တစိုက်မတ်မတ် မျှော်လင့်ရင်း ကြီးမားလှတဲ့ ဒုက္ခတွေကို ရင်ဆိုင်နေကြရတာလည်း တွေ့ခဲ့ရပြီးပါပြီ။ သူတို့ရဲ့ ကြံ့ခံနိုင်စွမ်းဟာ ရဲစွမ်းသတ္တိရဲ့ ပြယုဂ်တစ်ခုဖြစ်ပြီး သူတို့ရဲ့ ဇာတိခွန်အားအတွက် သက်သေတစ်ခုလည်းဖြစ်ပါတယ်။

ဒါပေမယ့် ကြံ့ခံနိုင်စွမ်းမှာ အကန့်အသတ်ရှိပါတယ်။ ပဋိပက္ခတွေ ပိုပြင်းထန်လာတာ၊ ဘေးအန္တရာယ်တွေ ထပ်တလဲလဲ ကျရောက်တာနဲ့ စီးပွားရေး ပြိုလဲမှု ပိုဆိုးလာတာတွေကြောင့် မြန်မာပြည်သူတွေအပေါ် ဖိစီးမှုဟာ တနေ့တခြား ပိုကြီးလာပါတယ်။ 

အနာဂတ်ကောင်းမွန်ဖို့အတွက်သာမက၊ လက်ရှိကာလကိုတောင့်ခံဖို့ ကြိုးစားရုန်းကန်ရင်း ဘဝရှင်သန်ရပ်တည်ရေးသာ ပဓာနဆိုတဲ့ အခြေအနေအထိ တွန်းပို့ခံနေရတဲ့ မိသားစုတွေ များသထက်များလာတာကို မြင်တွေ့ရပါတယ်။

ဟိုးအရင်ကတည်းက ကျွန်တော်တို့ဟာ မြန်မာပြည်သူတွေရဲ့ မဆုတ်မနစ် ထက်သန်မှုကို အံ့အားသင့် ချီးကျူးလေးစားခဲ့ကြရပါတယ်။ ဒါပေမယ့် ချက်ချင်း အရေးယူ ဆောင်ရွက်မှုတွေ မရှိဘူးဆိုရင်တော့ ဒီ ကြံ့ခံနိုင်စွမ်းတွေ ပျက်ယွင်းသွားမယ်ဆိုတာကိုတော့ ဒီကနေ့ ကျွန်တော့် တာဝန်သက်တမ်း ကုန်ဆုံးချိန်မှာတော့ သတိပေးခဲ့ချင်ပါတယ်။ သူတို့ရဲ့ မျှော်လင့်ချက်တွေ ယုတ်လျော့လာပြီး ဆင်းရဲဒုက္ခတွေ ပိုဆိုးလာနေတာကို ကမ္ဘာ့နိုင်ငံတွေဟာ မျက်ကွယ်မပြုထားသင့်ပါဘူး။

ဒီဆင်းရဲဒုက္ခတွေရဲ့ အစိတ်အပိုင်းတစ်ခုက ၂၀၂၁ ခုနှစ် စစ်တပ်မှ အာဏာရယူပြီး နောက်ပိုင်း အဆက်မပြတ် ကျယ်ပြန့်လာနေတဲ့ ပဋိပက္ခကြောင့်ဖြစ်ပြီး အရပ်သားတွေကတော့ အထိခိုက် အနစ်နာဆုံး ဖြစ်နေရပါတယ်။ နေ့စဉ်လိုလို အရပ်သားတွေ သေဆုံး၊ ထိခိုက်ဒဏ်ရာရ၊ ဒါမှမဟုတ် အိုးအိမ်ပစ်ပြေးရတာ၊ သူတို့ရွေးချယ်ခဲ့တာမဟုတ်တဲ့ အကြမ်းဖက်မှုကြောင့် ပျက်စီးခဲ့ရတဲ့ဘဝတွေ အကြာင်း စိတ်မချမ်းမြေ့ဖွယ်ရာ အစီရင်ခံစာတွေ ကျွန်တော်ရပါတယ်။

ကျွန်တော် တာဝန်ထမ်းဆောင်နေစဉ်အတွင်း မြန်မာနိုင်ငံက အရပ်သားတွေ၊ အထူးသဖြင့် ပဋိပက္ခနဲ့ သဘာဝဘေးဒဏ်သင့် ဒေသတွေမှာရှိတဲ့ အရပ်သားတွေ ရင်ဆိုင်နေကြရတဲ့ လုံခြုံရေးနဲ့ ကာကွယ်စောင့်ရှောက်ရေးဆိုင်ရာ အန္တရာယ်တွေနဲ့ပတ်သက်ပြီး အထူးဂရုပြုဆောင်ရွက်ကြရမယ့် အခြေအနေလို့ မြင်မိပါတယ်။ တိုက်ပွဲဝင်စစ်သည်နဲ့ စစ်သည်မဟုတ်သူကို ခွဲခြားမှုမရှိတာကြောင့် အရပ်သား ထိခိုက်သေဆုံးမှုတွေ များလာတဲ့ အစီရင်ခံစာတွေဟာ အလေးထားစရာတွေ ဖြစ်ပါတယ်။ ပဋိပက္ခမှာပါဝင်နေသူအားလုံးဟာ အပြည်ပြည်ဆိုင်ရာ လူသားချင်းစာနာမှုဆိုင်ရာဥပဒေနဲ့ အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေး ဥပဒေတွေကို လေးစားလိုက်နာဖို့နဲ့ အထူးသဖြင့်အရပ်သားတွေကို စစ်ရေးပစ်မှတ်တွေကနေ ရှင်းရှင်းလင်းလင်း ခွဲခြားပြီး ကာကွယ်စောင့်ရှောက်ကြဖို့ တိုက်တွန်းအပ်ပါတယ်။

အရပ်သားကာကွယ်စောင့်ရှောက်ရေးဆိုတာ အကြမ်းဖက်မှု မရှိခြင်း ထက်ပိုပါတယ်။ အကူအညီတွေကို လက်လှမ်းမီ ရရှိနိုင်ဖို့လည်း ပါပါတယ်။ လူသားချင်းစာနာမှုဆိုင်ရာ အကူအညီတွေကို ဘေးကင်းစွာနဲ့ အဟန့်အတားမရှိ ရရှိသင့်တာက အခြေခံလူ့အခွင့်အရေး ဖြစ်ပါတယ်။ ဒီကိစ္စကို လက်မခံခြင်းဟာ အထိခိုက်လွယ်ဆုံးသော သူတွေကို တိုက်ခိုက်တာနဲ့ အတူတူပါပဲ။ သွားရောက်ဖို့ခက်ခဲတဲ့ နေရာတွေက လိုအပ်နေသူတွေဆီ အချိန်မီ အကူအညီပေးနိုင်ဖို့ လူသားချင်းစာနာမှုဆိုင်ရာဝန်ထမ်းတွေ အဟန့်အတားမရှိ သွားရောက်ခွင့် ရှိရပါမယ်။ ဒါပေမယ့် အကူအညီ အလိုအပ်ဆုံးသူတွေဆီ အကူအညီရောက်ရှိဖို့ နှောင့်နှေးကြန့်ကြာစေတဲ့ အဟန့်အတားအတွေကို ကျွန်တော်တို့ နေ့စဉ်နဲ့အမျှ ရင်ဆိုင်နေရပါတယ်။ သတ်မှတ်ချက်တွေမပါ၊ နှောင့်နှေးကြန့်ကြာမှု မရှိဘဲ လူသားချင်းစာနာမှုဆိုင်ရာ အကူအညီတွေ ပေးအပ်နိုင်ဖို့ရာ ကန့်သတ်မှုမရှိတဲ့ သွားလာနိုင်ခွင့်တွေပေးဖို့ သက်ဆိုင်သူအားလုံးကို တောင်းဆိုပါတယ်။

မြန်မာနိုင်ငံမှာ ကြီးမားတဲ့ အခက်အခဲတွေကြားက အကူအညီတွေပေးအပ်ဖို့ ကုလသမဂ္ဂနဲ့ မိတ်ဖက်အဖွဲ့အစည်းတွေရဲ့ မဆုတ်မနစ် ကြိုးစားအားထုတ်မှုကို နက်နက်နဲနဲ ကျေးဇူးတင်ရင်း ကျွန်တော် ထွက်ခွာသွားပါမယ်။ အခက်အခဲများစွာကြားက မရပ်မနား ကြိုးစားဆောင်ရွက်နေကြတဲ့ လူသားချင်းစာနာမှုနဲ့ ဖွံ့ဖြိုးရေးဆိုင်ရာ မိတ်ဖက်အားလုံးကို ကျေးဇူးတင်ရှိပါတယ်။ လူမှုဂရုဏာလုပ်သားတွေဟာ အကြမ်းဖက်မှု၊ ပစ်မှတ်ထား တိုက်ခိုက်ခံရမှုနဲ့ အန္တရာယ်ရှိတဲ့ လုပ်ငန်းခွင် အခြေအနေ အစရှိတဲ့ ဘေးကင်းလုံခြုံမှုဆိုင်ရာ အန္တရာယ်တွေကို မကြာခဏ ရင်ဆိုင်နေကြရပါတယ်။ အလိုအပ်ဆုံးသူတွေဆီ အကူအညီရောက်ရှိစေဖို့ရာ လူမှုဂရုဏာလုပ်သားတွေကို ကာကွယ်စောင့်ရှောက်မှုပေးဖို့လည်းအရေးကြီးပါတယ်။

ဒီအခက်အခဲတွေနဲ့ အခြားအခက်အခဲတွေကြားမှာပဲ ကျွန်တော်တို့ဟာ သန်းပေါင်းများစွာသော ပြည်သူတွေဆီ စားနပ်ရိက္ခာ၊ အမိုးအကာ၊ သန့်ရှင်းတဲ့ရေ၊ ကျန်းမာရေးအကူအညီနဲ့ အခြား လူမှုဘ၀ရှင်သန်ရေး အကူအညီတွေ ပေးနိုင်ခဲ့ပါတယ်။ ဒါပေမယ့် ဒီဆောင်ရွက်မှုတွေအားလုံးဟာ ရှေ့တန်းမှာရှိတဲ့ ဒေသခံအဖွဲ့အစည်းတွေရဲ့ ချီးကျူးဖွယ် ရဲစွမ်းသတ္တိနဲ့ အားစိုက်ကြိုးပမ်းမှုတွေမပါရင် ဖြစ်လာမှာမဟုတ်ပါဘူး။

ကျွန်တော်တို့ရဲ့ စုပေါင်းကြိုးပမ်းမှုတွေကို မတ်လ ၂၈ ရက်နေ့က လှုပ်ခတ်ခဲ့တဲ့ ဖျက်အားကြီး ငလျင်ကြီးတွေ အပြီးမှာ မြင်တွေ့ခဲ့ကြရမှာပါ။ ဒီဘေးအန္တရာယ် မတိုင်မီကတည်းကတောင် နိုင်ငံတစ်ဝန်းမှာ လူဦးရေ ၁၉ ဒသမ ၉သန်းဟာ လူသားချင်းစာနာမှုဆိုင်ရာ အကူအညီလိုအပ်မယ်လို့ ခန့်မှန့်ထားရှိခဲ့ပြီး ငလျင်ဘေးကြောင့် နောက်ထပ် လူဦးရေ ၂ သန်း အတွက် အရေးကြီးတဲ့ လိုအပ်ချက်အသစ် ဖြစ်စေခဲ့ပါတယ်။ နေအိမ်၊ စာသင်ကျောင်း၊ ဆေးရုံနဲ့ အခြား အရေးကြီး အခြေခံ အဆောက်အဦတွေလည်း အုတ်ပုံအဖြစ် ပြောင်းလဲသွားခဲ့ကြရတယ်။ ကုလသမဂ္ဂ၊ အစိုးရမဟုတ်တဲ့ အဖွဲ့အစည်းတွေနဲ့ ဒေသခံ မိတ်ဖက်အဖွဲ့အစည်းတွေဟာ ထိခိုက်မှု အပြင်းထန်ဆုံးနေရာဒေသတွေဆီ အလျင်အမြန် တုံ့ပြန်ကူညီဖို့ ရောက်ရှိခဲ့ကြပါတယ်။

အခုဆိုရင် ငလျင်တုံ့ပြန်ရေး အကူအညီဟာ ကယ်ဆယ်ရေးကနေ ပြန်လည်ထူထောင်ရေးဆီ ကူးပြောင်းနေပြီး ရှေ့ဆက်ရမယ့်ခရီးမှာ ရေရှည်ထောက်ပံ့မှုတွေ လိုအပ်ပါတယ်။ ကနဦး ပြန်လည်ထူထောင်ရေး လုပ်ငန်းတွေဟာ လူမှုအသိုင်းအဝိုင်းတွေအတွက် အခြေခံဝန်ဆောင်မှုတွေ ပြန်လည်ရရှိရေး၊ အသက်မွေးဝမ်းကျောင်းလုပ်ငန်းတွေ ပြန်လည်တည်ဆောက်ရေးနဲ့ ဒေသခံတွေကို အားဖြည့်ရေးတို့အပေါ် အလေးထား ဆောင်ရွက်လျက်ရှိပါတယ်။ ဒီ ကြိုးပမ်းဆောင်ရွက်မှုတွေ အောင်မြင်ဖို့အတွက် ရန်ပုံငွေ အလုံအလောက် ရရှိဖို့ လိုအပ်ပါတယ်။ 

မြန်မာနိုင်ငံက တုံ့ပြန်ရေးလုပ်ငန်းတွေအတွက် ရန်ပုံငွေ အလွန်အမင်း နည်းပါးနေခြင်းက ကျွန်တော်တို့ရဲ့ အကြီးမားဆုံး အခက်အခဲဖြစ်ပါတယ်။ ငလျင်အတွက် တောင်းခံထားတဲ့ အမေရိကန်ဒေါ်လာ ၂၇၅ သန်းအနက် သန်း ၁၀၀ (၃၆ ရာခိုင်နှုန်းမျှသာ) သာ ရရှိထားပါသေးတယ်။ ပိုပြီး စိုးရိမ်စရာကောင်းတာက နှစ်ဝက်ကျိုးလာခဲ့ပေမယ့် နိုင်ငံတစ်ဝန်း တုံ့ပြန်ရေးလုပ်ငန်းတွေ ဆောင်ရွက်ဖို့ရာ ဦးတည်သတ်မှတ်ထားတဲ့ ၂၀၂၅ ခုနှစ် လူသားချင်းစာနာမှုဆိုင်ရာ လိုအပ်ချက်များနှင့် တုံ့ပြန်ဆောင်ရွက်မှု အစီအစဉ် (Humanitarian Needs and Response Plan) အတွက် တောင်းခံထားတဲ့ အမေရိကန်ဒေါ်လာ ၁ ဒသမ ၁ ဘီလီယံအနက် ၁၃၄ သန်း (၁၂ ရာခိုင်နှုန်းအောက်) သာ ရရှိထားပါတယ်။

ရန်ပုံငွေ အလျင်အမြန် မရရှိခဲ့ဘူးဆိုရင် သန်းပေါင်းများစွာသော ပြည်သူလူထုဟာ သူတို့ အရေးတကြီး လိုအပ်နေတဲ့ အကူအညီတွေ ရရှိနိုင်ကြမှာ မဟုတ်ပါဘူး။ မိတ်ဖက်အဖွဲ့အစည်းတွေဟာ လိုအပ်တဲ့ အတိုင်းအတာ၊ အကြိမ်အရေအတွက်နဲ့ အရည်အသွေးပြည့်၀တဲ့ အကူအညီတွေ မပေးအပ်နိုင်တော့တာကြောင့် လူ့အသက်ပေါင်းများစွာဟာ အန္တရာယ်ရှိပါတယ်။ မုတ်သုံရာသီ စတင်ဝင်ရောက်လာတာကြောင့် ရေကြီးရေလျှံတာနဲ့ ရောဂါအန္တရာယ်တွေအပြင် နေရပ်စွန့်ခွာ ရွှေ့ပြောင်းရတာတွေလည်း ပိုများပြားလာတာကြောင့် ထပ်တိုးရန်ပုံငွေ ရရှိဖို့နဲ့ ရန်ပုံငွေ အလျင်အမြန် ခွဲဝေချထားပေးဖို့ အရေးကြီးပါတယ်။

မြန်မာပြည်သူတွေရဲ့ ရဲစွမ်းသတ္တိနဲ့ စိတ်ဓာတ်ခိုင်မာမှုတို့ကို လေးနက်စွာ အသိအမှတ်ပြုရင်း ကျွန်တော် မြန်မာနိုင်ငံက ထွက်ခွာသွားပါမယ်။ ဒါပေမယ့် ကြံ့ကြံ့ခံနိုင်စွမ်း တစ်ခုတည်းနဲ့ ဆုံးရှုံးသွားတာတွေကို ပြန်မရယူနိုင်ပါဘူး။ ဘေးကင်းလုံခြုံမှု၊ စားနပ်ရိက္ခာ၊ ကျန်းမာရေး စောင့်ရှောက်မှု၊ အမိုးအကာ၊ အသက်မွေးဝမ်းကျောင်းတွေအပြင် ပဋိပက္ခနဲ့ ဘေးအန္တရာယ်တွေကြောင့် ဆုံးရှုံးခဲ့ရတာတွေကို ကြံ့ကြံ့ခံနိုင်စွမ်းနဲ့ ပြန်အစားထိုးလို့ မရနိုင်ပါဘူး။ မျှော်လင့်ချက်နဲ့ ကတိကဝတ်တွေဟာ မလုံလောက်ပါဘူး။ မြန်မာနိုင်ငံသားတွေအတွက် အရေးတယူ ဆောင်ရွက်ပေးဖို့ လိုအပ်ပါတယ်။ သူတို့နဲ့အတူ ရပ်တည်ပါမယ်လို့ ကတိပြုထားသူတွေအတွက် ဆုံးဖြတ်ချက်ခိုင်မာပြီး အလျင်အမြန် ဆောင်ရွက်ဖို့ အချိန်ဟာ အခုပဲ ဖြစ်ပါတယ်။ မြန်မာပြည်သူတွေရဲ့ အသက်ရှင်သန်မှုဟာ ဆောင်ရွက်ချက်တွေအပေါ် မူတည်နေပါတယ်။ 

Christina Powell

ခရစ္စတီးနား ပါဝဲလ်

OCHA
လူသားချင်းစာနာမှုရေးရာ အရာရှိ

ဤလုပ်ငန်းတွင်အဓိကပါဝင်နေသည့် ကုလသမဂ္ဂရုံးများ

UN
ကုလသမဂ္ဂ

လုပ်ငန်းရပ်များဖြင့်ပံ့ပိုးပေးနေသော ပန်းတိုင်များ