တိတ်ဆိတ်မှုကို ဖြိုခွင်းခြင်း- မြန်မာနိုင်ငံတွင် အကျပ်အတည်းများကြားမှ LGBTQIA+ များကို မြှင့်တင်ပေးခြင်း။
မြန်မာနိုင်ငံမှာ ပဋိပက္ခတွေ ပြင်းထန်လာတဲ့ ၂၀၂၁ ခုနှစ်ကတည်းက ဆက်လက်ဖြစ်ပေါ်နေတဲ့ မတည်ငြိမ်မှုတွေ၊ နေရာအနှံ့မှာဖြစ်ပွားနေတဲ့ ရွှေ့ပြောင်းနေထိုင်ရမှုတွေနဲ့ စီးပွားရေးပြိုလဲမှုတွေကြောင့် နိုင်ငံတဝှမ်းရှိ ရပ်ရွာလူထုတွေဟာ အလွန်ခက်ခဲတဲ့ အခြေအနေတွေကို ကြုံတွေ့နေရပါတယ်။ လမ်းပန်းဆက်သွယ်ရေးကောင်းမွန်လို့ အချက်အချာနေရာတစ်ခုဖြစ်ခဲ့တဲ့ ပဲခူးတိုင်း ပြည်မြို့က ဒေသခံတွေဟာ ယခုအခါ အလုပ်အကိုင်အခွင့်အလမ်းတွေ နည်းပါးလာတာ၊ ကုန်ဈေးနှုန်း ကြီးမြင့်လာတာ၊ သွားလာမှုနဲ့ အခွင့်အလမ်းရရှိမှုတွေအပေါ် ကန့်သတ်ချက်တွေ တိုးမြင့်လာတာတွေကို ရင်ဆိုင်နေရပါတယ်။
လိင်စိတ်ခံယူမှု ကွဲပြားသူ LGBTIQ+ တွေအတွက်ကတော့ အဲဒီအခက်အခဲတွေက ခွဲခြားဆက်ဆံခံရတာ၊ မိသားစုကကန့်ကွက်တာအပြင် ဖြစ်တည်မှုအတိုင်း နေထိုင်ဖို့ နေ့စဥ်ရုန်းကန်ရတာတွေကြောင့် ပိုမိုကြီးမားပါတယ်။ သူတို့အများစုဟာ တရားဝင်အလုပ်တွေကနေ ချန်လှပ်ခံရတာ၊ ဒါမှမဟုတ် ဘေးကင်းလုံခြုံမှုမရှိတဲ့ ခေါင်းပုံဖြတ်တဲ့ လုပ်ငန်းခွင်တွေဆီ တွန်းပို့ ခံနေရပါတယ်။ ဆန့်ကျင်ဖက်လိင်လို ပြောင်းလဲခံယူနေထိုင်နေတဲ့ (Transgender) လူငယ်တွေလို သူတွေမှာတော့ လမ်းတွေပေါ်မှာသာမက အိမ်တွင်းမှာပါ အကြမ်းဖက်မှုနဲ့ ခွဲခြားဆက်ဆံမှုတွေကို ရင်ဆိုင်နေရတာပါ။
ပြည်မြို့က ဆန့်ကျင်ဖက်လိင်လို ပြောင်းလဲခံယူနေထိုင်နေသူ အမျိုးသမီးငယ် စိုးစိုးဟာ ဒီလိုအဖြစ်မှန်တွေကို ကောင်းကောင်းသိပါတယ်။ “ကျမက တက္ကသိုလ်တက်နေတာပါ။ ဒါပေမဲ့ မိဘတွေက သူတို့ရဲ့ လမ်းကြောင်းကို လိုက်ဖို့ မျှော်လင့်တာပေါ့။ ကျွန်မကို ယူနီဖောင်းဝတ်၊ ဆံပင်တိုတိုညှပ်ပြီး ကိုယ့်ရဲ့ ဖြစ်တည်မှုကို ဖုံးကွယ်ထားစေချင်တယ်။ ဒါပေမဲ့ ကျွန်မ မဟုတ်တဲ့လူတစ်ယောက် ဖြစ်လာလို့ မရပါဘူး။”
သူမက အလှအပနဲ့ စိတ်ကူးပုံဖော်မှုတွေကို စိတ်ဝင်စားပါတယ်။ ဒါပေမဲ့ ငွေကြေးအခက်အခဲတွေ၊ လူမှုအသိုင်းအဝိုင်းရဲ့ အမြင်တွေနဲ့ အားလုံးပါဝင်နိုင်တဲ့ ပညာရေးအခွင့်အလမ်း မရှိတာတွေက မိတ်ကပ်ပညာရှင်တစ်ဦးဖြစ်လာဖို့ အတားအဆီးဖြစ်နေပါတယ်။ "ကိုယ့်ဖာသာ လေ့လာသင်ယူဖို့ ကြိုးစားတာတောင် လူတွေက ကျွန်မရဲ့ ရုပ်ရည်ကြောင့် ကျွန်မရဲ့ အရည်အချင်းကို သံသယဝင်ကြတယ်။ ကျွန်မ ယုံကြည်မှုတွေ ပျောက်ဆုံးခဲ့ရတယ်" လို့ သူမက ပြောပြခဲ့ပါတယ်။"
UNFPA ဟာ လိင်စိတ်ခံယူမှု ကွဲပြားသူ LGBTQIA+ အသိုက်အဝန်းတွေ ကြုံတွေ့နေရတဲ့ အခက်အခဲတွေကို သတိပြုမိတာနဲ့အညီ ဩစတြေးလျအစိုးရရဲ့ ငွေကြေးထောက်ပံ့မှုနဲ့ မြန်မာနိုင်ငံမှာရှိတဲ့ LGBTQIA+ အခြေပြု အဖွဲ့အစည်းတွေကတဆင့် LGBTQIA+ တွေကို ပံ့ပိုးပေးခဲ့ပါတယ်။ ဒီပံ့ပိုးမှုက လိင်နှင့် မျိုးဆက်ပွားကျန်းမာရေး၊ ကျား-မအခြေပြု အကြမ်းဖက်မှုကာကွယ်ရေးနဲ့ စိတ်ကျန်းမာရေးနှင့်စိတ်ပိုင်းဆိုင်ရာလူမှုကူညီပံ့ပိုးမှု (MHPSS) တွေ လက်လှမ်းမှီရရှိရေး မြှင့်တင်ဖို့အတွက်သာမက LGBTQAI+တွေ ပါဝင်နိုင်တဲ့ အသက်မွေးဝမ်းကြောင်း လမ်းကြောင်းတွေကို ဖော်ဆောင်ပေးဖို့လည်းဖြစ်ပါတယ်။ ၂၀၂၂ ခုနှစ် ကနေ ၂၀၂၄ ခုနှစ် အထိ UNFPA ဟာ LGBTQIA+ တွေကို စီးပွားရေးစွမ်းရည်မြှင့်တင်ပေးဖို့အတွက် စက်ချုပ်သင်တန်းနဲ့ အထွေထွေ စီးပွားရေးစတင်နိုင်ရန် ထောက်ပံ့ကြေးအပါအဝင် စီးပွားရေး စီမံခန့်ခွဲမှု သင်တန်းနဲ့ လုပ်ငန်းစတင်နိုင်ရန် ပံ့ပိုးမှုတွေပေးကာ ငွေကြေးအပေါ်မှီခိုနေရမှုမရှိဘဲ ကိုယ့်အားကိုယ်ကိုးကာ လုပ်ဆောင်နိုင်အောင် ပံ့ပိုးပေးခဲ့ပါတယ်။ ၂၀၂၃ ခုနှစ်မှာ UNFPA ဟာ LGBTQIA+ အရပ်ဖက်အဖွဲ့အစည်းတွေနဲ့ ပူးပေါင်းပြီး စီးပွားရေးအခွင့်အလမ်းများ ပိုမိုတိုးတက်စေရန်အတွက် ပြည်တွင်းနာမည်ကြီးအနုပညာရှင်တွေ ဦးဆောင်သင်ကြားပေးတဲ့ မိတ်ကပ်အနုပညာ၊ ဆံပင်နဲ့ ပန်းအလှပြင်ခြင်းဆိုင်ရာ အသက်မွေးဝမ်းကျောင်းသင်တန်း အစီအစဉ်ကို စတင်ခဲ့ပါတယ်။
အရေးအကြီးဆုံးကတော့ ဒီသင်တန်းက ကျွမ်းကျင်တတ်မြောက်မှုတွေရရှိစေတာထက်ပို အကျိုးရှိခဲ့ပါတယ်။ တက်ရောက်ခဲ့တဲ့ LGBTQIA+တွေ သင်ယူနိုင်၊ တိုးတက်နိုင်ပြီး အသိအမှတ်ပြုခံရတဲ့ ဘေးကင်းပြီး လုံခြုံစိတ်ချရတဲ့ ပတ်ဝန်းကျင်ကို ဖန်တီးပေးနိုင်ခဲ့တာပါ။
စိုးစိုးက အဲ့ဒီနှစ်မှာ သင်တန်းတက်ရောက်ခဲ့သူ ၁၅၀ ဦး အနက်က တစ်ဦးဖြစ်ပါတယ်။ "ပထမဆုံးအကြိမ်အဖြစ် ကျွန်မကို အသိအမှတ်ပြု၊ လေးစားပြီး ကျွန်မအလုပ်အပေါ် ယုံကြည်တတ်အောင် သင်ကြားပေးခဲ့သူထံကနေ သင်ယူလေ့လာခွင့်ရခဲ့တာပါ”
ဒီနေ့မှာတော့ စိုးစိုးဟာ ကြိုးစားရုန်းကန်နေရုံသာမဟုတ်တော့ဘဲ အောင်မြင်မှုလမ်းကြောင်းပေါ် ရောက်နေပြီဖြစ်ပါတယ်။ သူမဆီကို အလုပ်လာအပ်တဲ့ လူဦးရေ တိုးလာပြီး ဝင်ငွေကလည်း ၅၀ ရာခိုင်နှုန်းကျော် တက်လာပါတယ်။ အခုမှာတော့ အရင်ဝင်ငွေထက် ၆ ဆ ရရှိတဲ့ မင်္ဂလာဆောင် အစီအစဉ် အစအဆုံး တာဝန်ယူ ဆောင်ရွက်ပေးတဲ့ လုပ်ငန်းကိုလည်း လုပ်ဆောင်နေပါတယ်။ အရင်က မယုံကြည်ခဲ့တဲ့ သူမရဲ့ မိသားစုကလည်း အခုတော့ သူမအလုပ်ရဲ့ တန်ဖိုးနဲ့ သူမရဲ့ ရွေးချယ်မှုဂုဏ်ကို အသိအမှတ်ပြုလာကြပါတယ်။
“နေ့စဉ်အသုံးစရိတ်တွေအတွက် ဘယ်သူ့ကိုမှ အားကိုးစရာ မလိုတော့ဘူး” လို့ ဂုဏ်ယူစွာ ပြောပါတယ်။ “ဒီအလုပ်က ကျွန်မ ဖြစ်တည်မှုပုံစံအတိုင်း ဖြစ်ခွင့်ရသလို အခြားသူတွေကိုလည်း ပံ့ပိုးပေးနိုင်တယ်။“
စိုးစိုးဟာ သူမ ကိုယ်တိုင်သာမက LGBTQIA+ အသိုက်အဝန်းက တခြားသူတွေရဲ့ ဘဝတွေကိုလည်း မြှင့်တင်ပေးလိုပါတယ်။ “ကျွန်မတို့ရဲ့ ဖြစ်တည်မှုကို ဖုံးကွယ်မထားဘဲ အောင်မြင်မှုလမ်းပေါ် လျှောက်နိုင်တယ်ဆိုတာ ပြချင်ပါတယ်။ တခြားသူတွေကိုလည်း အောင်မြင်နိုင်အောင် ကူညီပေးချင်ပါတယ်”
၂၀၂၄ ခုနှစ်မှာ UNFPA ဟာ ဒေသတွင်းအဖွဲ့အစည်းများနဲ့ ဆက်လက် ပူးပေါင်းကာ LGBTQIA+ တွေကို ကျားမ-အခြေပြုအကြမ်းဖက်မှု အသိပညာပေးရေး၊ လိင်စိတ်တိမ်းညွှတ်မှု၊ လိင်ဝိသေသခံယူမှု၊ လိင်အသွင်အပြင် ဖော်ပြမှု၊ လိင်ဝိသေသ လက္ခဏာရပ်များ(SOGIESC)နဲ့ သက်ဆိုင်တဲ့ အခွင့်အရေးများအကြောင်း ပညာပေးသင်တန်းတွေနဲ့ စိတ်ပိုင်းဆိုင်ရာ ပံ့ပိုးမှုတို့ကို ပေါင်းစပ် ဖော်ဆောင်ခဲ့ပါတယ်။ အကြမ်းဖက်မှုတွေကို လျှော့ချဖို့၊ ရှေးရိုးစွဲတာတွေကို အဆုံးသတ်ဖို့နဲ့ LGBTQIA+ များ လုပ်ပိုင်ခွင့်ရတဲ့ အားလုံးပါဝင်ပြီး ခံနိုင်ရည်ရှိတဲ့ လူ့အဖွဲ့အစည်းများ ပေါ်ထွက်လာစေဖို့ ပံ့ပိုးမှုပေးနေပါတယ်။
*ဤဆောင်းပါးကို UNFPA Myanmar website တွင် မူရင်းရေးသား ထုတ်ဝေထားပါသည်။