သတင်းထုတ်ပြန်ချက်

မြန်မာနိုင်ငံရှိ အမျိုးသမီးများနှင့် မိန်းကလေးများအားလုံးအတွက် - အခွင့်အရေး၊ တန်းတူညီမျှမှု၊ စွမ်းဆောင်ရည်မြှင့်တင်မှု။

၂၀၂၅ ခုနှစ် မတ်လ ၀၇ ရက်။

မတ်လ ၈ ရက်နေ့မှာ ကျရောက်သည့် အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့တွင်၊ မြန်မာနိုင်ငံရှိ ကုလသမဂ္ဂအဖွဲ့အစည်းသည် အမျိုးသမီးများ၊ မိန်းကလေးငယ်များနှင့် စည်းလုံးညီညွတ်စွာ ရပ်တည်လျက်ရှိပါသည်။ ကျယ်ပြန့်သော ပဋိပက္ခများနှင့် ကြီးမားသော လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ လိုအပ်ချက်များကြားတွင် ၎င်းတို့သည် ခေါင်းဆောင်မှု၊ ကြံ့ကြံ့ခံနိုင်စွမ်းနှင့် စိတ်ဓာတ်ကြံ့ခိုင်မှုများကို ဆက်လက်ပြသနေပါသည်။ ၎င်းတို့၏ စွမ်းအားသည် ငြင်းဆိုဖွယ်ရာမရှိနိုင်သော်လည်း၊ ၎င်းတို့သည် ဤစိန်ခေါ်မှုများကို တစ်ယောက်တည်း ရင်ဆိုင်နိုင်မည် မဟုတ်ပါ။

ဤနှစ်သည် အမျိုးသမီးများ၏ အခွင့်အရေး တိုးတက်ရေးအတွက် အထင်ကရ မှတ်တိုင်တစ်ခု ဖြစ်သည့် သမိုင်းဝင် ပေကျင်းကြေညာစာတမ်းနှင့် လုပ်ဆောင်ချက်အစီအစဉ်၏ ၃၀နှစ်ပြည့် အထိမ်းအမှတ်နှစ်ဖြစ်ပါသည်။ ကမ္ဘာတဝန်းတွင် ကျား၊မရေးရာတန်းတူညီမျှမှုနှင့် အမျိုးသမီးများ စွမ်းဆောင်ရည်မြှင့်တင်ရေးအတွက် တိုးတက်မှုများ ရှိခဲ့သော်လည်း၊ ၎င်းတို့သည် နှေးကွေးပြီး အားနည်းကာ ညီမျှမှုမရှိခဲ့ပါ။ မြန်မာနိုင်ငံတွင် ပဋိပက္ခများ တိုးမြင့်လာခြင်း၊ ရွှေ့ပြောင်းနေထိုင်သူများ များပြားလာခြင်း၊ သဘာဝဘေးအန္တရာယ်များ ထပ်ခါတလဲလဲ ဖြစ်ပွားခြင်းနှင့် စီးပွားရေး ပြိုလဲခြင်းတို့ကြောင့် ယခင်က ရရှိခဲ့သော တိုးတက်မှုများ ဆုတ်ယုတ်သွားပြီး၊ ကျား၊မရေးရာတန်းတူညီမျှမှု ကွာဟချက်များ ပိုမိုနက်ရှိုင်းလာပါသည်။

၂၀၂၅ ခုနှစ် ကုလသမဂ္ဂ၏ အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့အတွက် ဆောင်ပုဒ် "အမျိုးသမီးများနှင့် မိန်းကလေးငယ်များအားလုံးအတွက် - အခွင့်အရေး၊ တန်းတူညီမျှမှု၊ စွမ်းဆောင်ရည်မြှင့်တင်မှု" ကို အခြေခံ၍၊ မြန်မာနိုင်ငံရှိ ကုလသမဂ္ဂသည် အမျိုးသမီးများနှင့် မိန်းကလေးငယ်များ၏ အခွင့်အရေး၊ ဘေးကင်းလုံခြုံမှုနှင့် ဂုဏ်သိက္ခာကို ကာကွယ်ရန် လိုအပ်သည့် ချက်ချင်းလုပ်ဆောင်မှုများနှင့် ကျား၊မရေးရာတန်းတူညီမျှမှုအတွက် ရင်းနှီးမြှုပ်နှံမှု ပိုမိုတိုးမြှင့်ရန် တောင်းဆိုလိုက်ပါသည်။ ၎င်းတွင် အသက်ကယ်အရေးကြီးသော လိင်ပိုင်းဆိုင်ရာနှင့် မျိုးဆက်ပွားကျန်းမာရေး ဝန်ဆောင်မှုများကို ရရှိစေရန်၊ ကျား၊မအခြေပြု အကြမ်းဖက်မှုများကို ကိုင်တွယ်ဖြေရှင်းရန်နှင့် အမျိုးသမီးများနှင့် မိန်းကလေးများငယ်ကို စွမ်းဆောင်ရည်နှင့် ခေါင်းဆောင်မှု ဖွံ့ဖြိုးတိုးတက်စေရန် စွမ်းဆောင်ရည်မြှင့်တင်ပေးခြင်းများ ပါဝင်ပါသည်။

အရေးပေါ် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ပကတိအခြေအနေများသည် တုံ့ပြန်ဆောင်ရွက်မှုများကို  တောင်းဆိုနေပါသည်။

၂၀၂၅ ခုနှစ်တွင် မြန်မာနိုင်ငံ၏ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အခြေအနေများသည် ဆိုးရွားနေဆဲဖြစ်ပါသည်။ လူဦးရေ၏ သုံးပုံတစ်ပုံကျော်သည် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများ လိုအပ်နေပြီး၊ ၎င်းတို့တွင် ဖြစ်ပွားနေသော အကျပ်အတည်းများကို အဓိက ခံစားနေရသည့် အမျိုးသမီးနှင့် မိန်းကလေးငယ် ၁၀.၄ သန်း ပါဝင်ပါသည်။ 

ဒေသခံ အမျိုးသမီးအဖွဲ့အစည်းများက ကျား၊မခြေပြုအကြမ်းဖက်မှုများ၊ ရင်းနှီးကျွမ်း၀င်သူမှအကြမ်းဖက်မှုများ၊ ပဋိပက္ခနှင့်ဆက်နွယ်သည့် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုများ တိုးမြင့်လာကြောင်း အစီရင်ခံဖော်ြပထားပါသည်။ စီးပွားရေး အခက်အခဲများကြောင့် အသက်မွေးဝမ်းကြောင်းများ ထိခိုက်ခဲ့ပြီး၊ အမျိုးသမီးများစွာကို ခေါင်းပုံဖြတ်ခံရသည့် အခြေအနေများဆီသို့ ပို့ဆောင်လိုက်ပါသည်။ ကျန်းမာရေးစောင့်ရှောက်မှု ဝန်ဆောင်မှုများ အထူးသဖြင့် လိင်ပိုင်းဆိုင်ရာနှင့် မျိုးဆက်ပွားကျန်းမာရေး၊ စိတ်ကျန်းမာရေးနှင့် စိတ်လူမှုပိုင်းဆိုင်ရာ ကျန်းမာရေး ဝန်ဆောင်မှုများ  အတွက် ရန်ပုံငွေပံ့ပိုးမှု လိုအပ်နေဆဲဖြစ်သည်။ 

မိခင်နှင့်ကလေး ကျန်းမာရေးစောင့်ရှောက်မှု၊ မိသားစု စီမံကိန်းနှင့် အရေးကြီးသော ကျား၊မအခြေပြုအကြမ်းဖက်မှုဆိုင်ရာ တုံ့ပြန်ရေးဝန်ဆောင်မှုများကို လက်လှမ်းမမီခြင်းသည် အမျိုးသမီးများနှင့် မိန်းကလေးငယ်များ၏ အသက်နှင့် အနာဂတ်ကို အန္တရာယ်ဖြစ်စေပါသည်။ ပဋိပက္ခ ဆက်လက်တိုးမြင့်လာသည်နှင့်အမျှ အမျိုးသမီးများနှင့် မိန်းကလေးငယ်များသည် လူကုန်ကူးခံရခြင်း၊ မလုံခြုံသော ရွှေ့ပြောင်းနေထိုင်မှုနှင့် ခေါင်းပုံဖြတ်ခံရခြင်းတို့၏ အန္တရာယ်နှင့် ရင်ဆိုင်နေရပါသည်။ 

အမျိုးသမီးနှင့် မိန်းကလေး အများအပြားသည် အိုးအွန်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်နေကြရပြီး ဘေးကင်းလုံခြုံသည့် ခိုလှုံစရာ နေရာ ဒါမှမဟုတ် အခြေခံ ဝန်ဆောင်မှုများလည်း တခါတလေ မရရှိကြသည့်အတွက် ပိုမို၍တောင် အခက်ကြုံနေရပါသည်။ ထပ်တလဲလဲ ဖြစ်ပွားနေသည့် သဘာဝဘေးအန္တရာယ်များသည် ဤအခက်အခဲများကို ပိုမိုဆိုးရွားစေပြီး ကျား၊မ အခြေုပြု တုံ့ပြန်မှုဆိုင်ရာ ဘေးအန္တရာယ် ကြိုတင်ပြင်ဆင်မှု၊ ကြံ့ခိုင်သော ခိုလှုံစရာနေရာများနှင့် လူထုက ဦးဆောင်သော ပြန်လည်ထူထောင်ရေး ကြိုးပမ်းချက်များ၏ အရေးတကြီး လိုအပ်ချက်ကိုလည်း မီးမောင်းထိုးပြနေပါသည်။ 

တုံ့ပြန်ဆောင်ရွက်ခြင်းမရှိမှု၏ ကုန်ကျစရိတ်သည် အလွန်မြင့်မားလှပါသည်။

မြန်မာနိုင်ငံရှိ အမျိုးသမီးများနှင့် အမျိုးသမီးဦးဆောင်အဖွဲ့အစည်းများသည် အကူအညီပေးခြင်း၊ စီးပွားရေးအရ ခံနိုင်ရည်ရှိမှုကို မြှင့်တင်ခြင်း၊ လူ့အခွင့်အရေးနှင့် ကျား၊မရေးရာတန်းတူညီမျှမှုအတွက် ကြိုးပမ်းဆောင်ရွက်ခြင်းတို့တွင် အရေးပါသော အခန်းကဏ္ဍမှ ဆက်လက်ပါဝင်နေပါသည်။ သို့သော် ၎င်းတို့သည် အရင်းအမြစ်များ လုံလောက်စွာ မရရှိဘဲ ဝန်ပိလာကာ အန္တရာယ်များနှင့် ပိုမိုရင်ဆိုင်နေရပါသည်။ 

၂၀၂၄ ခုနှစ် နှစ်ကုန်တွင် ကုလသမဂ္ဂ၏ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ လိုအပ်ချက်များနှင့် တုံ့ပြန်ဆောင်ရွက်ရေးအစီအစဉ် (HNRP)[1] အောက်ရှိ လိုအပ်သော ရန်ပုံငွေ၏ ၃၆% သာ ရရှိခဲ့ပြီး၊ ၂၀၂၅ ခုနှစ်၏ ပထမနှစ်လအတွင်း ကမ္ဘာတစ်ဝှမ်းရှိ ငွေကြေးအကူအညီများသည် ရုတ်တရက် ရပ်တန့်ခြင်းနှင့် လျှော့ချခြင်းများ ကြုံတွေ့နေရပါသည်။  ၎င်းတွင် မြန်မာနိုင်ငံအတွက် ဦးတည်ထားသော ရန်ပုံငွေများလည်း ပါဝင်ပါသည်။

ဤငွေကြေးပံ့ပိုးမှု မလုံလောက်ခြင်း၏အကျိုးဆက်များမှာအလွန်ပြင်းထန်ပါသည်။ ၂၀၂၄ ခုနှစ်တွင် ငွေကြေးပံ့ပိုးမှုမလုံလောက်ခြင်းကြောင့် ကလေးငယ်ပေါင်း ၈၀၀,၀၀၀ ကျော်သည် ပညာရေးအထောက်အပံ့များ မရရှိခဲ့ပါ။ ထို့ကြောင့် မိန်းကလေးငယ်များသည် ကလေးလက်ထပ်ခြင်း၊ ကလေးအလုပ်သမားဖြစ်ခြင်းနှင့် လိင်ပိုင်းဆိုင်ရာ ခေါင်းပုံဖြတ်ခံရခြင်းတို့၏ အန္တရာယ်နှင့် ရင်ဆိုင်နေရပါသည်။ ခန့်မှန်းခြေ ၁.၁ သန်းသော ကျား၊မအခြေပြုအကြမ်းဖက်မှုခံစားရသူများသည် အရေးကြီးသော အထောက်အပံ့များ မရရှိခဲ့ပါ။ ထို့အပြင် ၁.၁ သန်းသော ကလေးများသည် ကာကွယ်စောင့်ရှောက်ရေးဝန်ဆောင်မှုများကို မရရှိခဲ့ပါ။ ထို့ကြောင့် ၎င်းတို့သည် အကြမ်းဖက်မှု၊ လျစ်လျူရှုခံရခြင်းနှင့် ခေါင်းပုံဖြတ်ခံရခြင်းတို့၏ အန္တရာယ်နှင့် ရင်ဆိုင်နေရပါသည်။[2]

မြန်မာနိုင်ငံတွင် ဆက်လက်ရပ်တည်ရန်နှင့် ဆောင်ရွက်ရန် ကုလသမဂ္ဂ၏ ကတိကဝတ်

ဤနှစ်တွင် ကုလသမဂ္ဂနှင့် ၎င်း၏ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ မိတ်ဖက်အဖွဲ့အစည်းများသည် အမျိုးသမီးဦးဆောင်အဖွဲ့အစည်းများ၏ ကျယ်ပြန့်သော ကွန်ရက်များပါဝင်သည့် မြန်မာနိုင်ငံရှိ အထိခိုက်လွယ်ဆုံးသော အမျိုးသမီးနှင့် မိန်းကလေးငယ် ၂.၈၆ သန်းကို အသက်ကယ်အကူအညီများ ပေးအပ်ရန် ရည်ရွယ်ထားပါသည်။ ကမ္ဘာတဝန်းတွင် အကူအညီငွေကြေးများ လျော့နည်းလာသော်လည်း၊ ယခုအချိန်သည် လက်လျှော့ရန် အချိန်မဟုတ်ပါ။

ကုလသမဂ္ဂ၏ ရေရှည်တည်တံ့ခိုင်မြဲသော ဖွံ့ဖြိုးရေးပန်းတိုင်များကို အောင်မြင်ရန် ငါးနှစ်သာ လိုတော့သည့်အချိန်တွင်၊ ကျွန်ုပ်တို့သည် ကျွန်ုပ်တို့၏ ကတိကဝတ်များကို နှစ်ဆတိုးရန် လိုအပ်ပါသည်။ ကုလသမဂ္ဂအတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတာရက်စ်က “ကျွန်ုပ်တို့အားလုံးသည် လူ့အခွင့်အရေး၊ တန်းတူညီမျှမှုနှင့် စွမ်းဆောင်ရည်မြှင့်တင်မှုတို့ကို လူတိုင်း၊ နေရာတိုင်းတွင် အမှန်တကယ်ဖြစ်လာစေရန် ခိုင်မာစွာရပ်တည်ရမည်” ဟု သတိပေးထားပါသည်။

အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့နှင့် နေ့ရက်တိုင်းတွင် မြန်မာနိုင်ငံရှိ ကုလသမဂ္ဂသည် မြန်မာနိုင်ငံ၏ အမျိုးသမီးနှင့် မိန်းကလေးငယ်များ၏ အခွင့်အရေး၊ ဂုဏ်သိက္ခာနှင့် အနာဂတ်ကို ကာကွယ်ရန် ခိုင်မြဲစွာ ကတိပြုထားပါသည်။


 

[1] Myanmar 2025 Humanitarian Needs and Response Plan. UN OCHA. Available online.

[2] ibid.

generic profile

ရဲထက်အောင်

UNIC
ပြန်ကြားရေး အရာရှိ

ဤလုပ်ငန်းတွင်အဓိကပါဝင်နေသည့် ကုလသမဂ္ဂရုံးများ

UN
ကုလသမဂ္ဂ

လုပ်ငန်းရပ်များဖြင့်ပံ့ပိုးပေးနေသော ပန်းတိုင်များ