ဒုတိယမြောက်အခွင့်အလမ်း
မြန်မာနိုင်ငံမှာ မျှော်လင့်ချက်၊ ခံနိုင်ရည်စွမ်းတို့ဖြင့် HIV ရောဂါကို ရင်ဆိုင်ဖြတ်ကျော်ခြင်း
မြန်မာနိုင်ငံမြောက်ဖျား ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့က ဆေးခန်းငယ်လေးတစ်ခုမှာ အသက် ၄၁ နှစ်အရွယ် ဒေါ်လိုင်တစ်ယောက် သူ့ကိုယ်ဝန်ပေါ်လက်လေးတင်ရင်း တိတ်တဆိတ်ထိုင်နေခဲ့ပါတယ်။ သူ့ဘဝကို ပြောင်းလဲသွားစေခဲ့တဲ့ "ရှင့်မှာ ရောဂါပိုးရှိနေပြီ" ဆိုတဲ့ စကားလုံးတွေကို ပထမဆုံးအကြိမ် ကြားခဲ့ရတာဟာ အခုဆိုရင် လပိုင်းလောက်ရှိခဲ့ပါပြီ။
“ဒီလိုအဖြစ်မျိုးကျွန်မမှာဖြစ်လာလိမ့်မယ်လို့ ကျွန်မဘယ်တုန်းကမှမထင်ခဲ့ဘူး” လို့ ဒေါ်လိုင်က ကိုယ်ဝန်အပ်စဉ်မှာ HIV ပိုးရှိကြောင်း စစ်ဆေးတွေ့ရှိခဲ့တဲ့နေ့ကိုအမှတ်ရပြီး ပြန်ပြောပြခဲ့ပါတယ်။ ခင်ပွန်းဖြစ်သူ မူးယစ်ဆေးဝါးသုံးစွဲလေ့ရှိတာကြောင့် စိုးရိမ်ပူပန်မှုတွေရှိခဲ့ဖူးပေမယ့် အခုလိုမျိုး သူ့ကိုပါ ရောဂါကူးစက်လိမ့်မယ်လို့ တစ်ခါမှ မတွေးမိခဲ့ဖူးပါဘူး။
“စသိသိချင်းမှာ ကျွန်မအိပ်လို့တောင်မရဘူး။ ကျွန်မတော်တော်ငိုခဲ့ရတယ်။ ရှက်လည်းရှက်၊ ကြောက်လည်းကြောက်မိတယ်" လို့ ပြောပြပါတယ်။ "ကျွန်မအကြောက်ဆုံးကတော့ ကျွန်မကလေးတွေအတွက်ပါ - သူတို့လည်း ကူးသွားရင် ဘယ်လိုလုပ်မလဲ"။ ပြီးတော့ ဗိုက်ထဲကကလေးလေးရော ဘယ်လိုဖြစ်မလဲ။"
ပံ့ပိုးမှုမှုနှင့် ခွန်အားကိုရှာဖွေခြင်း
နောက်ပိုင်းမှာတော့ သူ့ကို မြစ်ကြီးနားမြို့က ပြည်သူ့ကျန်းမာရေး ဆေးပေးခန်းတစ်ခုကို လွှဲပို့ပေးခဲ့ပါတယ်။ ဆေးခန်းက ကျန်းမာရေးဝန်ထမ်းတွေက ဆေးဝါးစောင့်ရှောက်မှုတင်မကဘဲ စိတ်ခွန်အားတွေပါ ပေးနိုင်ခဲ့တဲ့အတွက် ဒေါ်လိုင်တစ်ယောက် မျှော်လင့်ချက်တွေ ပြန်လည်ရရှိခဲ့ပါတယ်။ "ကျန်းမာရေးဝန်ထမ်းတွေက ကျွန်မကို အားလုံးရှင်းပြပေးတယ်။ ပြီးတော့ ဆေးသာမှန်မှန်သောက်မယ်ဆိုရင် ကလေးကို ဘာမှမထိခိုက်ဘဲ ကျန်းကျန်းမာမာနဲ့ မွေးဖွားလာမယ်လို့ ကျွန်မကို သေသေချာချာ ပြောပြပေးခဲ့တယ်" လို့ ဆိုပါတယ်။
ဒီဆေးပေးခန်းက မိခင်ကတစ်ဆင့် ကလေးအား ကူးစက်ခြင်းကို ကာကွယ်တားဆီးရေး (PMTCT) အစီအစဉ်ကတစ်ဆင့် သန္ဓေသားကို ကာကွယ်ပုံနဲ့ပတ်သက်ပြီး နှစ်သိမ့်ဆွေးနွေးပေးခဲ့သလို နောက်ထပ်စစ်ဆေးမှုတွေဖြစ်တဲ့ အသည်းရောင် အသားဝါ ဘီနဲ့စီပိုးတို့ကိုလည်း စစ်ဆေးပေးခဲ့ပါတယ်။ ဒေါ်လိုင်မှာ အသည်းရောင် အသားဝါ ဘီပိုးနဲ့ စီပိုး မရှိပါဘူး။
ဒေါ်လိုင်နဲ့ ခင်ပွန်းဖြစ်သူတို့ဟာ ရောဂါတွေ့ရှိပြီး တစ်လအကြာ နိုဝင်ဘာလအစောပိုင်းမှာစတင်ပြီး Antiretrovirla therapy (ART) ကို စသောက်ခဲ့ကြပါတယ်။ "စသောက်သောက်ချင်း ရက်ပိုင်းလောက်မှာတော့ လူက နုံးသလိုခံစားရတယ်။ အခုတော့ ပုံမှန်ဖြစ်သွားပါပြီ" လို့ သူက ဆိုပါတယ်။ ART ဆေးကို မြစ်ကြီးနားမြို့ရှိ ပြည်သူ့ကျန်းမာရေးဌာနတွေမှာ မိခင်ဖြစ်သူအတွက်ရော၊ ကလေးအတွက်ပါ လိုအပ်ရင် အခမဲ့ ရရှိနိုင်ပါတယ်။
ရောဂါကိုလက်ခံနိုင်ဖို့အတွက် စတင်ခြင်း
ဒေါ်လိုင်ရဲ့ ခရီးက မလွယ်ကူခဲ့ပါဘူး။ "ကလေးအဆင်ပြေပါ့မလားလို့ ကျွန်မတောက်လျှောက် မေးနေမိတယ်။" "ကျွန်မဆေးကို နေ့တိုင်းအချိန်မှန်သောက်ရင် ကလေးကို မကူးနိုင်ဘူးလို့ သူတို့က သေချာပြောပြတယ်။ ဒါပေမဲ့ ကျွန်မဆေးသောက်တဲ့အခါတိုင်း ဆုတောင်းပြီးမှ သောက်နေတုန်းပဲ။"
HIV ပိုးရှိတဲ့ကိုယ်ဝန်ဆောင်မိခင်တွေဟာ ဗိုက်ထဲက ကလေးကူးစက်မှာကို စိုးရိမ်တတ်ကြတာများတယ်လို့ မစန်က ရှင်းပြပါတယ်။ "မိခင်တော်တော်များများက ART ဆေးက မိခင်ကနေ ကလေးဆီ ရောဂါကူးစက်နိုင်မှုကို တားဆီးပေးနိုင်တယ်ဆိုတာကို အပြည့်အဝ မယုံကြည်ကြဘူး။ သူတို့က မေးခွန်းတွေအများကြီး မေးတတ်ကြသလို ယုံကြည်စိတ်ချရမှုလည်း လိုအပ်ကြတယ်။ ဒါကြောင့် ကျွန်မတို့က နှစ်သိမ့်ဆွေးနွေးဖို့နဲ့ ပညာပေးဖို့ကို အလေးပေးပြီးလုပ်ကြရတယ်။"
ကလေးများနှင့် မိခင်များအတွက် ယူနီဆက်ရဲ့ ပံ့ပိုးမှု
ဒေါ်လိုင်လို အမျိုးသမီးတွေကို ပိုပြီးပံ့ပိုးကူညီနိုင်ဖို့ သိပ်အရေးကြီးပါတယ်။ ယူနီဆက်ရဲ့ ပံ့ပိုးမှုနဲ့ မြစ်ကြီးနားမြို့က ရပ်ရွာအခြေစိုက်အဖွဲ့အစည်းတွေက ဒေသခံလုပ်အားပေးတွေဟာ စစ်ဘေးရှောင်စခန်းတွေနဲ့ ရပ်ကွက်ကျေးရွာတွေက လူထုတွေဆီ သွားရောက်ပြီး HIV/AIDS နဲ့ မိခင်ကတစ်ဆင့် ကလေးထံ ရောဂါကူးစက်မှုကို ကာကွယ်တားဆီးရေး (PMTCT) နဲ့ပတ်သက်တဲ့ ဆွေးနွေးပွဲတွေကို ပြုလုပ်ခဲ့ကြပါတယ်။ "သူတို့ထဲက အများစုက ဒီလိုဆွေးနွေးပွဲတွေ များများလုပ်စေချင်တယ်လို့ ပြောကြတယ်" လို့ မစန်ကပြောပြပါတယ်။
အသိပညာပေးဆွေးနွေးပွဲတွေပြီးနောက်မှာ ကိုယ်ဝန်ဆောင်မိခင်တွေကို ကိုယ်ဝန်အပ်ချိန်မှာ ပြုလုပ်တဲ့ ပုံမှန်စစ်ဆေးမှုတွေရဲ့တစ်စိတ်တစ်ပိုင်းအဖြစ်နဲ့ ရောဂါပိုးရှိမရှိစစ်ဆေးကြည့်ဖို့ တိုက်တွန်းထားပါတယ်။ "ဒါက ပညာပေးရုံသက်သက်မကပါဘူး"။ "စောင့်ရှောက်မှုရဖို့ သူတို့ဘယ်ကိုသွားရမယ်၊ မိခင်ရော ကလေး ကျန်းမာရေးအတွက်ပါ နောက်အဆင့်တွေ ဘာဆက်လုပ်ရမယ်ဆိုတာ သူတို့သိအောင် ကျွန်မတို့ကြိုးစားရပါတယ်" လို့ မစန်က ပြောပြပါတယ်။
ယူနီဆက်က ဒေါ်လိုင်လို မိခင်တွေ ဆေးခန်းရက်ချိန်းပြဖို့နဲ့ ဆေးထုတ်ဖို့အတွက် ဝန်ထုတ်ဝန်ပိုးမဖြစ်ဘဲ အဆင်ပြေပြေသွားနိုင်ဖို့အတွက် ခရီးစရိတ်ကိုလည်း ပံ့ပိုးပေးထားပါတယ်။
မျှော်လင့်ချက်တွေနဲ့ရှေ့ဆက်
ဒေါ်လိုင်တစ်ယောက် အစပိုင်းမှာ ထိတ်လန့်ခဲ့ပေမယ့်လည်း ဆေးကိုပုံမှန်သောက်မယ်၊ ကလေးကို ဆက်ပြီးကျန်းမာအောင်ထားမယ်လို့ ခိုင်ခိုင်မာမာ ဆုံးဖြတ်ထားပါတယ်။ "ကျွန်မ ဆေးကို နေ့တိုင်း ည ၇ နာရီ မပျက်မကွက်သောက်တယ်" လို့ သူကပြောပါတယ်။ ခိုင်မာတဲ့သန္နိဋ္ဌာန်နဲ့ ဆေးခန်းရဲ့ ပံ့ပိုးမှုတွေက သူ့ကို မျှော်လင့်ချက်အသစ်၊ ရည်မှန်းချက်အသစ်တွေ ရရှိစေခဲ့ပါတယ်။ ခင်ပွန်းဖြစ်သူဟာလည်း မူးယစ်ဆေးသုံးစွဲမှုကို ရပ်လိုက်ပြီး နေ့တိုင်း ဆေးပုံမှန်သောက်ပါတယ်။
ဒေါ်လိုင်တစ်ယောက် သူ့ရဲ့ တတိယမြောက်ကလေးကို မွေးဖွားဖို့ပြင်ဆင်နေချိန်မှာ ဒေသန္တရကျန်းမာရေးဌာနတွေကတစ်ဆင့်ပေးတဲ့ PMTCT လို ယူနီဆက်က ပံ့ပိုးပေးထားတဲ့ အစီအစဉ်တွေရဲ့ ကြီးမားတဲ့အကျိုးသက်ရောက်မှုကြောင့် ဆက်ပြီးမျှော်လင့်ချက်တွေ ပြည့်ဝလာခဲ့ရပါတယ်။ “ကျွန်မမျှော်လင့်ချက်တွေ ပျောက်ဆုံးသွားသလို ခံစားနေရတဲ့အချိန်မှာ ဒီဆေးခန်းကြောင့် ကျွန်မ မျှော်လင့်ချက်တွေ ပြန်ပြည့်ဝလာခဲ့ရတယ်။ သူတို့က ကျွန်မတစ်ယောက်တည်း မဟုတ်ဘူးဆိုတာ ပြောပြတယ်။ အဲဒီစကားက ကျွန်မကြားဖို့လိုအပ်နေခဲ့တဲ့ အရေးကြီးဆုံးစကားပဲ။"
ဒေါ်လိုင်ရဲ့ စိတ်ပျက်အားငယ်မှုမှသည် မျှော်လင့်ချက်ဆီသို့ ခရီးစဉ်က HIV ရောဂါအတွက် စောင့်ရှောက်မှုနဲ့ ပံ့ပိုးမှုတွေကို လက်လှမ်းမီရရှိခြင်းရဲ့ အရေးပါပုံကို မီးမောင်းထိုးပြသပေးလိုက်တာပဲ ဖြစ်ပါတယ်။ သူ့ရဲ့ဖြစ်ရပ်က တစ်ဦးတစ်ယောက်ရဲ့ အောင်မြင်မှုမဟုတ်ဘဲ မြန်မာနိုင်ငံတစ်ဝန်းက ချို့တဲ့ပြီး ပဋိပက္ခဒဏ်သင့် လူမှုအသိုင်းအဝိုင်းတွေက အလားတူအခက်အခဲတွေကို ရင်ဆိုင်နေရတဲ့ အခြားအခြားသော မိခင်တွေအတွက်လည်း မျှော်လင့်ချက်ရောင်ခြည်တစ်ခု ဖြစ်ခဲ့ပါတယ်။