ဘီလီယံပေါင်းများစွာသော ကလေးငယ်တွေ၊ အမျိုးသမီးတွေနဲ့ အမျိုးသားတွေ ငတ်မွတ်ခေါင်းပါးမှုနဲ့ အာဟာရချို့တဲ့မှုတို့ အမှန်တကယ် ကြုံတွေ့နေရတဲ့ ကမ္ဘာတစ်ခုက အတော်ကို မှားယွင်းနေတာပါ။
ဒီကနေ့ကျရောက်တဲ့ ကမ္ဘာ့စားနပ်ရိက္ခာနေ့မှာ ကျွန်တော်တို့ သတိပြုမိရတာက ဂါဇာနဲ့ ဆူဒန်စတဲ့နိုင်ငံတွေမှာ လူတွေရဲ့ ပယောဂကြောင့် အစာရေစာရှားပါးမှုဘေးအန္တရာယ် ကြုံတွေ့နေရသူတွေအပါအဝင် ပဋိပက္ခ၊ ပစ်ပယ်ခံရမှု၊ ရာသီဥတုပြောင်းလဲမှု၊ ဆင်းရဲမွဲတေမှုနဲ့ စီးပွားရေးကျဆင်းမှုစတာတွေကြောင့် စားနပ်ရိက္ခာ ပြတ်လပ်မှု ကြုံနေရတဲ့ လူပေါင်း ၇၃၃ သန်းကို ဖြစ်ပါတယ်။
ဒါမှမဟုတ် ကမ္ဘာ့တစ်ဝန်းမှာ အဝလွန်တဲ့နှုန်းတွေ မြင့်တက်လာနေတာနဲ့အမျှ အဝလွန်နေသူတွေအပါအဝင် ကျန်းမာရေးနဲ့ညီညွတ်တဲ့ အစားအစာကို မစားနိုင်ကြတဲ့ လူပေါင်း ၂.၈ ဘီလီယံအကြောင်းကိုလည်း သတိပြုမိပါတယ်။
သတင်းကောင်းကတော့ ငတ်မွတ်ခေါင်းပါးမှုကင်းမဲ့တဲ့ ကမ္ဘာတစ်ခု ဖြစ်လာနိုင်ခြေရှိပါတယ်။
၂၀၂၁ ခုနှစ် စားနပ်ရိက္ခာစနစ်များ ညီလာခံက စားနပ်ရိက္ခာစနစ်တွေအပေါ်မှာ တည်ရှိနေတဲ့ စွမ်းဆောင်ရည်မပြည့်မီမှုတွေနဲ့ သာတူညီမျှမှုမရှိတာတွေကို ကိုင်တွယ်ဖြေရှင်းဖို့ လမ်းကြောင်းတစ်ခု ချမှတ်ခဲ့ပါတယ်။
စားနပ်ရိက္ခာစနစ်တွေ ပိုမို ထိရောက်၊ ပိုမိုပါဝင်၊ ပိုမိုကြံ့ခိုင်ပြီး ပိုမိုရေရှည်တည်တံ့လာနိုင်စေဖို့အတွက် စီးပွားရေးလုပ်ငန်းတွေ၊ ပညာရေးအသိုင်းအဝိုင်းတွေ၊ သုတေသနအဖွဲ့အစည်းတွေနဲ့ အရပ်ဖက်အဖွဲ့အစည်းတွေရဲ့ ပံ့ပိုးမှုတွေနဲ့အတူ စားနပ်ရိက္ခာစနစ်တွေကို ကြီးမားတဲ့ ပြုပြင်ပြောင်းလဲမှုပြုလုပ်ဖို့ လိုပါတယ်။
ကျန်းမာရေးနဲ့ညီညွတ်ပြီး အာဟာရပြည့်ဝတဲ့ အစားအစာတွေကို သင့်တင့်တဲ့ဈေးနှုန်းနဲ့ ထုတ်လုပ် ရောင်းချရေးတွေကို အားပေးအားမြှောက်ပြုဖို့ အစိုးရတွေက မိတ်ဖက်အားလုံးနဲ့အတူ လက်တွဲလုပ်ဆောင်ရပါမယ်။
ဒီကနေ့ကျရောက်တဲ့ ကမ္ဘာ့စားနပ်ရိက္ခာနေ့မှာ ငတ်မွတ်ခေါင်းပါးမှုနဲ့ အာဟာရချို့တဲ့မှု တိုက်ဖျက်ရေးကို အရှိန်မြှင့်လုပ်ဆောင်ကြရအောင်ပါ။
ပိုမိုကောင်းမွန်တဲ့ဘဝနဲ့ ပိုမိုကောင်းမွန်တဲ့ အနာဂတ်တို့အတွက် စားနပ်ရိက္ခာရရှိအသုံးပြုနိုင်တဲ့ အခွင့်အရေးကို ထိန်းသိမ်းဖို့ အတူ လုပ်ဆောင်ကြရအောင်ပါ။