ဘိန်းစိုက်ခင်းတွေမှသည် ကော်ဖီစိုက်ခင်းများဆီသို့ - ရှမ်းပြည်နယ်က တောင်သူတစ်ယောက်ရဲ့ ပြောင်းလဲမှု ခရီးလမ်း
UNODC အဖွဲ့ရဲ့ အစားထိုးသီးနှံ ဖွံ့ဖြိုးရေးစီမံချက်ကြောင့် အပြောင်းအလဲကို ထင်ဟပ်စေတဲ့ သာဓကတစ်ခု
“အရင်တုန်းက တခြား သီးနှံတွေက စျေးကွက် မရှိတဲ့အပြင် စျေးကောင်းမရလို့ ကျွန်မအနေနဲ့ ဘိန်းစိုက်ပျိုးဖို့ကိုပဲ ရွေးချယ်ခဲ့ရတယ်” ဟု သာယာလှပတဲ့ ရှမ်းပြည်နယ်ရှိ ကျေးရွာလေး တစ်ရွာမှာ နေထိုင်နေတဲ့ ကလေး သုံးယောက်ရဲ့ မိခင်လည်းဖြစ် မုဆိုးမတစ်ဦးလည်းဖြစ်သည့် မနန်းထွေးက ပြောပါတယ်။ ဘိန်းစိုက်ပျိုးမှုကနေ ကော်ဖီပြောင်းလဲစိုက်ပျိုးတဲ့ အခွင့်အရေးကို လက်ခံယုံကြည်ပြီးတဲ့နောက် မနန်းထွေးဟာ သူ့မိသားစုအတွက် ပိုမိုကောင်းမွန်တဲ့ အနာဂတ်တစ်ခုကို ရှာဖွေနိုင်ခဲ့သူလည်း ဖြစ်ပါတယ်။
မနန်းထွေးအတွက် ကော်ဖီစိုက်ပျိုးတာဟာ ငွေရေးကြေရေး ချောင်လည်လာရုံမက ဂုဏ်သိက္ခာရှိတဲ့ အလုပ်တစ်ခု ဖြစ်တဲ့အပြင် ပိုကောင်းတဲ့ အနာဂတ်တစ်ခု ဖန်တီးဖို့ မျှော်လင့်ချက် ရောင်ခြည်လည်း သန်းလာခဲ့ပါတယ်။
ပြီးခဲ့တဲ့ နှစ်တွေတုန်းကဆို မနန်းထွေးဟာ တောင်သူတစ်ဦးအနေနဲ့ ရွေးချယ်စရာ များများစားစား မရှိခဲ့ဘူးလို့ ခံစားခဲ့ရပါတယ်။ ဘိန်းစိုက်ပျိုးခြင်းသာလျှင် စျေးကောင်းရပြီး ခိုင်မာတဲ့ စျေးကွက်ရှိလို့ အလားအလာရှိတဲ့ တစ်ခုတည်းသော ရွေးချယ်စရာ ဖြစ်ခဲ့ပါတယ်။ ဒါပေမဲ့ သူ့ရဲ့ လုံခြုံရေး၊ သဘာဝပတ်ဝန်းကျင်နဲ့ ရွာရဲ့ သာယာဝပြောမှုတို့အပေါ် ဘိန်းစိုက်ပျိုးမှုကနေ ရလာတဲ့ ထိခိုက်နစ်နာမှုတွေကြောင့် အပြစ်ရှိသလို သူမ ခံစားလာခဲ့ရပါတယ်။ ၂၀၁၄ ခုနှစ်တွင် ကုလသမဂ္ဂ မူးယစ်ဆေးဝါးနဲ့ ပြစ်မှုဆိုင်ရာရုံး (UNODC) မှ မိတ်ဆက်ပေးခဲ့တဲ့ အစားထိုး သီးနှံစိုက်ပျိုးရေး စီမံချက်ကြောင့် မနန်းထွေးတစ်ယောက် မျော်လင့်ချက်လေး ရှိလာခဲ့ပါတယ်။
ကော်ဖီဟာ တရား၀င်သီးနှံ ဖြစ်သလို နှစ်ရှည်ပင် ဖြစ်တဲ့အတွက် ဘိန်းစိုက်ပျိုးတဲ့ လောက ကနေ ထွက်ခွာဖို့ မနန်းထွေးတစ်ယောက် ခိုင်မာတဲ့ ဆုံးဖြတ်ချက် ချမှတ်ခဲ့ပါတယ်။ သူမနဲ့ သူ့မကလေးတွေအတွက် ပိုကောင်းမွန်တဲ့ အနာဂတ်တစ်ခုကို မှန်းမျှော်ရင်း ၂.၅ ဟတ်တာလောက်နီးပါးကျယ်တဲ့ မြေမှာ ကော်ဖီတွေ စတင် စိုက်ပျိုးခဲ့ပါတယ်။ ကော်ဖီကနေ ခိုင်မာတဲ့ ဝင်ငွေ ရရှိခဲ့သလို နောက်နှစ်တွေအထိ သူ့ရဲ့ မိသားစုကို အထောက်အပံ့ပြုနိုင်တဲ့ နှစ်ရှည် သီးပင်တစ်ခု ဖြစ်တယ်ဆိုတာကိုလည်း သက်သေပြခဲ့ပါတယ်။
မနန်းထွေးရဲ့ ကြိုးစားအားထုတ်မှု့ အသီးအပွင့် အနေဖြင့် ၂၀၂၂ ခုနှစ်တွင် သူမရဲ့ ကော်ဖီစိုက်ခင်းကနေ တင်ပို့ရောင်းချနိုင်မှုနဲ့ ဪဂဲနစ် အသီးအနှံဖြစ်ကြောင်း ထောက်ခံချက် စံနှုန်းတွေကို မှီတဲ့ ကော်ဖီအသီးပေါင်း ၄၈၀၀ ကီလိုဂရမ် ထွက်ရှိခဲ့ပါတယ်။ အံ့အားသင့်ဖွယ် ဒီအောင်မြင်မှုကြောင့် ဘဏ္ဍာရေးပိုင်း ပြေလည်လာရုံသာမက သူမမိသားစုရဲ့ အဓိကဝင်ငွေ ဖြစ်လာခဲ့ပါတယ်။ ကော်ဖီကရတဲ့ ၀င်ငွေက ဂျုံ၊ ပြောင်း တို့လို တခြား သီးနှံတွေထက် ပိုမို သာလွန်နေလို့ ကော်ဖီစိုက်ပျိုးတာကိုပဲ တစိုက်မတ်မတ် စိုက်ပျိုးဖို့ စိတ်ကူးထားတဲ့ မနန်းထွေးရဲ့ ဆုံးဖြတ်ချက်တွေကို ပိုမို ခိုင်မာစေခဲ့ပါတယ်။
“ကော်ဖီမစိုက်ခင်က ငွေရေးကြေးရေး အခက်အခဲများစွာနဲ့ ရင်ဆိုင်ခဲ့ရတယ်။ ဒုက္ခရောက်ချိန်တွေမှာ မိသားစုကို ထောက်ပံ့ဖို့နဲ့ ငွေရှာဖို့ ထိုင်းနိုင်ငံကို သွားခဲ့ရတယ်။ ဒါပေမဲ့ ကော်ဖီစိုက်ပျိုးတာကြောင့် ငွေကြေး ချောင်လည်လာသလို ရွာမှာပဲ အလုပ်လုပ်ပြီး မိသားစုနဲ့လည်း အတူတူ အိုးမကွာ အိမ်မကွာ အတူတူ ရှိနေနိုင်လို့ မိသားစုကိုလည်း လုံခြုံစိတ်ချစွာ ထောက်ပံ့နိုင်တယ်။ ဂရုစိုက်ပေးနိုင်ပါတယ်။ ဒါတွေဟာ ကော်ဖီစိုက်ပျိုးမှုတွေကနေ ရရှိလာတဲ့ သိသာထင်ရှားတဲ့ အကျိုးရလဒ်တွေပဲ” လို့ မနန်းထွေးက ပြောပါတယ်။
UNODC ရဲ့ ကနဦး စီမံကိန်းဟာ မနန်းထွေးတို့လို လယ်သမားတွေနဲ့တင် ရပ်တန့်မသွားပဲ ခိုင်မာတဲ့ ဝင်ငွေ ရရှိဖို့နဲ့ နိုင်ငံတကာစျေးကွက်တွေထိ လက်လှမ်းမီးနိုင်အောင် ကော်ဖီစိုက်ပျိုးတောင်သူတွေကို ထောက်ပံ့ဖို့အတွက် တောင်သူတွေကိုယ်တိုင်ပါ၀င်တဲ့ အသင်းအဖွဲ့ကို ဖွဲ့စည်းခဲ့ပါတယ်။ မနန်းထွေးကိုယ်တိုင်ကလည်း သူမရဲ့ ရွာက တခြား ကော်ဖီစိုက် တောင်သူတွေနဲ့အတူ အသင်းဝင်ခဲ့ပြီး ဂုဏ်ယူရတဲ့ အဖွဲ့ဝင်တစ်ယောက် ဖြစ်ခဲ့ပါတယ်။ သူတို့တွေရဲ့ စုပေါင်း အားထုတ်မှုကြောင့် ပြင်သစ်နိုင်ငံ အခြေစိုက် ကော်ဖီ ကုမ္ပဏီတစ်ခုနဲ့ ၅ နှစ် သဘောတူ စာချုပ်အထိ ရရှိခဲ့လို့ ကမ္ဘာတစ်ဝန်းက အခွင့်အရေးတွေကို လမ်းဖွင့်ပေးတဲ့ တံခါးပေါက်တွေ ဖြစ်လာခဲ့ပါတယ်။
ကော်ဖီစိုက်တောင်သူတစ်ယောက်အဖြစ် မနန်းထွေးရဲ့ ခရီးလမ်းဟာ ဘဏ္ဍာရေး အောင်မြင်မှု တစ်ခုတင် မကပါဘူး။ ကျေးရွာအဆင့် ကော်ဖီကြိတ်ခွဲရေး လုပ်ငန်းရပ်တွေမှာလည်း တက်တက်ကြွကြွ ပါဝင်ခဲ့ပါတယ်။ ပန်လင်းကျေးရွာမှာ ရှိတဲ့ ကော်ဖီကြိတ်ခွဲရေးအဖွဲ့ရဲ့ စုပေါင်းအားထုတ်မှုတွေကြောင့် ကျေးရွာပေါင်း ၄၈ ရွာမှာ သူမတို့ရွာဟာ ကော်ဖီအကောင်းဆုံး ထုတ်လုပ်နိုင်တဲ့ ကျေးရွာအဖြစ် ပထမဆုကို ရရှိခဲ့ပါတယ်။ အံ့မခန်း ဒီအောင်မြင်မှုကြောင့် မနန်းထွေးတစ်ယောက် အင်မတန် ဂုဏ်ယူရသလို ကျေးဇူးလည်း တင်ရပါတယ်။
မနန်းထွေး စိုက်တဲ့ ကော်ဖီရဲ့ အရည်အသွေးကောင်းမွန်မှုနဲ့ သူမရဲ့ ကြိုးပမ်းအားထုတ်မှုတွေရဲ့ ရလဒ်တစ်ခုအနေနဲ့ ပြင်သစ်နိုင်ငံမှာ ကျင်းပတဲ့ ကော်ဖီပြပွဲတစ်ခုကို တက်ရောက်ဖို့ မနန်းထွေး ရွေးချယ်ခံခဲ့ရပါတယ်။ ရုန်းကန်လှုပ်ရှားခဲ့ရတဲ့ တောင်သူတစ်ယောက်အဖြစ်ကနေ နိုင်ငံတကာစင်မြင့်ထက်မှာ ကျေးရွာကိုယ်စားပြု တောင်သူတစ်ယောက် ဖြစ်လာတဲ့ မနန်းထွေးရဲ့ ခရီးလမ်းဟာ ကော်ဖီစိုက်ခင်းကနေ သူမကို ပေးအပ်ခဲ့တဲ့ စွမ်းဆောင်ရည်နဲ့ ဂုဏ်သိက္ခာရှိမှုတို့ရဲ့ ပြယှဂ်တစ်ခုလည်း ဖြစ်ပါတယ်။
ကော်ဖီစိုက် တောင်သူ မနန်းထွေးရဲ့ ဖြစ်ရပ်ဟာ UNODC အဖွဲ့ရဲ့ အစားထိုးသီးနှံ ဖွံ့ဖြိုးရေးစီမံချက်ကြောင့် အပြောင်းအလဲကို ထင်ဟပ်စေတဲ့ သာဓကတစ်ခု ဖြစ်ပါတယ်။ ကော်ဖီ စိုက်ပျိုးတာကနေ ငွေကြေးခိုင်မာတောင့်တင်းလာရုံသာမက ဂုဏ်သိက္ခာ၊ ရည်မှန်းချက်နဲ့ စွမ်းဆောင်ရည်တို့ အသစ်တဖန် ပြန်လည်မွေးဖွားလာတာကို မနန်းထွေး တစ်ယောက် သိရှိခဲ့ပါတယ်။
မနန်းထွေးရဲ့ ဖြစ်ရပ်ဟာ လူတိုင်းမှာ ကိန်းအောင်းနေတဲ့ မဖော်ထုတ်ရသေးတဲ့ စွမ်းဆောင်ရည်ကို ဖော်ထုတ်ပြသနေတာ ဖြစ်လို့ တခြားတောင်သူတွေကိုလည်း ခွန်အားဖြစ်စေပါတယ်။ UNODC အနေနဲ့ လူမှုအသိုင်းအဝန်းတွေကို ဆက်လက် အားပေးကူညီထောက်ပံ့နေလို့ မနန်းထွေးရဲ့ အဖြစ်အပျက်လိုမျိုး ဖြစ်စဥ်တွေဟာ ကော်ဖီစိုက်တောင်သူတွေရဲ့ ဂုဏ်သိက္ခာနဲ့ သူတို့ရဲ့ လူမှုအသိုက်အဝန်းအပေါ် ကြီးမားတဲ့ သက်ရောက်မှုတွေ ဆက်လက်ပေါ်ထွန်းနေမှာ ဖြစ်ပါတယ်။
*ဤဆောင်းပါးကို UNODC ဝက်ဘ်ဆိုက်ဒ် တွင် မူရင်းရေးသားထုတ်ဝေထားပါသည်။