မိန့်ခွန်း
ကုလသမဂ္ဂအတွင်းရေးမှူးချုပ်၏ ကမ္ဘာ့လူကုန်ကူးမှုတိုက်ဖျက်ရေးနေ့သတင်းစကား
၂၀၂၄ ခုနှစ် ဇူလိုင်လ ၃၀ ရက်။
(အလွတ်သဘော ဘာသာပြန်ဆိုချက်)
“လူကုန်ကူးမှုတိုက်ဖျက်ရာမှာ ကလေးသူငယ် တစ်ဦးတစ်ယောက်မှ မကျန်ခဲ့စေရပါ”
လူကုန်ကူးမှုဟာ လူ့အဖွဲ့အစည်းတွေအတွင်းက ထိရှလွယ်ဆုံးသူတွေကို ပစ်မှတ်ထားတဲ့ အလွန်ဆိုးရွားတဲ့ ပြစ်မှုတစ်ခု ဖြစ်ပါတယ်။
ယနေ့ကျရောက်တဲ့ ကမ္ဘာ့လူကုန်ကူးမှုတိုက်ဖျက်ရေးနေ့မှာ ထိရှလွယ်ဆုံးသူတွေဖြစ်တဲ့ ကလေးသူငယ်တွေကို အဓိကထားလိုပါတယ်။
လူကုန်ကူးခံရသူတွေရဲ့ သုံးပုံတစ်ပုံဟာ ကလေးသူငယ်တွေဖြစ်ပြီး၊ အဓမ္မအလုပ်ခိုင်းစေခံရတာ၊ လက်ထပ်ထိမ်းမြားဖို့ ရောင်းစားခံရတာ၊ စစ်သားအဖြစ်စုဆောင်းခံရတာ၊ ဒါမှမဟုတ် ရာဇဝတ်မှုမကင်းတဲ့အလုပ်တွေလုပ်ဖို့ သိမ်းသွင်းခံရတာ၊ စတဲ့ စကားလုံးတွေနဲ့ပင်ဖော်ပြလို့မရနိုင်တဲ့ စက်ဆုတ်ရွံရှာဖွယ်ရာ အသုံးချ ခေါင်းပုံဖြတ်ခံနေရကြရပါတယ်။ တန်းတူညီမျှမှုမရှိမှုနဲ့ ဂလိုဘယ်လိုက်ဇေးရှင်းတွေ ပိုမို ကြီးမားလာတာက သမရိုးကျ တရားစီရင်ရေးမူဘောင်နဲ့ ကိုင်တွယ်လို့ မရတဲ့ ရှုပ်ထွေးတဲ့ လူကုန်ကူးမှု ကွန်ရက်တွေ ပိုမို ပေါ်ထွက်လာစေပြီး ကျေးကျွန်စနစ် ပုံစံအသစ်တွေ ဖြစ်ပေါ်လာပါတယ်။ အွန်လိုင်းပလက်ဖောင်းတွေဟာ ကလေးသူငယ်တွေကို လိင်ပိုင်းဆိုင်ရာ ခေါင်းပုံဖြတ်ခံရမှုနဲ့ ကျား-မ အခြေပြု အကြမ်းဖက်မှုတွေ ပိုမိုကြုံတွေ့စေနိုင်တဲ့အပြင် လူကုန်ကူးသူတွေကိုလည်း နယ်စပ်ဖြတ်ကျော်ပြီး လူကုန်ကူးခံရသူတွေအပေါ် ခေါင်းပုံဖြတ် အမြတ်ထုတ်နိုင်အောင် လမ်းဖွင့်ပေးထားပါတယ်။
အဆိုပါပြစ်မှုတွေကြောင့်ရတဲ့ ရုပ်ပိုင်းဆိုင်ရာနဲ့ စိတ်ပိုင်းဆိုင်ရာ ဒဏ်ရာတွေဟာ အရွယ်ရောက်တဲ့အထိတိုင်အောင် ထင်ကျန်နေတာဖြစ်လို့ ကလေးသူငယ်တွေဟာ သူတို့ရဲ့ ဖြူစင်မှု၊ အနာဂတ်တွေနဲ့ အခြေခံကျတဲ့ ရပိုင်ခွင့်တွေကို လုယူခံလိုက်ရတာဖြစ်ပါတယ်။ ကလေးသူငယ်တွေအတွက် တရားမျှတမှုဆိုင်ရာ ယန္တရားတွေအပြင် အသိပညာပေးမှုကို မြှင့်တင်ဆောင်ရွက်တာ၊ မိဘအုပ်ထိန်းသူမပါတဲ့ ကလေးသူငယ်တွေကို ရွေ့ပြောင်းရာမှာ ပံ့ပိုးကူညီတာတွေအပါအဝင် ကာကွယ်တားဆီးရေး တုံ့ပြန်ဆောင်ရွက်မှုတွေကို တိုးမြှင့်လုပ်ဆောင်ရပါမယ်။ ဒါ့အပြင် လူကုန်ကူးခံရမှုမှ လွတ်မြောက်လာသူတွေကို စောင့်ရှောက်ကူညီတာနဲ့ ထိရှလွယ်တဲ့မိသားစုတွေကို ကူညီပေးခြင်းဖြင့် ခေါင်းပုံဖြတ်အမြတ်ထုတ်မှုရဲ့ အခြေခံအကြောင်းအရင်းတွေကိုလည်း ကိုင်တွယ် ဖြေရှင်းရပါမယ်။
ဒါကြောင့် နည်းပညာ ကုမ္ပဏီတွေအပါအဝင် အစိုးရတွေ၊ အရပ်ဖက်လူမှုအဖွဲ့အစည်းနဲ့ ပုဂ္ဂလိက ကဏ္ဍတွေအနေနဲ့ သူတို့ရဲ့ ကြိုးပမ်းဆောင်ရွက်မှုတွေနဲ့ ပူးပေါင်းဆောင်ရွက်မှုတွေ အရှိန်မြှင့်လုပ်ဆောင်ဖို့ ကျွန်ုပ် တောင်းဆိုပါတယ်။ ဒါမှသာ ဘယ်ကလေးသူငယ်မှ လူကုန်ကူးမှုရဲ့သားကောင် ဖြစ်မလာနိုင်သလို လူကုန်ကူးသူ ဘယ်သူမှလည်း အပြစ်ပေးအရေးယူခံရမှုမှ မလွတ်မြောက်နိုင်မှာဖြစ်ပါတယ်။
ယနေ့ကျရောက်တဲ့ ကမ္ဘာ့လူကုန်ကူးမှုတိုက်ဖျက်ရေးနေ့မှာ ကလေးသူငယ်တိုင်း ဘေးကင်းလုံခြုံပြီး လွတ်လပ်မှုရှိတဲ့ အနာဂတ်အတွက် ထပ်မံ ကတိကဝတ်ပြုကြရအောင်ပါ။
မိန့်ခွန်းပြောသူ
အန်တိုနီယို ဂူတာရက်စ်
ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်
လုပ်ငန်းရပ်များဖြင့်ပံ့ပိုးပေးနေသော ပန်းတိုင်များ
ဤလုပ်ငန်းတွင်အဓိကပါဝင်နေသည့် ကုလသမဂ္ဂရုံးများ