မိန့်ခွန်း
ကုလသမဂ္ဂအတွင်းရေးမှူးချုပ်၏ ပဋိပက္ခအတွင်း လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှု ပပျောက်ရေး နိုင်ငံတကာနေ့ သတင်းစကား
၂၀၂၄ ခုနှစ် ဇွန်လ ၁၉ ရက်။
(အလွတ်သဘော ဘာသာပြန်ဆိုချက်)
ပဋိပက္ခနဲ့ဆက်နွယ်တဲ့ လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုဟာ စိတ်ဒဏ်ရာရစေတဲ့ တိုက်ခိုက်မှုနဲ့ ဖိနှိပ်ချုပ်ချယ်မှုဖြစ်ပြီး၊ အကြမ်းဖက်ခံရပြီး ရှင်သန်လွတ်မြောက်လာသူတွေရဲ့ ရုပ်ပိုင်းဆိုင်ရာ၊ လိင်ပိုင်းဆိုင်ရာ၊ မျိုးပွားမှုဆိုင်ရာနဲ့ စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးတွေအပေါ် ရေရှည် အန္တရာယ်ဖြစ်စေတဲ့ သက်ရောက်မှုတွေရှိတဲ့အပြင် ရပ်ရွာလူထုရဲ့ လူမှုဆက်ဆံရေးတွေကိုပါ ပျက်စီးစေပါတယ်။
အသိပညာပေးမှုနဲ့ ပြစ်တင်ရှုတ်ချမှုတွေကို ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်နေပေမဲ့လည်း အဲဒီ ဆိုးရွားတဲ့ ပြစ်မှုဟာ ကမ္ဘာတစ်ဝန်းမှာ ဆက်လက် ဖြစ်ပွားနေဆဲဖြစ်ပါတယ်။ ပြီးခဲ့တဲ့နှစ်အတွင်းမှာ ဆူဒန်ကနေ ဟေတီနဲ့ အစ္စရေးထိ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုတွေ ဆိုးဆိုးရွားရွား ဖြစ်ပွားခဲ့တဲ့ သတင်းတွေကို တွေ့ရပါတယ်။ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်ခံရပြီး ရှင်သန်လွတ်မြောက်လာသူတွေဟာ ပြန်လည်နလန်ထူနိုင်ဖို့ သူတို့ ဘဝတလျှောက်လုံး ကုစားနေကြရပေမယ့် ပြစ်မှုကျူးလွန်သူတွေကတော့ အပြစ်ပေးအရေးယူမခံရဘဲ မကြာခဏဆိုသလို လွတ်မြောက်နေပါတယ်။
ဒီနှစ် ပဋိပက္ခအတွင်း လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှု ပပျောက်ရေး နိုင်ငံတကာနေ့ဟာ ကျန်းမာရေးစောင့်ရှောက်မှုကို အဓိကထားပါတယ်။ ဒါကြောင့် ဆေးရုံတွေနဲ့ တခြား ကျန်းမာရေးစောင့်ရှောက်မှုဆိုင်ရာ အဆောက်အအုံတွေဟာ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်ခံရပြီး ရှင်သန်လွတ်မြောက်လာသူတွေအပါအဝင် ပဋိပက္ခကာလအတွင်း ထိခိုက်ခံစားရသူတွေအတွက် ဘေးကင်းလုံခြုံမှုနဲ့ ကုသမှုပေးတဲ့ နေရာတွေ ဖြစ်သင့်ပါတယ်။ ဒါတွေဟာ နိုင်ငံတကာ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ဥပဒေရဲ့ အခြေခံ သဘောတရားတွေလည်း ဖြစ်ပါတယ်။
ဒါပေမဲ့ ဆေးရုံတွေနဲ့ ကျန်းမာရေးစောင့်ရှောက်မှုဆိုင်ရာ အဆောက်အအုံတွေကို တိုက်ခိုက်တာတွေနဲ့၊ ကျန်းမာရေးဝန်ထမ်းတွေကို ပစ်မှတ်ထားတိုက်ခိုက်တာတွေကြောင့် ရှင်သန်လွတ်မြောက်လာသူတွေအတွက် ဆေးကုသမှုနဲ့ လူမှုစိတ်ပိုင်းဆိုင်ရာ ပံ့ပိုးကူညီမှုတွေမှာ ကြီးမားတဲ့ အဟန့်အတားတွေ ဖြစ်စေပါတယ်။ လိင်ပိုင်းဆိုင်ရာအကြမ်းဖက်ခံရတဲ့ အမျိုးသမီးတွေနဲ့ မိန်းကလေးငယ်တွေဟာ အဓမ္မပြုကျင့်မှုကြောင့် ကိုယ်ဝန်ရလာကြပြီး၊ လိင်ပိုင်းဆိုင်ရာနဲ့ မျိုးဆက်ပွား ကျန်းမာရေးစောင့်ရှောက်မှု ချက်ချင်း လိုအပ်ပါတယ်။ သင့်တော်တဲ့ စောင့်ရှောက်မှုတွေကို သူတို့ မရရှိနိုင်ဘူးဆိုရင် အမျိုးသားတွေနဲ့ ယောက်ျားလေးတွေ သီးသန့်နေထိုင်ရမှု တိုးမြင့်လာနိုင်ခြေရှိပါတယ်။
ဒါကြောင့် ဒီကနေ့ ကျရောက်တဲ့ ပဋိပက္ခအတွင်း လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှု ပပျောက်ရေး နိုင်ငံတကာနေ့မှာ ဒီအန္တရာယ်ကို အဆုံးသတ်ဖို့၊ ရှင်သန်လွတ်မြောက်လာသူတွေနဲ့အတူ တစုတစည်းတည်းရပ်တည်ဖို့ ကတိပြုကြရအောင်ပါ။ ပဋိပက္ခကာလအတွင်း ဆေးရုံတွေနဲ့ ကျန်းမာရေးစောင့်ရှောက်မှုဆိုင်ရာ အဆောက်အအုံတွေကို အကာအကွယ်ပေးကြဖို့ ကတိကဝတ်ကိုလည်း ထပ်မံအတည်ပြုကြရအောင်ပါ။
မိန့်ခွန်းပြောသူ
အန်တိုနီယို ဂူတာရက်စ်
ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်
လုပ်ငန်းရပ်များဖြင့်ပံ့ပိုးပေးနေသော ပန်းတိုင်များ
ဤလုပ်ငန်းတွင်အဓိကပါဝင်နေသည့် ကုလသမဂ္ဂရုံးများ